မဟာသင်္ကြန် အတက်နေ့တွင် နေပြည်တော် မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်၌ ဖျော်ဖြေရေးအစီအစဉ်များ ပိုမိုမြိုင်ဆိုင်ခဲ့ပြီး လာရောက်ရေကစားကြသူများဖြင့် စည်ကား

 

နေပြည်တော်    ဧပြီ    ၁၆


မြန်မာသက္ကရာဇ်    ၁၃၈၄  ခုနှစ် မြန်မာ့ရိုးရာ နှစ်သစ်ကူး မဟာ သင်္ကြန်ပွဲတော်   သင်္ကြန်အတက် နေ့သို့   ရောက်ရှိခဲ့ပြီ။   ပြည်သူ များအတွက်      နေပြည်တော် မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ် ၏  ဖျော်ဖြေတင်ဆက်မှုများနှင့် ရေကစားခြင်း    အစီအစဉ်များက  အားလျှော့မသွားခဲ့ဘဲ      ပို၍ပင်  မြိုင်ဆိုင်လာသည်။ ဖျော်ဖြေရေး အဖွဲ့များ       အားလုံးကလည်း    တက်တက်ကြွကြွ   ပါဝင်တင်ဆက် ၍ မင်္ဂလာနှစ်သစ်ကို ပျော်ရွှင်မှု များနှင့်အတူ ကြိုဆိုနေကြသည်။

 


မြို့တော်ဝန်မဏ္ဍပ်မှ   ပျံ့လွင့် လာသည့် နိုင်ငံကျော်အနုပညာရှင် များနှင့် တေးသံရှင်များ၏ သင်္ကြန် တေးသံသာများက မဏ္ဍပ်တစ်ခွင် လုံးကိုပင် လွှမ်းခြုံ၍ နေလေသည်။

 


သင်္ကြန်တေးသံသာများနှင့်အတူ ဝန်ကြီးဌာနများ၊ ခရိုင်/မြို့နယ်များမှ သင်္ကြန်ယိမ်းအဖွဲ့ လှပျိုဖြူလေး များ၏ ညီညာသည့် ယိမ်းနွဲ့နွဲ့ သင်္ကြန်အကအလှတို့ ကလည်း မျက်စိပသာဒ၊ နားပသာဒရှိသလို   မြို့တော် ဝန်မဏ္ဍပ်မှ ပက်ဖျန်းပေးသည့်   အတာရေအေးအောက် တွင်   လာရောက်ရေကစားကြသည့်    ပြည်သူတို့ တေးသွားသံစဉ်စည်းချက်များနှင့်အတူ      ကခုန် ပျော်ရွှင်နေမှုက မြင်တွေ့ရသူများကိုပါ  အပျော်များ  ကူးစက်စေခဲ့သည်။

 


ရေကစားကြသည့် သင်္ကြန်ချစ်မြတ်နိုးကြသူတို့ မမောနိုင်   မပန်းနိုင်ကြ။  အပြုံးကိုယ်စီ၊  ပျော်ရွှင်မှု ကိုယ်စီဖြင့်  တစ်နှစ်တာ  ဖြတ်သန်းခဲ့ရသည့်  ဘဝ အမောများ၊ အခက်အခဲများ၊ စိန်ခေါ်မှုများကို သင်္ကြန် ရေနှင့်အတူ ဖြေဖျောက်ကြရင်း မင်္ဂလာနှစ်သစ်ကို ကြိုဆိုနေကြဟန်ရှိသည်။  နောက်ဆုံးနေ့ဖြစ်သည့် အတွက် လာရောက်ရေကစားကြသူများ ပိုမိုများပြား ခဲ့သလို မည်သူတစ်ဦး တစ်ယောက်ကိုမျှ ထိခိုက်ခြင်း မရှိသည့် လွတ်လပ်ပျော်ရွှင်မှုမျိုးဖြင့် သင်္ကြန်တေး သီချင်းများကို လိုက်ပါသီဆို၊ ကခုန်ကာ ဩဘာသံများ လည်း ပေးခဲ့ကြသည်။ ပြည်သူများ တစ်ဦးနှင့်တစ်ဦး ညီရင်းအစ်ကို မောင်ရင်းနှမ စိတ်မျိုးဖြင့် နွေးထွေး ချစ်ကြည်စွာ ပျော်ပျော်ပါးပါး ပါဝင်ဆင်နွှဲနေသည့် မြင်ကွင်းက အေးချမ်းလှသည်။

 


ပျော်ရွှင်အေးချမ်းစွာ ရေကစားနိုင်ရန် တာဝန် ရှိသူ အသီးသီးကလည်း ဖျော်ဖြေရေး အစီအစဉ်များ စနစ်တကျဖြစ်စေရေး၊ ရေပြတ်လပ်မှု မရှိစေရေး၊ ယာဉ်ကြောများ   ပိတ်ဆို့မှုမရှိစေရေးနှင့်   လုံခြုံရေး ကိစ္စရပ်များကို  ဂရုတစိုက် ဆောင်ရွက်ပေးလျက်ရှိ ကြသည်။

 


ထို့ပြင် ယခုနှစ်တွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်မြို့တော်ဝန်က    နိုင်ငံသူ၊    နိုင်ငံသား အားလုံးကို နှစ်ဟောင်းကုန်ပျောက် နှစ်သစ်ရောက် ထွန်းတောက်မင်္ဂလာရှိပါစေ။ နှစ်သစ်မင်္ဂလာ ဒီချိန်ခါ စိတ်မှာညစ်မည်း   ကင်းပါစေ။  နှစ်သစ်မင်္ဂလာ များသတ္တာ ချမ်းသာကိုယ်စိတ်မြဲပါစေ။ တစ်နှစ်ပတ် လုံး စိတ်ဖြူဖုံး ရွှင်ပြုံးကြည်သာ ရှိပါစေ။ ကုသိုလ် ကျန်းမာပညာ စီးပွားဒီရေလား တိုးပွားကြပါစေ ကြောင်း ဆုတောင်းမေတ္တာပို့သပေးခဲ့သည်။

 


၁၂  လရာသီ   ပွဲတော်များအနက်မှ   အလွန် လေးနက်ထူးခြားလှသည့် အမျိုးသားရေးယဉ်ကျေးမှု အနှစ်သာရများဖြင့်    ကျင်းပသော  မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကြီးကို မြတ်နိုး ဖွယ်ရာ အစဉ်အလာကောင်းများနှင့်အတူ နေပြည် တော်၌   နေပြည်တော်   မြို့တော်ဝန်မဟာသင်္ကြန် မဏ္ဍပ်ဖွင့်လှစ်၍ ခမ်းခမ်းနားနား စည်ကားသိုက်မြိုက် စွာ   ကျင်းပခဲ့သည်မှာ   (၁၂) ကြိမ်မြောက်ရှိပြီဖြစ် ကြောင်း သိရသည်။                                

သတင်းစဉ်