
မိုးညှင်း နိုဝင်ဘာ ၅
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးမြို့၌ ရှေးဟောင်းသမိုင်းဝင် တန်ခိုးကြီးဘုရားဖြစ်သည့် ရွှေမဉ္ဇူ(အင်းတော်ကြီး) ရေလယ်စေတီတော်မြတ် အား ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ ဘုရားဖူး ပြည်သူများ နေ့စဉ်လာရောက်ဖူးမြော် ကြည်ညိုသူ များပြားလျက်ရှိသည်။
မိုးညှင်းမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကြောင့် ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ခြင်း နည်းပါးခဲ့သော်လည်း ယခုနှစ်တွင် ပွင့်လင်း ရာသီရောက်ရှိလာသည်နှင့်အမျှ ကိုဗစ်- ၁၉ ရောဂါ သိသာစွာ လျော့နည်းကျဆင်းလာသဖြင့် ဘုရားဖူး ပြည်သူများ စိတ်နှလုံး အေးချမ်းသာယာစွာ လာရောက် ဖူးမြော်ကြည်ညိုလျက်ရှိသည်။
အင်းတော်ကြီးဒေသခံ စျေးရောင်းပြည်သူ မမေ သင်္ကြန်က “ပွင့်လင်းရာသီ ရောက်ရှိလာတဲ့အတွက် မနှစ်ကထက်စာရင် ဒီနှစ်က နည်းနည်းပိုလို့ ဘုရားဖူးလာကြတာ များလာပါတယ်။ ကိုဗစ်- ၁၉ ရောဂါ ဖြစ်ပွားတဲ့ကာလက ဘုရားဖူးလာတဲ့ ပြည်သူ တွေ နည်းပါးခဲ့တယ်။ အခုနှစ်မှာ ကိုဗစ်− ၁၉ ရောဂါ သိသာစွာ လျော့နည်းကျဆင်းလာပြီး ဘုရားဖူး လာရောက်သူများ များပြားလာတယ်။ ကျွန်မအနေနဲ့ ဘုရားဖူးလာမယ့် ပြည်သူတွေကို ပြောချင်တာက အင်းတော်ကြီးဘုရား မရောက်ဖူးသေးတဲ့ ပြည်သူ တွေကို လာရောက်ဖူးမြော်စေချင်ပါတယ်။ အင်းတော် ကြီးဘုရားဟာ တန်ခိုးကြီးဘုရားဖြစ်သလို သမိုင်း ရာဇဝင်အနေနဲ့ ခံ့ထည်စွာတည်ရှိနေတဲ့ ဘုရား ဖြစ်တဲ့အတွက် လာရောက်ဖူးမြော်ကြဖို့ တိုက်တွန်း ပါတယ်”ဟု ပြောသည်။
အင်းတော်ကြီးသည် မြန်မာနိုင်ငံ၏ အလှဆုံးနှင့် အကြီးဆုံးရေချိုအိုင်ကြီး တစ်အိုင်ဖြစ်ကာ အင်းကြီး အတွင်း ငှက်မျိုးစုံများ၊ ကမ္ဘာအရပ်ရပ်မှ ရာသီ အလိုက် အုပ်စုဖွဲ့၍ ဝင်ရောက်လာကြသော ငှက်များ နှင့် ဆောင်းခိုရေပျော်ငှက်များ ကျက်စားပျော်မြူးကြပြီး တောင်တန်းများဖြင့် ဝိုင်းရံလျက်ရှိသော အလျား ၁၆ မိုင်နှင့် အနံ ၈ မိုင် ရှိသည့် “မြေကျွံအင်း” အမျိုးအစားဖြစ်ကာ ပင်လယ်ရေမျက်နှာပြင် အထက် အမြင့်ပေ ၆၅၀ တွင် တည်ရှိသည်။
အင်းတော်ကြီးကန်နှင့် ပတ်ဝန်းကျင်ရှိ ကြိုးဝိုင်း ငါးခုကို အင်းတော်ကြီးတောရိုင်းတိရစ္ဆာန် ဘေးမဲ့ တောအဖြစ် ၂၀၀၄ ခုနှစ်တွင် သတ်မှတ်ဖွဲ့စည်းခဲ့သည်။ နိုင်ငံတကာအသိအမှတ်ပြုအဖြစ် ၂၀၀၃ ခုနှစ်တွင် အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ်လည်းကောင်း၊ ၂၀၁၆ ခုနှစ်တွင် ရမ်ဆာ ရေဝပ်ဒေသအဖြစ် လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် လူသားနှင့် ဇီဝ အဝန်းနယ်မြေအဖြစ်လည်းကောင်း သတ်မှတ် ခံခဲ့ရသော အင်းကြီးလည်းဖြစ်သည်။
ဇွဲသူရအောင်(ပြန်/ဆက်)