
ကျိုင်းတုံ အောက်တိုဘာ ၁၁
ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်းရှိ လမ်း ပေါင်း ၃၀ ထဲမှ မိတ္ထီလာ - တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်လမ်းသည် နိုင်ငံတကာ ဆက်သွယ်ရေးနှင့် အာရှအာဆီယံလမ်းမကြီး (AH) ၊ National Highway (NH.27) ဖြစ်သည်။ မိုင်အားဖြင့် ၁၁၃/၃ မိုင်ရှိပြီး ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ် အရှေ့ပိုင်း လမ်းဦးစီးဌာနတို့၏ ကြီးကြပ်မှုဖြင့် လမ်းအထူး အဖွဲ့(၃)မှ (၉၉/၇)မိုင် ၊ ကျိုင်းတုံခရိုင်လမ်းဦးစီး ဌာနမှ (၁၁/၃) မိုင် တာဝန်ယူဆောင်ရွက် လျက်ရှိသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လမ်း အထူးအဖွဲ့(၃)နှင့် ကျိုင်းတုံခရိုင် လမ်းဦးစီးဌာန တို့က ၂၃ ပေအကျယ်အား (Ac) လမ်းခင်းခြင်း လုပ်ငန်းကို (၁/၁ ဒသမ ၂) မိုင်၊ ၁၈ ပေ ကတ္တရာ လမ်းချဲ့ခြင်း (၂/၅ ဒသမ ၂) မိုင်၊ သတ်မှတ် တာပေါင်အကျယ်မီစေရန် ကျောက်တောင်၊ ကျောက်ဆွေးတောင်၊ မြေတောင်များချဲ့ခြင်း (၄ /၆ ဒသမ ၃) မိုင်အပါအဝင် လုပ်ငန်းအမျိုး အစားရှစ်ခုကို ခွင့်ပြုရန်ပုံငွေ ၄ ဒသမ ၅ ဘီလီယံ အကုန်အကျခံ၍ ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းအား လမ်းဦးစီးဌာနမှ ရေးဆွဲထားသော နှစ်ရှည်စီမံကိန်း (Master Plan) အရ ၂၃ ပေအကျယ် ကွန်ကရစ် ကတ္တရာ လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ရန် ရည်မှန်းထားကြောင်း သိရသည်။
ခရမ်းစိုးမြင့်