မေတ္တာစမ်းရေအေးနှင့် အိုအေစစ်မိသားစုဘဝ

Type

ကိုယ့်ဇာတိချက်ကြွေ အညာမြေကို ပြန်ရတော့ ဆရာကြီးသိန်းဖေမြင့်ရေးတဲ့  “အညာပြန်”  ဝတ္ထုကို သတိရမိပါတယ်။      ဆရာကြီးသိန်းဖေမြင့်က ဘုတလင်သားပါ။ ဘုတလင်မြို့က မုံရွာကနေ ရေဦး ဘက်ဆက်သွားရင် ဘုတလင်ကို ရောက်ပါတယ်။ ဆရာကြီးကတော့ “အညာပြန်” ကို သုတတွေရော၊ ရသတွေရော စုံအောင်ရေးထားတော့ ဖတ်လို့မဝနိုင် ဘူး။ ဖတ်နေတဲ့သူ မျက်လုံးထဲ ကွက်ကွက်ကွင်းကွင်း ပေါ်လာအောင်ကို ရေးဖွဲ့ထားတာကိုး။ ကျွန်တော်က တော့ မုံရွာဇာတိ၊  မုံရွာသားဆိုပေမယ့်     ဇာတိ ပြန်ရောက်တဲ့ အကြိမ်အရေအတွက်ကလည်းနည်း၊ မိတ်ဆွေအပေါင်းအသင်းကလည်း နည်းဆိုတော့ ရေးစရာက မများလှပါဘူး။


ဦးဆုံးတမ်းတမိတာက မိဘနှစ်ပါး


ရေးစရာမများလှပေမယ့် ဇာတိမြေကို တစ်ခေါက် ဆိုတစ်ခေါက်ရောက်တော့     ခံစားချက်ကတော့ သူတကာလို    ခံစားမိတာတော့   အတူတူပါပဲ။ သူလည်းလေ လောကီသားလိုပါ့... ဆိုတာလိုပေါ့။ ဇာတိချက်ကြွေ    မွေးရပ်မြေကိုသွားမယ်ဆိုတော့ စိတ်ထဲ ဦးဆုံးတမ်းတမိတာက မိဘနှစ်ပါးကိုပါ။ အခုအချိန် မိဘတွေရှိနေရင် သိပ်ကောင်းမှာပဲလို့ တမ်းတလွမ်းဆွတ်မိတယ်။  မိဘတွေ  ရှိနေစေချင် လိုက်တာ။  ဖေဖေနဲ့မေမေတို့သာ   ရှိနေသေးရင် ကျွန်တော်ပြန်လာမယ်ဆိုတာနဲ့ ပျော်နေလိုက်မယ့် ဖြစ်ခြင်း။         ကျွန်တော်ရောက်မယ့်အချိန်ကို လည်တဆန့်ဆန့်နဲ့ မျှော်နေကြမှာ သေချာတယ်။ ပြောထားတဲ့အချိန်များ   မရောက်လို့ရှိရင်လည်း စိတ်တွေပူနေကြမှာ။ ထိုင်လိုက်၊ ထလိုက်နဲ့။ အဲဒါဆို ဘေးကလူတွေလည်း အငြိမ်နေရမှာမဟုတ်ဘူး။ တတွတ်တွတ်နဲ့ ပြောလို့ဆုံးမှာမဟုတ်ဘူး။ 
တစ်ခါကဆို မေမေ ကျွန်တော့်ဆီ ဘုရားဖူးရင်း အလည်လာကြတယ်။ ကျွန်တော့်ညီမတစ်ဝမ်းကွဲသူ့တူမနဲ့ လာကြတာ။ ကျွန်တော်ရုံးသွားနေတဲ့အချိန် ဆို   ပြဿနာမရှိဘူး။     ရုံးဆင်းချိန်ရောက်လို့ ပြန်မရောက်လာသေးရင် မရတော့ဘူး။ ကျွန်တော့် အမျိုးသမီးကိုလည်း  မေးခိုင်း၊    သူ့တူမကိုလည်း ဗျစ်တောက်ဗျစ်တောက်နဲ့ ပြောနေတော့တာ။ ညီမ လုပ်တဲ့သူက အဒေါ့်အကြောင်းသိတော့ ကွယ်ရာမှာ. . . ဘာမှမဟုတ်ဘူး၊    သူ့သားပြန်မရောက်သေးလို့ ကျွန်မတို့ကို ပြဿနာရှာနေတာ. . . ကြည့်နေ သူ့သား  ပြန်ရောက်ရင် ဘာမှမဟုတ်တော့ဘူးရယ်. . . လို့ ကျွန်တော့်အမျိုးသမီးကို ပြောပြီး ရယ်နေတာပေါ့။ အဲဒီလိုပါဆို။ အင်းပေါ့လေ. . . ဒါကြောင့် ပြောကြတာ မိဘမေတ္တာဆိုတာ တုနှိုင်းမဲ့လို့။  


