
တွေ့ဆုံမေးမြန်း-ထိပ်ထားနိုင်
ဆရာများသည် သီလ၊ သမာဓိ၊ ပညာ၊ သိက္ခာနှင့် ပြည့်စုံပြီး နိုင်ငံ့ဝန်ထမ်း အဓိဋ္ဌာန် ၆ ချက်၊ ဆရာများ သစ္စာအဓိဋ္ဌာန် ၆ ချက်၊ ဆရာမြတ်အင်္ဂါ ၈ ပါး၊ မြတ်ဆရာခံယူချက် ၅ ချက်၊ ဆရာဂုဏ်အင်္ဂါ ၂၅ ပါး၊ ဆရာ့ကျင့်ဝတ် ၅ ပါး၊ စေတနာ၊ ဝါသနာ၊ အကြင်နာ၊ သနား၊ ကရုဏာ၊ အနစ်နာ၊ စံနမူနာဆိုသည့် နာ(၇)နာ ဖြင့် ပြည့်စုံကြသည်။ ယင်းကဲ့သို့ ဂုဏ်ကျေးဇူးကြီးမားသည့် ဆရာ၊ ဆရာမများကို ဂုဏ်ပြုသည့် အနေဖြင့် အငြိမ်းစားပင်စင်ယူထားသည့် ကျောင်းအုပ်ဆရာကြီး၊ ကျောင်းအုပ်ဆရာမကြီးများ၏ ဘဝအတွေ့အကြုံများ၊ ယခုခေတ်နှင့် ယခင်ခေတ် ဆရာနှင့် တပည့် ဆက်ဆံရေးပြောင်းလဲလာမှုအပေါ် အမြင်များ၊ ကမ္ဘာ့ဆရာများ နေ့နှင့် ပတ်သက်ပြီး ဆရာကြီး၊ ဆရာမကြီးများ၏ ပီတိစကားသံများကို ယခုလို တွေ့ဆုံမေးမြန်းထားမှုကို ဖော်ပြလိုက်ပါသည်။
နိုင်ငံခြားဘာသာ တက္ကသိုလ် (မန္တလေး)
ပါမောက္ခချုပ် ( ငြိမ်း ) ဆရာကြီး ဦးပိုမြင့်
မေး ။ ။ ယခုခေတ် ဆရာတပည့် ဆက်ဆံရေးနဲ့
အရင်ခေတ် ဆရာတပည့် ဆက်ဆံရေးတွေ အပေါ် ဆရာ့အမြင်လေးပြောပေးပါရှင့် ။
ဖြေ ။ ။ အရင်ခေတ်ကတော့ လူဦးရေကလည်း
နည်းတယ်ဆိုတော့ ဆရာနဲ့ တပည့် ဆက်ဆံရေးမှာ လူနည်းတဲ့အတွက် ရင်းနှီးကြတယ်။ ကျွန်တော်တို့ ဆရာဖြစ်တဲ့ ခေတ်ကျတော့လည်း တပည့်က အလွန်မများသေးတော့ တပည့်တွေနဲ့ ရင်းနှီးမှုက အဆင်ပြေခဲ့ပါတယ်။ အခုနောက်ပိုင်း ခေတ်တွေကျတော့ ကျောင်းသူ ကျောင်းသား အရေ အတွက်ကလည်း များလာတယ်။ ဆရာ၊ ဆရာမ အရေအတွက်ကလည်း များလာတယ်။ ပညာရေး အနေအထားအနေနဲ့ကလည်း ပညာရပ်အနေနဲ့က အမှတ်များများရမှ လိုင်းကောင်းဝင်မယ်ဆိုတဲ့ အနေ အထားလေးတွေ ရှိလာတဲ့အခါကျ ရိုးရိုးဆရာတွေ သင်တာ အားမရလို့ ပြင်ပကနေ သင်တန်းလေးတွေ သင်ကြတယ်ဆိုတော့ ဆရာနဲ့တပည့် အတန်းထဲမှာ သင်တဲ့ ရင်းနှီးမှုလေး အားနည်းလာတဲ့ သဘောပေါ့။ သို့သော်လည်း အပြင်က သင်တဲ့ဆရာကလည်း ဆရာပဲ ဖြစ်တဲ့အတွက်ကြောင့် သူတို့ကို အကျိုးရှိ အောင် သင်ပေးတဲ့ ဆရာဆိုရင်တော့ တကယ် ကြည်ညိုလေးစားပြီးတော့ လိုက်နာကြတဲ့ အနေ အထားဖြစ်ပါတယ်။ များသောအားဖြင့် ရှေးတုန်းက ဆရာတပည့်ဆက်ဆံရေးက သိပ်ကိုကောင်းတယ်။ ရင်းနှီးတယ်၊ လေးစားတယ်လို့ ထင်ကြပြီး အခု နောက်ပိုင်းကျတော့ ဆရာတွေကို သိပ်ပြီး အသိ အမှတ်မပြုဘူးဆိုပြီး ပြောနေကြတဲ့အပိုင်းကတော့ ခေတ်အပေါ်မှာပဲ ကျွန်တော်မြင်ပါတယ်။
မေး ။ ။ ဆရာ့အနေနဲ့ လူငယ်လေးတွေကို
ဘာများ အမှာစကားပါးချင်ပါသလဲရှင့်။
ဖြေ ။ ။ ကျောင်းသူ ကျောင်းသားများအနေနဲ့
လည်း ကိုယ်တိုင်က အခုတပည့်အနေနဲ့ ပညာသင်ကြားနေတယ်။ တစ်ချိန်မှာ ဘယ်လိုအလုပ် ပဲလုပ်လုပ် ဆရာတွေ ဖြစ်ကိုဖြစ်လာမှာ လူတိုင်းက တကယ်ကျ ကိုယ့်လောက်မသိတဲ့သူကို သင်ကြား လိုက်ရင် ကိုယ်ကဆရာပဲ။ လူတိုင်းက တပည့် ဖြစ်သလို လူတိုင်းက ဆရာဖြစ်နိုင်တယ်။ အဲဒီတော့ ဆရာဆိုတဲ့ လူတန်းစားက သီးခြားအနေနဲ့ ရှိနေတာ မဟုတ်ဘူး။ ပညာတစ်ရပ်ရပ်ကို သင်ပေးနေရင် အဲဒါက ဆရာပဲ။ ဆရာ့မှာလည်း ဆရာ့ရဲ့ ဂုဏ်ဆိုတာ ရှိပါတယ်။ အဲဒီတော့ ဆရာတွေရဲ့ ဂုဏ်တွေကို ပြန်ကြည့်လိုက်ရင် မကောင်းမြစ်တားဆိုတာ ဆရာ တွေက ကိုယ့်တပည့်တွေကို မကောင်းတာမှန်သမျှကို တားမြစ်တယ်။ ကောင်းရာညွှန်လတ်ဆိုတော့ ကောင်းတာကိုလည်း ညွှန်ကြားပေးကြတာပါ။ အတတ်သင်စေဆိုတော့ အဲဒါက ဆရာတွေ သင်ကြား ပေးကြရတာပါ။ ပေးဝေနှီးရင်းဆိုတော့ ဆရာတွေက ဝင်ငွေအနေနဲ့ပေးမှ အရင်းနှီးပေးတာ မဟုတ်ဘူး။ လုပ်ငန်းတစ်ခုလုပ်နိုင်အောင် သင်ကြားပေးတဲ့ ပညာကလည်း သူ့ရဲ့ ဘဝရဲ့ အကြီးမားဆုံးအရင်းနှီး ဆိုတော့ ပေးဝေနှီးရင်းပေါ့။ တချို့ကပြောမှာပေါ့။ ဆရာတွေက ထိမ်းမြားခြင်းမပါဘူးဆိုတော့ ဆရာ၊ ဆရာမတွေ အောင်သွယ်ပေးလိုက်လို့ လက်ထပ် ထိမ်းမြားသွားတဲ့ တပည့်တွေလည်း အများကြီးပဲ။ ဒါတင်မကဘူး။ တပည့်တွေ တစ်ယောက်နဲ့ တစ်ယောက် လက်ထပ်ကြပြီဆိုရင် ဆရာတွေက မပါမဖြစ် သူတို့ဝိုင်းပြီး စေ့စပ်ပေးကြတယ်ဆိုတဲ့ အပိုင်းပါလိုက်တော့ ဆရာတွေကလည်း မိဘတွေရဲ့ ဂုဏ်ရှိနေတဲ့အတွက်ကြောင့် ဆရာဟာလည်း မိဘနဲ့ တစ်ဂိုဏ်းတည်းထားတယ်။
ဆရာ ဆရာမတွေရဲ့ ကျေးဇူးကို သိတတ်တာ တွေက ကျွန်တော်တို့ကို ပြန်ပြီးအကျိုးပေးတယ်။ ကျွန်တော်တို့ မိဘဆွေမျိုးဘိုးဘွားက မချမ်းသာခဲ့ ပေမယ့် ကျွန်တော်တို့ အခုနေရထိုင်ရတာက ကျွန်တော်တို့ ဒီခေတ်ကာလမှာ သူများတွေအနေနဲ့ ရှားပါးတယ်ဆိုပေမယ့် ကျွန်တော်တို့အနေနဲ့က ချမ်းသာတာမဟုတ်ပေမယ့် မရှားပါဘူး။ သဘော ကတော့ ကျွန်တော်တို့ ဆရာတွေအပေါ်မှာ သိတတ် တဲ့အတွက် အကျိုးပေးတယ်လို့ ယုံကြည်ပါတယ်။ အဲဒီလို ယုံကြည်ချက်က သိပ်ကိုအရေးကြီးပါတယ်။ မိမိတို့ ဆရာသမားတွေရဲ့ ဂုဏ်ကျေးဇူးကို အလေး နက်ထားပြီးတော့ ကျေးဇူးဆပ်ကြပါ။ မြတ်စွာ ဘုရား ဟောကြားတဲ့အထဲမှာ ကျေးဇူးသိတာကိုက မင်္ဂလာ သိတယ်ဆိုရင် သိပြီးတတ်နိုင်သလောက် ကျေးဇူးကိုဆပ်တာက မင်္ဂလာရှိတဲ့အတွက် မင်္ဂလာရှိတဲ့လုပ်ငန်းကို ဆပ်နိုင်သမျှ ဆပ်ပေးကြပါ လို့ ကျွန်တော့်အနေနဲ့ မှာကြားလိုပါတယ်။
မန္တလေးပညာရေးကောလိပ်
ဒုတိယကျောင်းအုပ်(ငြိမ်း) ဆရာမကြီး ဒေါ်အေးရွှေ
မေး ။ ။ ဆရာမရဲ့ ဘဝအတွေ့အကြုံလေး
ပြောပေးပါဦးရှင့်။
ဖြေ ။ ။ ဆရာမအနေနဲ့ကတော့ ၁၉၆၄ ခုနှစ်က
စ၍ အထက်တန်းပြအဖြစ် စတင်တာဝန် ထမ်းဆောင်ခဲ့ပြီး အနှစ် ၄၀ ကြာ ပညာရေးဌာနမှာ ကထိကအထက်တန်းကျောင်းအုပ်၊ ဆရာအတတ် သင် ကျောင်းအုပ်၊ အဲဒီကနေ ပညာရေးကောလိပ်မှာ ဒုတိယကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ တပည့်ပေါင်းများစွာကို ပြုစုပျိုးထောင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ကမ္ဘာ့ဆရာများနေ့မှာ ပညာရေးဝန်ကြီး ဌာနရဲ့ ဂုဏ်ထူးဆောင် ပုဂ္ဂိုလ်အဖြစ် ဂုဏ်ပြု မှတ်တမ်းတင်ခြင်းကိုလည်း ခံခဲ့ရပါတယ်။
