
မြိုင် အောက်တိုဘာ ၂၈
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်တွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်း သား ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေး လျက်ရှိရာ အောက်တိုဘာ ၂၅ ရက်အထိ ကျောင်းသား ကျောင်းသူပေါင်း ၂၄၂၂ ဦးထိုးနှံပြီးစီးကြောင်း သိရသည်။
ကာကွယ်ဆေးများကို မြို့မဇုန်၊ ကိုင်းတောမဇုန်၊ ဗဟင်းဇုန်နှင့် လက်ယက်မဇုန်ဟူ၍ ဇုန်လေးခုခွဲကာ ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး အထက်တန်း ဆင့်ကျောင်းသား ကျောင်းသူပေါင်း ၇၇၈ ဦးနှင့် အလယ်တန်းဆင့် ကျောင်းသား ကျောင်းသူပေါင်း ၁၆၄၄ ဦး စုစုပေါင်း ကျောင်းသား ကျောင်းသူ ၂၄၂၂ ဦးအား ထိုးနှံပြီး ဖြစ်သည်။
ကျောင်းသား ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ ဝန်ထမ်းများ၊ ကျန်းမာ ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ကျောင်းသားမိဘများ ပူးပေါင်းဆောင်ရွက် ခဲ့ခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် ကျောင်းသား ကျောင်းသူ ၁၃၉၆ ဦးအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးမည်ဖြစ်သည်။
ဖြိုးမွန်ကျော်