အခုလိုများ   မုံရွာကို   ကျွန်တော်ပြန်လာမယ် ဆိုလို့ကတော့   ရောက်တာနဲ့စားဖို့    ကျွန်တော် ကြိုက်တတ်တဲ့ အညာဟင်းတွေ ချက်ထားကြမှာ။ ထမင်းစားရင်တောင် ဟင်းတွေထည့်ပေးရင်း ငါ့သား စား. . . မင်းက ဟိုမှာ အညာဟင်းစားရမှာမဟုတ်ဘူး၊ ရောက်တုန်း အဝသာစား. . .  လို့လည်း ပြောဦးမှာ။
ဖေဖေကတော့ သူ့သားပြန်လာရင် ကြည့်ပြီး တပြုံးပြုံးနဲ့ပေါ့။ ဖေဖေ၊ မေမေ ကြိုက်တတ်တဲ့ စားစရာပါလာရင် စားလည်းစား. . .  ကျွန်တော့်သား ဝယ်လာတာဗျ၊ စားကြပါဦးလို့ ကြွားလည်းကြွားကြ မှာ။    သူတို့တစ်တွေ    အသက်တွေကြီးသွားကြ၊ ကျွန်တော်တို့တစ်တွေ အသက်တွေ ကြီးသွားကြ ပေမယ့်  မိဘတွေက  သားသမီးကို   ကလေးလိုပဲ ထင်နေကြတုန်း။ ချစ်တာလျော့မသွားဘူး၊ ဂရုစိုက် တာလည်း လျော့မသွားကြဘူး။ ဆရာရွှေတိုင်ညွန့် ရေးပြီး ဒေါ်ကြည်အောင်သီဆိုထားတဲ့ “မိဘမေတ္တာ”  သီချင်းထဲကလို ငယ်ရွယ်တုန်းကတော့ မိဘမေတ္တာ ကို  သတိမထား၊  အလေးမထားတတ်ကြပေမယ့် ကိုယ်တိုင်မိဘဖြစ်လာတဲ့အခါ     မိဘမေတ္တာကို ပိုသိလာရတယ်။  ကိုယ်ချင်းစာတတ်လာတယ်။ ဒါပေမဲ့    ကိုယ်တိုင်မိဘမေတ္တာကို   လေးလေး နက်နက် ကိုယ်ချင်းစာသိလာတဲ့အချိန်မှာ မိဘ တွေက မရှိတော့ဘူးလေ။ ဒီအတွက် အစားထိုးစရာ မရှိခဲ့ဘူး။ ဖြေသိမ့်စရာ မတွေ့ခဲ့ဘူး။ ဘဝကံကြမ္မာက ဒီလောက်ပဲပေးခဲ့တာ ထင်ပါရဲ့။


မိဘမေတ္တာ


အခုဆို   ဇာတိမြေကို   ပြန်သာပြန်ခဲ့ရတယ် ဖေဖေနဲ့မေမေတို့ မရှိတော့ဘူး။ အိမ်ထဲဝင်လို့မှ ဖေဖေ ကျွန်တော်ပြန်ရောက်ပြီ၊  မေမေ ကျွန်တော် ပြန်ရောက်ပြီလို့ သူတို့ စိတ်ချမ်းသာအောင် မပြောရ တော့ဘူး။   တွေ့ကြုံဆုံကွဲ   ဘဝဓမ္မတာတွေကို နားလည်လက်ခံပေမယ့်  မိဘတွေနဲ့ပတ်သက်ရင် တော့ တမ်းတလွမ်းရတာတော့  အခုအချိန်အထိပဲ။ ဖြေလို့  မပြေနိုင်တာကို   ကိုယ်တိုင်ပဲနားလည်မိ တယ်။ ဒါကြောင့် မိဘနဲ့ပတ်သက်လာရင် နောင်တ ရကြမှာကို စိုးရိမ်မိလာတယ်။ အကွေ့အကောက်၊ အတက်အဆင်းတွေနဲ့ ကြမ်းတမ်းတဲ့ လောကဓံတွေ ထဲမှာ မိဘမေတ္တာအရိပ်လောက် ဘယ်နေရာက များ ပိုပြီးအေးမြဦးမလဲ။  ဒါကြောင့်လည်း မိဘ မေတ္တာကို စုန်ရေနဲ့ နှိုင်းကြတာပဲလေ။ 


ဒီလိုအေးမြလုံခြုံတဲ့   မိဘရဲ့အရိပ်အောက်က မိသားစုအသိုက်အဝန်းဆိုတာ     ဘဝအတွက် အေးချမ်းလှပါတယ်။ လောဘ၊ ဒေါသ၊ မောဟတွေ ကြောင့်ဖြစ်လာတဲ့ သောကအပူတွေနဲ့ လောက ကန္တာရထဲမှာ မိသားစုဘဝတွေဆိုတာက  အိုအေစစ် လေးတစ်ခုလိုပါပဲ။ မိသားစုသံယောဇဉ်နှောင်ကြိုး လို့ဆိုပေမယ့် ဖြူစင်လှတဲ့ မိဘရဲ့မေတ္တာရိပ်အောက် မှာ အေးမြမှု၊ သာယာချမ်းမြေ့မှုတွေ ကိန်းအောင်း နေကြပါတယ်။ မိသားစုတိုင်းမှာ သာယာချမ်းမြေ့မှု တွေရှိကြတယ်လို့မဆိုနိုင်ပေမယ့်     မိဘမေတ္တာ ဆိုတာကတော့  တုနှိုင်းမဲ့ပါပဲ။      ဒါကြောင့်လည်း ကိုယ်ကိုယ်တိုင် မိသားစုအတွင်းမှာ ဦးဆောင်လာ ရတဲ့အချိန်မှာတော့ တစ်ချိန်က မိဘတွေလက်အောက် က မိသားစုဘဝတွေကို တမ်းတနေမိတတ်တယ်။