မေး ။ ။ ကမ္ဘာ့ဆရာများနေ့နဲ့ ပတ်သက်ပြီး
အမှတ်တရစကားလေး ပြောပေးပါဦးရှင့်။
ဖြေ ။ ။ ကမ္ဘာ့ဆရာတွေထဲမှာပါတဲ့ မြန်မာ့ဆရာ
တွေကို ဘုရားနဲ့ တစ်ဂိုဏ်းတည်းထားပြီး မြန်မာ့လူဘောင်အဖွဲ့အစည်းက သတ်မှတ်တန်ဖိုး ထားခံရခြင်းက ကမ္ဘာ့ဆရာတွေနဲ့မတူတဲ့ မြန်မာ့ ဆရာတွေရဲ့ ထူးခြားတဲ့ ဝိသေသ လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း သူ့နည်းသူ့ဟန်နဲ့ ဆရာ၊ ဆရာမတွေကို အလေးထားကာ နေရာတွေ သတ်မှတ်ပေးတာတွေ တွေ့ရပေမယ့် ဘယ်နိုင်ငံကမှ မြန်မာနိုင်ငံကို မမီနိုင်ဘူးလို့ ပြောနိုင်ပါတယ်လို့ အခြေခံပညာညွှန်ကြားရေးမှူးချုပ် အငြိမ်းစား ဆရာကြီး ဒေါက်တာ ဦးသန်းဦးက ပြောကြားဖူးခဲ့ တာကို မှတ်သားခဲ့ဖူးပါတယ်။ ဆရာ၊ ဆရာမတွေ ဆိုတာ မိမိတတ်ကျွမ်းတဲ့ပညာနဲ့ လောကကို အလှ ဆင်ပေးနေသူ၊ ဆရာ၊ ဆရာမတွေရဲ့ မေတ္တာ၊ စေတနာတွေ၊ အကြင်နာတွေက တပည့်တွေရဲ့ သောကတွေကို ပြေပျောက်စေသူတွေ တပည့်တွေကို လူ့လောကအလယ်မှာ တင့်တယ်ထည်ဝါစွာ တိုးတက်အောင်မြင်၊ ကြီးပွားအောင် လေ့ကျင့် ပျိုးထောင်ပေးနေသူ၊ လူသားအရင်းမြစ်ဖြစ်တဲ့ မျိုးဆက်သစ်လူငယ်များကို လူသားစွမ်းရည် မြင့်မား အောင် ကြိုးပမ်းအားထုတ်နေသူများဖြစ်လို့ ဂုဏ်ပြု ထိုက်သူတွေ ဖြစ်ပါတယ်။ အဲဒီလို ဂုဏ်ကျေးဇူး ကြီးမားတဲ့ ဆရာတွေကို ဂုဏ်ပြုပေးတဲ့နေ့ကို ကျင်းပ ပေးလို့ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။
အခြေခံပညာ အထက်တန်းကျောင်းအုပ်ကြီး (ငြိမ်း) ဆရာကြီး ဦးထွန်း
မန္တလေး
မေး ။ ။ ကမ္ဘာ့ဆရာများနေ့ ကျင်းပကြတဲ့အပေါ်
ဆရာ့ရဲ့ ပီတိစကားသံလေး ပြောပေးပါ
ဦးရှင့်။
