မိုးညှင်း ရွှေမဉ္ဇူ(အင်းတော်ကြီး)ရေလယ်ဘုရား (၁၅၄) ကြိမ်မြောက် ဗုဒ္ဓါဘိသေကမင်္ဂလာနှင့် ဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲ ကျင်းပမည်

 

မိုးညှင်း  ဖေဖော်ဝါရီ    ၂၅


ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသရှိ သမိုင်းဝင်တန်ခိုးကြီးဘုရားဖြစ်သည့်      ရွှေမဉ္ဇူ(အင်းတော်ကြီး)ရေလယ်ဘုရားသည် (၁၅၄) ကြိမ်မြောက် ဗုဒ္ဓါဘိသေက မင်္ဂလာအခမ်း အနားနှင့် ဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲကို တပေါင်းလပြည့်နေ့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 

 


အဆိုပါ ဘုရားပွဲတော်ကို ယခုနှစ်တွင် ဇာတ်သဘင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်းမရှိသော်လည်း နှစ်စဉ်ရိုးရာ အစဉ်အလာမပျက်  ဗုဒ္ဓါဘိသေကမင်္ဂလာအခမ်းအနားနှင့် ဆွမ်းတော် ကြီး ကပ်လှူပူဇော်ပွဲကို တပေါင်းလပြည့်နေ့တွင် ကျင်းပလေ့ရှိပြီး ပူဇော်ပွဲဖွင့်ပွဲ၊ ပိတ်ပွဲနှင့် အောင်ပွဲကျင်းပရာတွင် ဘုရားအမှူးရှိသော ဆရာတော်ကြီးများအပါအဝင်   သံဃာတော်အရှင်သူမြတ်တို့အား အင်းတော်ကြီးအိုင်ပတ်လည်အတွင်းရှိ ကျေးရွာအုပ်စု  ၁၄ စု၊ ကျေးရွာ ပေါင်း  ၄၆ ရွာမှ ကျေးရွာသူ ကျေးရွာသားများ၊ ရှမ်းနီတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့မှ မောင်မယ်များ၊ အလှူရှင်များနှင့် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးပြည်သူများက ဆွမ်း၊ ဆွမ်းဆန်နှင့်တကွ လှူဖွယ် ဝတ္ထုအစုစုတို့ကို လှူဒါန်းလျက်ရှိကြောင်း သိရသည်။ 

 


ထို့နောက် (၁၅၄) ကြိမ်မြောက် ဗုဒ္ဓါဘိသေကမင်္ဂလာအခမ်းအနား နှင့် ဆွမ်းတော်ကြီး ကပ်လှူပူဇော်ပွဲဖွင့်ပွဲတွင် (၂၁)ကြိမ်မြောက် မဟာပဋ္ဌာန်းပူဇော်ပွဲကို ဖေဖော်ဝါရီ  ၂၆ ရက် (တပေါင်းလဆန်း ၈ ရက်)မှစတင်၍ ပဋ္ဌာန်းပူဇော်ပွဲနှင့် နံနက် ၈ နာရီတွင် ဘုရားအနေကဇာ တင်ခြင်း အခမ်းအနားကို ကျင်းပသွားမည်ဖြစ်ပြီး ပိတ်ပွဲနှင့် အောင်ပွဲ ကို မတ်  ၅  ရက်  (တပေါင်းလပြည့်နေ့)တွင်  ကျင်းပမည်ဖြစ်ကြောင်း မြို့နယ်သာသနာရေးမှူး ဦးအောင်သူဖြိုးထံမှ သိရသည်။

ရွှေမိုးညှင်း