တစ်ခါက   အိမ်မှာနေရတာ   အဆင်မပြေလို့၊ မပျော်လို့                အိမ်ကထွက်ပြေးသွားတဲ့ သူတစ်ယောက် တွေ့ဖူးပါတယ်။  ဘဝအတွေ့အကြုံ နည်းသေးတဲ့ သူ့ဘဝမှာ မိသားစုအတွင်းက မိဘ တွေရဲ့ပြောဆိုဆုံးမမှုတွေ၊ မိသားစုအကျပ်အတည်း တွေ၊ မောင်နှမညီအစ်ကိုကြား အဆင်မပြေမှုဆိုတာ တွေဟာ သူ့အတွက်တော့ သိပ်ကိုကြီးမားတယ်လို့ ထင်ခဲ့ပုံပါ။  ဒီတော့မိဘတွေရဲ့   ပြောဆိုဆုံးမတာ တွေ၊ မိသားစုအကျပ်အတည်းတွေက ကင်းလွတ်ပြီး မိမိဘာသာ  လွတ်လွတ်လပ်လပ်နေမယ်၊    မိမိ ဘာသာ  ရပ်တည်မယ်ဆိုတဲ့စိတ်နဲ့   အိမ်ကနေ ထွက်ပြေးသွားခဲ့တယ်။   တကယ်တမ်းကြတော့ သူထင်သလို ဖြစ်မလာခဲ့ပါဘူး။ လောကဓံရဲ့ အထု အထောင်းတွေ၊ ရိုက်ပုတ်မှုတွေကို မခံနိုင်တဲ့အချိန် မှာ အိမ်ကိုပဲ ပြန်ရောက်လာခဲ့ပါတယ်။    နေပူထဲ ရောက်မှ အရိပ်ရဲ့တန်ဖိုးကို ပိုနားလည်သလိုပါပဲ။ မိဘမေတ္တာနဲ့  မိသားစုဘဝတွေဟာ   ကိုယ်တိုင် ရုန်းကန်ရတဲ့အချိန်မှာ        ပိုလို့နားလည်လာရပါ
တယ်။


ချစ်ကြတဲ့ပုံစံတွေ မတူတတ်ကြ


မိဘနဲ့သားသမီးအကြား   ချစ်ကြတဲ့ပုံစံတွေ မတူတတ်ကြပေမယ့် မိဘဆိုတာကတော့ သားသမီး အပေါ် ချစ်ကြတာချည်းပါပဲ။ ချစ်တာကို ထုတ်ပြော တတ်၊ ပြတတ်တဲ့မိဘတွေရှိသလို သားသမီးကိုချစ် ကြောင်း မပြတတ်ကြတဲ့မိဘတွေလည်း ရှိကြတာပဲ။ သေချာတာကတော့   မိဘတွေ   ကျွေးမွေးပြုစု စောင့်ရှောက်လာလို့    ကိုယ်လည်း   လူ့ဘဝထဲ ရပ်တည်ရှင်သန်နိုင်တာ မဟုတ်လား။ မိဘဝတ္တရား ဆိုတာနဲ့ နှိုင်းယှဉ်ရင်တော့ လိုတာလည်း ရှိနိုင်သလို ပိုတာလည်း ရှိကြမှာပေါ့။     မိဘတွေ   ဝတ္တရား ပြောတော့ ကိုယ်ကိုယ်တိုင်ရော  သားသမီးဝတ္တရား ပြည့်စုံရဲ့လား ပြန်ကြည့်မိတယ်။ ပြည့်စုံတဲ့သူတွေ ရှိသလို မပြည့်စုံတဲ့သူတွေလည်း ရှိမှာပေါ့။ အခြေ အနေ အကြောင်းအရပ်ရပ်တွေ မတူနိုင်ကြဘူးလေ။ တစ်ခုတော့ရှိတာပေါ့။  မိဘကို မရှိလို့မကျွေးမွေး မစောင့်ရှောက်နိုင်တာ ဖြစ်တတ်ပေမယ့် မိဘကို ကျွေးမွေးပြုစုနိုင်ပါလျက် မျက်ကွယ်ပြုထားတတ် တဲ့ သားသမီးမျိုးလည်း တွေ့ရပြန်တယ်။ ဒါပေမဲ့ မြန်မာ့ဓလေ့မှာတော့   မိဘနဲ့သားသမီးကတော့ အများအားဖြင့် ရင်အုပ်မကွာရှိတတ်ကြ၊ နေတတ် ကြတယ်။