ဖြေ ။ ။ ကမ္ဘာ့ဆရာများနေ့က ကျွန်တော်တို့
ဆရာ၊ ဆရာမတွေကို အသိအမှတ်ပြုတဲ့ နေ့တစ်နေ့ဖြစ်တဲ့အတွက် အထူးလည်း ပိုပြီးဝမ်းသာ ပါတယ်။ ဆရာ၊ ဆရာမတွေဆိုတော့ တပည့်လေးတွေ က ကိုယ့်ကိုယ်မမေ့ဘဲ သတိတရ ဂါရဝပြုကြတော့ ဝမ်းသာတာပေါ့ဗျာ ။
မေး ။ ။ ယခုခေတ် ဆရာတပည့် ဆက်ဆံရေးနဲ့
အရင်ခေတ် ဆရာတပည့် ဆက်ဆံရေး တွေအပေါ် ဆရာ့အမြင်လေးပြောပေးပါရှင့်။
ဖြေ ။ ။ ကျွန်တော်တို့ ကျောင်းသားဘ၀ လွန်ခဲ့တဲ့
နှစ်တွေတုန်းကဆိုရင် ကိုယ့်ရဲ့ဆရာ၊ ဆရာမများနဲ့ မိဘများရဲ့ သွန်သင်ဆုံးမမှုကို လိုက်နာ ကျင့်သုံးပြီး တိုးတက်အောင် ဆောင်ရွက်ခဲ့တာများ ပါတယ်။ ကျွန်တော်တို့ ငယ်စဉ်ဘဝတုန်းက ဆရာ၊ ဆရာမများရဲ့ သွန်သင်ဆုံးမမှုနဲ့ သင်ကြားမှုကို အပြည့်အဝလိုက်နာကျင့်သုံးပြီး အခုလိုဘဝမျိုး ဖြစ်လာတာ ဖြစ်ပါတယ်။ အခုခေတ်မှာတော့ အဲဒီလို မဟုတ်တော့တဲ့အတွက် နည်းနည်းလျော့ရဲလာတဲ့ အပိုင်းကို တွေ့ရပါတယ်။ အရင်တုန်းက ဆရာနဲ့ ကျောင်းသား အချိုးက တကယ့်ကို လိုက်ဖက်ညီပါ တယ်။ ကျောင်းသားအင်အားလည်း နည်းတယ်။ ဆရာ ဆရာမလည်းရှိတယ်။ သို့သော် ခုခေတ်အနေ အထားက တပည့်အင်အားကလည်း များလာတယ်။ ဆရာ ဆရာမ အင်အားကလည်း များလာတဲ့အတွက် အနည်းနဲ့အများ အမှားယွင်းတွေ ရှိလာတဲ့အတွက် ဂါရဝတရားနည်းလာတာကို တွေ့ရပါတယ်။
မေး ။ ။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက်
ပညာရေးရဲ့ အခန်းကဏ္ဍက ဘယ်လောက်
အရေးပါတယ်လို့ ထင်မိပါသလဲရှင့်။
ဖြေ ။ ။ ပညာရေးကတော့ နိုင်ငံတကာမှာ တကယ့်
ဦးစားပေးအဆင့်တစ်ပေးရတဲ့ ဌာနချည်း
ပါဘဲ၊ ပညာမတတ်ရင် သူ၏ ဝန်ထမ်းဖြစ်မှာပဲ ပညာတတ်ခဲ့လို့ရှိရင် တကယ့်ကို ကောင်းမွန်တဲ့ နေရာဌာနတွေ ရရှိမှာဖြစ်ပါတယ်။ သို့သော် ပညာနဲ့ သင်ညာနဲ့ ခွဲခြားစိတ်ဖြာပြီး သေသေချာချာ နားလည် သဘောပေါက်ပြီး မိမိရဲ့ဘဝတိုးတက်မှုနဲ့ နိုင်ငံရဲ့ တိုးတက်မှုကို သေသေချာချာ ဆောင်ရွက်နိုင်ခဲ့လို့ ရှိရင် တိုင်းပြည်တိုးတက်မှာ ဖြစ်ပါတယ်။ ပြီးတော့ ရှေးခေတ်နဲ့ မတူတာကတော့ အခုခေတ်က အီလက် ထရွန်းနစ်ခေတ်ဖြစ်တဲ့အတွက် နည်းပညာတွေ သိပ်ပြီးတိုးတက်လာတယ်။ သို့သော် ဖြစ်ပေါ်လာတဲ့ အီလက်ထရွန်းနစ်ပညာရပ်ကို မှန်မှန်ကန်ကန် သပ်သပ်ရပ်ရပ် ကိုယ့်အတွက်အကျိုးရှိမယ့် နေရာမှာ အသုံးချမှုနည်းပြီးတော့ မဟုတ်တဲ့လုပ်ငန်းတွေ၊ ပညာရပ်တွေကို တကယ့်အတွေးအခေါ်ပိုင်းဆိုင်ရာက အဆင့်မြင့်တယ်လို့ ယူဆပြီး ဆောင်ရွက်နေတဲ့ အတွက် သင်ကြားရေးရော သင်ယူမှုပါ လျော့နည်း လာတာဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့က နည်းပညာပိုင်းဆိုင်ရာ တိုးတက်လာတာကို ဝမ်းသာ တယ်။ သို့သော် တိုးတက်လာတဲ့ နည်းပညာကို မှန်မှန်ကန်ကန် မဆောင်ရွက်နိုင်တဲ့အတွက် ဝမ်းနည်းမိပါတယ်လို့ပဲ ပြောချင်ပါတယ်။
အခြေခံပညာအထက်တန်း ကျောင်းအုပ်(ငြိမ်း)
ဆရာမကြီး ဒေါ်ခင်ထွေး
မန္တလေး
မေး ။ ။ ကမ္ဘာ့ဆရာများနေ့ ကျင်းပကြတဲ့အပေါ်
ဆရာမရဲ့ ပီတိစကားသံလေး ပြောပေးပါ ဦးရှင့်။
ဖြေ ။ ။ ဆရာ ဆရာမတွေရဲ့ ဂုဏ်ကျေးဇူးကို
သိတတ်ပြီး ကမ္ဘာ့ဆရာများနေ့ ကျင်းပ ပေးတာ ပီတိဖြစ်တာပေါ့။ အဲဒီလိုနေ့ ကျင်းပပေးတာ မပြောနဲ့ တပည့်တွေကနေ ဆရာ ဆရာမကို “မင်္ဂလာပါ ဆရာမ၊ နေကောင်းရဲ့လား” လို့ မေးလိုက်ရင် နှုတ်ဆက်ရင်ကို ဆရာ ဆရာမက ပီတိ ဖြစ်တာပါ။ “တပည့်မရှား တစ်ပြားမရှိ”ဆိုတာ ဆရာ ဆရာမတွေရဲ့ ပီတိပေါ့။ တိုင်းပြည်တာဝန်ထမ်းဆောင် နေပြီး တကယ့်ကို အထက်တန်းရောက်သွားတဲ့ တပည့်မျိုးတွေ တွေ့ရင် ပိုပြီးပီတိဖြစ်ရပါတယ်။ သူတို့က အသိအမှတ်လည်း ပြုကြပါတယ်။ အဲဒီလို ဆိုရင်ကို ဒါက ငါ့ရဲ့တပည့် ဘယ်ဌာနမှာ ရောက်နေ တာလေ ဘယ်သူလေ ဆိုပြီးတော့ ဂုဏ်ယူဝမ်းမြောက် တာတွေ ဖြစ်ရပါတယ်။ တိုးတက်တဲ့ကလေး၊ လိမ္မာ တဲ့ကလေးကိုတွေ့ရင် ပိုပြီးတော့ ပီတိဖြစ်ရပါတယ်။ တကယ်တမ်းကျ ကမ္ဘာ့ဆရာများနေ့ဆိုတာ မရှိခင် ကတည်းက၊ မြန်မာနိုင်ငံမှာ ကမ္ဘာ့ဆရာများနေ့ မလုပ်ခင်ကတည်းက မြန်မာနိုင်ငံမှာ ဆရာကန်တော့ ပွဲတွေ လုပ်ခဲ့ကြတယ်။ နည်းမျိုးစုံနဲ့ ကန်တော့ကြ တယ်။ တန်ခူးလမို့ ကန်တော့ကြတာနဲ့၊ အခါကြီး ရက်ကြီးမို့ ကန်တော့ရတာနဲ့၊ နောက်နည်းမျိုးစုံနဲ့ ကန်တော့ကြတယ်။ ဆရာ ဆရာမတွေကို နည်းမျိုးစုံ နဲ့ ကူညီစောင့်ရှောက်ကြပါတယ်။ ဆရာ ဆရာမတွေ ကလည်း ကလေးတွေကို သူတို့ကို ထောက်ပံ့သည် ဖြစ်စေ၊ မကူညီသည်ဖြစ်စေ၊ မကန် တော့သည်ဖြစ်စေ ကိုယ့်ရဲ့ တပည့်လေးတွေ ကောင်းစားနေတယ်။ ကိုယ့်အပေါ်ကို သိတတ်နေတယ်။ ကိုယ့်ကို အသိ အမှတ်ပြုတယ်ဆိုရင်ကို ကျွန်မတို့ ဆရာမတွေက ဝမ်းသာနေရတာပါ။
မေး ။ ။ ဆရာမအဖြစ် လုပ်ခဲ့တဲ့ အတွေ့အကြုံများ
နဲ့ ပတ်သက်ပြီး ပြောပေးပါရှင့်။
ဖြေ ။ ။ ငယ်ငယ်ကတည်းက ကျွန်မက ဆရာမ
ဖြစ်ချင်တာ ဘာလို့လဲဆိုတော့ ကျွန်မတို့ ခေတ်တုန်းက ဆရာ ဆရာမက ကိုးကွယ်ရာပဲ။ ဆရာ ဆရာမကို အားကိုးကြတယ်။ အဲဒီလိုဖြစ်ချင် ခဲ့ပြီး ဆရာမဖြစ်လာတဲ့အခါကျလည်း ဘာမှနောင်တ ရစရာ မရှိပါဘူး။ ကလေးမျိုးစုံနဲ့ တွေ့တော့ တွေ့ရ တာပေါ့။ နည်းနည်းဆိုးတဲ့ကလေး၊ လိမ္မာတဲ့ကလေး၊ စာတော်တဲ့ကလေး၊စာညံ့တဲ့ကလေး လူမျိုးစုံနဲ့တွေ့ရ ပေမယ့် ဆရာ ဆရာမဆိုတာ မိဘလိုပဲ ဆိုးတော့ ဆိုးတဲ့ ကလေးမို့ ချစ်ရတယ်။ လိမ္မာတော့လည်း လိမ္မာတဲ့အလျောက် ချစ်ရတာပဲ၊ အဲဒီတော့ဒီကလေး တွေအပေါ်ကို ကျွန်မက စိတ်မကွက်ခဲ့သလို ဆရာ ဆရာမတွေအပေါ်လည်း စိတ်မကွက်ခဲ့ ပါဘူး။ ကျောင်းသားဘဝတုန်းက ကိုယ်မကြိုက်တာ ရှိခဲ့ရင်တောင် ကိုယ်ဆရာမဖြစ်တဲ့အခါ အဲဒီလိုမဖြစ် စေရဘူးဆိုတာမျိုးကို စိတ်ထဲမှာပိုက်ပြီး ပြုပြင်ခဲ့ ပါတယ်။ ဝမ်းမြောက်ပီတိဖြစ်တာတွေပဲ ရှိခဲ့ ပါတယ်။