ဘိုကလေး ဇူလိုင် ၇
ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်ရှိ မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၌ လူတို့၏ အလွန်အကျွံ စည်းကမ်းမဲ့ ထင်းခုတ်ယူမှုနှင့် နာဂစ်မုန်တိုင်းကဲ့သို့သော သဘာဝဘေးမုန်တိုင်းဒဏ် များကြောင့် ဒီရေတောများ ပျက်စီးဆုံးရှုံးလာခဲ့ရာ ဒီရေတောများ ပြန်လည်ဖြည့်တင်းစိုက်ပျိုးနိုင်ရန် ဘိုကလေးမြို့နယ်အခြေစိုက် မြင့်မြတ်သူတို့နှလုံး သား လူမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ရှားပါးပျိုးပင်များနှင့် ဒီရေတောပျိုးပင်များကို မိန်းမလှကျွန်းဘေးမဲ့တော၌ ဖြည့်တင်းစိုက်ပျိုးရန် အဆိုပါ ဘေးမဲ့တောပတ်ဝန်းကျင်ရှိ စက်ဆန်း၊ ထော်ပိုင်၊ ဆတ်ကျွန်း၊ ချောင်းဗြဲကြီး ကျေးရွာအုပ်စု လေးအုပ်စု၌ ပျိုးထောင်ခြင်းလုပ်ငန်းများ စတင် ဆောင်ရွက်လျက်ရှိပြီး အဆိုပါ ပျိုးထောင်ခြင်း၊ စိုက်ပျိုးခြင်းလုပ်ငန်းစဉ်များကို ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်သဖြင့် ဒေသခံများ အတွက်လည်း ဝင်ငွေရရှိစေမည့် အလုပ်အကိုင်အခွင့် အလမ်းများ ရရှိလာတော့မည်ဖြစ်ကြောင်း မြင့်မြတ် သူတို့နှလုံးသား လူမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မျိုးထံမှ သိရသည်။
ယခု မိန်းမလှကျွန်းပေါ်၌ ဆောင်ရွက်မည့် ဒီရေတောများ ပြန်လည်ဖြည့်တင်းစိုက်ပျိုးခြင်း စီမံကိန်းသည် ဒီရေတောများ ပြန်လည်ထူထောင် စိုက်ပျိုးရုံသာမက အပင်ပေါက်ရောက်မှု ပိုမိုများပြား သိပ်သည်းလာစေရန်၊ မျိုးသုဉ်းပျောက်ကွယ်တော့ မည့် ဒီရေတောမျိုးစိတ်များ အပါအဝင် ဇီဝမျိုးစုံ မျိုးကွဲများ ပိုမိုစုံလင်လာစေရန်နှင့် ဒီရေတော ဂေဟစနစ်ကို ပိုမိုကျန်းမာသန်စွမ်းလာစေရန်လည်း ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက် ရာတွင် မိန်းမလှကျွန်း ပတ်ဝန်းကျင်ရှိ ဒီရေတောကို မှီခိုအားထားနေရသည့် ဒေသခံများနှင့်အတူ ဆောင်ရွက်မည်ဖြစ်သဖြင့် ဒေသခံများအတွက် ဝင်ငွေအခွင့်အလမ်းများရရှိကာ ၎င်းတို့၏ စားဝတ် နေရေးကို အထောက်အကူပြုမည့်အပြင် ၎င်းတို့ ပါဝင်စိုက်ပျိုးထိန်းသိမ်းမှုများကြောင့် ကောင်းမွန် လာမည့် ဒီရေတောဂေဟစနစ်က စိုက်ပျိုးရေး သီးနှံနှင့် သား၊ ငါး၊ ပုစွန်များ ရေရှည်ရရှိစေမည် ဖြစ်ကြောင်း သိရသည်။
မိန်းမလှကျွန်းဘေးမဲ့တောကို ၁၉၉၃ ခုနှစ်တွင် ဘေးမဲ့တောအဖြစ် သစ်တောရေးရာဝန်ကြီးဌာနက သတ်မှတ်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ်လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် ရမ်ဆာရေဝပ်ဒေသအဖြစ်လည်းကောင်း သတ်မှတ် ခံခဲ့ရသည်။
မိုးစက်(ဘိုကလေး)



