မိန်းကလေးများကို တရုတ်နိုင်ငံသို့  ပို့ဆောင်ရောင်းစားခဲ့သူအား  လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်


 

နေပြည်တော်  ဒီဇင်ဘာ  ၁၄
မိန်းကလေးများကို  တရုတ်နိုင်ငံသို့  ပို့ဆောင်ရောင်းစားခဲ့သူအား လူကုန်ကူးမှုဖြင့်  အလုပ်နှင့်ထောင်ဒဏ်   နှစ် (၂၀) ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်  ရန်ကြီးအောင်ကျေးရွာနေ ဒေါ်သန်းသန်းမြင့်၊  ဦးသန့်ဇင် (တိမ်းရှောင်)၊   ဝေယံဦး   (တိမ်းရှောင်)နှင့် စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် လက်ပံတော ကျေးရွာ နေ    အောင်မိုးကျော် (မိ)တို့က   ရန်ကုန်တိုင်းဒေသကြီး တွံတေး မြို့နယ်နေ   မ ...  (၁၉ နှစ်)၊ မ ...  (၁၇ နှစ်)နှင့်  မ ...(၁၉ နှစ်)  တို့ကို       တရုတ်နိုင်ငံ ရွှေလီမြို့ရှိ  အကင်ဆိုင်တွင် အလုပ်လုပ်ကိုင်ပါက စရိတ်ငြိမ်း   တစ်လလျှင် ငွေကျပ်သုံးသိန်းရရှိမည်ဟု ပြောဆိုစည်းရုံး ပြီး    တရုတ်အမျိုးသားထံ   ပို့ဆောင်ရောင်းစားခဲ့သဖြင့်  တွံတေးမြို့မ ရဲစခန်း(ပ) ၉၄၈/ ၂၀၁၈၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ ပုဒ်မ ၂၈(က) ဖြင့် အမှုရေးဖွင့်ခဲ့ပြီး  တောင်ပိုင်းခရိုင်    တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ  ဒီဇင်ဘာ ၁၀ ရက်တွင်  တရားခံ အောင်မိုးကျော် ကို  လူကုန်ကူးမှု   တားဆီးကာကွယ်ရေး  ဥပဒေပုဒ်မ ၂၈(က) အရ အလုပ်နှင့် ထောင်ဒဏ် နှစ် (၂၀) ကျခံစေရန်နှင့် တိမ်းရှောင် တရားခံ များကို တရားခံပြေး ကြေညာခဲ့ကြောင်း သိရသည်။                      သတင်းစဉ်