အထူးသဖြင့် မြန်မာ့ဓလေ့ မိသားစုအသိုက်အဝန်း ဆိုတာက အခြားနိုင်ငံတွေက မိသားစုဓလေ့စရိုက် တွေနဲ့ မတူညီတာတွေ ရှိပါတယ်။ အသက်အရွယ် မရွေး မိဘနဲ့အတူ၊ မိသားစုနဲ့အတူ နေတတ်ကြတာ မျိုးပေါ့။ မိတ်ဆွေတစ်ယောက်ပြောဖူးတာ သတိရမိ တယ်။ မိတ်ဆွေက စင်ကာပူမှာ အလုပ်လုပ်ရင်း မိသားစုလိုက်  အဲဒီမှာပဲနေနေတာ။   သူ့သားက စင်ကာပူမှာပဲ မွေးတယ်။ သူက ဒီကိုခဏပြန်လာရင်း ပြောရှာတယ်။        

v  စာမျက်နှာ ၁၀ မှ
ငါ့ကွာ ဟိုမှာနေတာ ငွေရေးကြေးရေး၊ နေထိုင်ရေး၊ အလုပ်အကိုင်       အားလုံးအဆင်ပြေတယ်ကွာ။ ဒါပေမဲ့ ငါ့မှာ ငါ့သားသမီးတွေကို  ဆုံးရှုံးသလို ခံစားရတယ်လို့ ပြောရှာပါတယ်။  ဒီမှာလို   မိဘနဲ့ သားသမီး နွေးထွေးမှု၊ မေတ္တာနှောင်ကြိုး၊ ပြောဆို ဆုံးမရတာ၊  လေးစားမှုဆိုတာတွေ    နည်းပုံ ပေါက်ပါရဲ့။ သူတို့ဆီမှာက ကိုယ့်သားသမီးဆုံးမ တာတောင်  ဒီမှာလို  ပြောဆိုဆုံးမလို့မှမရတာ။ သူတို့ဆီမှာက  အသက်  (၁၈)  နှစ်ပြည့်ရင်   သူတို့ ခြေထောက်ပေါ်သူတို့ ရပ်တည်နေကြတာကိုး။ မိဘ နဲ့သားသမီးကြား ဥပဒေကြီးက ခြားလို့နေပါပြီ။


ဥမကွဲသိုက်မပျက်နေထိုင်


ဒီမှာကတော့ အိမ်ထောင်ကွဲတာတောင်မှ မိဘ နဲ့သားသမီး ဥမကွဲသိုက်မပျက် နေထိုင်တတ်တာကိုး။ မိဘနဲ့သားသမီး၊ ညီအစ်ကိုမောင်နှမအချင်းချင်းကြား ပြောဆိုဆက်ဆံမှုတွေ၊   ပဲ့ပြင်ဆုံးမမှုတွေဆိုတာ ဥပဒေဆိုတာထက်    အစဉ်အလာဓလေ့တွေနဲ့ပဲ နေကြတာမဟုတ်လား။ ကျွန်တော်တို့ မိသားစုမှာဆို ဖေဖေ၊ အမေတို့ထက် အစ်ကိုကြီးကို ပိုကြောက်ရ တယ်။ အငယ်တွေ အမြင်မတော်ရင် သူကပဲ ပြောဆို ဆုံးမတာ။   ညပိုင်းစာကျက်ချိန်ဆို  အစ်ကိုကြီး အိပ်ချိန်ထိ  စာကျက်ရတာ၊   အိပ်ချင်ရင်တောင် အစ်ကိုကြီး   အိပ်၊ မအိပ်  ခိုးကြည့်ရသေးတယ်။ တစ်ခါတလေ       သူအိပ်ရာဝင်သွားပြီဆိုပြီး ဝမ်းမသာသေးနဲ့ဦး။  လူကသာ အိပ်ရာထဲရောက် နေတာ မအိပ်သေးဘူးဗျ။         အိပ်ရာထဲကနေ ကျွန်တော်တို့စာကျက်တာကို နားထောင်နေတာ၊ မောင်နှမတစ်တွေ စာကျက်သံမကြားရတော့ဘူး ဆိုရင် ညီလေး. . . အိပ်ငိုက်နေတာလားလို့ မေးတတ် ပြီး  ကပျာကယာနဲ့ မငိုက်ပါဘူး. . .  သင်္ချာတွက်နေ တာလို့ ညာပြောရတယ်။ 


အမှန်က လူက အိပ်ငိုက်လို့ သွားရည်များတောင် ကျလို့လေ။ အစ်မကြီးတွေဆိုလည်း  အစ်ကိုကြီး ပြောရင် တစ်ခွန်းပဲ။ အစ်ကိုကြီးက အငယ်တွေကို အဲဒီလိုကြပ်မတ်သွားတော့ မိဘက သားသမီးအငယ် တွေအတွက် စိတ်ပူစရာမလိုတော့ဘူး။ လိုအပ်လို့ ရိုက်နှက်ဆုံးမစရာရှိရင်တောင်  အစ်ကိုကြီးကပဲ ဆုံးမတာ။ မိဘတွေက ရိုက်ဆုံးမစရာ၊ အော်စရာ၊ ငေါက်စရာ မလိုဘူး။ နောက်တစ်ခု အစ်ကိုကြီးက အကြီးပီသတယ်။ ကျောင်းစရိတ်ကို မိဘတွေက ပေးပေမယ့် အတော်အတန်လိုတဲ့ မုန့်ဖိုးကတော့ အစ်ကိုကြီးဆီက တောင်းလိုက်တာပဲ။ အစ်ကိုကြီး ကလည်းပေးတယ်။ မုန့်ဖိုးပေးရင် ပြောသေးတယ်။ ညီလေး သုံးတော့သုံး၊    မဖြုန်းတော့မဖြုန်းနဲ့ကွ တဲ့လေ။ အဲလိုမိသားစု အသိုက်အဝန်းနဲ့ နေသားကျ လာတော့ မိဘမေတ္တာ၊ မိဘအိမ်ဆိုတာက ဘဝမှာ အနွေးထွေးဆုံးနေရာတွေပဲ။ အခုလို ပြန်လာရတော့ မိဘတွေ၊ အစ်ကိုကြီး အစ်မကြီးတွေကို လွမ်းမိတာ အမှန်ပါပဲ။ အရင်ကလို မိသားစုစုံစုံလင်လင် တွေ့ချင် လိုက်တာ၊ စကားတွေ ပြောချင်လိုက်တာ။ 
ခက်တာက လူဆိုတာက ရေကြည်ရာ မြက်နုရာ နေကြရ၊ အလုပ်အကိုင်ရှာဖွေရတော့ မိသားစုတွေနဲ့ သေတစ်ပန်သက်တစ်ဆုံး အတူတူနေလို့ကြလည်း မဖြစ်ပြန်ဘူး။          အချိန်တန်အရွယ်ရောက်လို့ အိမ်ထောင်ရက်သားတွေကျတော့   ခွဲခွာသွားကြ ပြန်ရော။     ဒီလို      မိသားစုဘဝဖြစ်စဉ်တွေဟာ ကိုယ့်မိသားစုတစ်ခုတည်းမှာပဲ        ဖြစ်နေတာတော့ မဟုတ်ပါဘူး။ မိသားစုတိုင်းလိုလိုပါပဲ။ ဒီတော့လည်း ကိုယ့် မိဘနဲ့ခွဲလာရပြီ၊ မိသားစုနဲ့ ခွဲလာရပြီဆိုတော့ ကြမ်းတမ်းတဲ့ ဘဝကန္တာရခရီးလျှောက်ကြရပြီပေါ့။ အဲဒီအချိန်မှ မိဘရဲ့မေတ္တာ၊ မိဘရဲ့အရိပ်အာဝါသ၊ မိသားစုဘဝတွေကို ပိုသိလာတယ်၊ ကိုယ်ချင်းစာ တတ်လာတယ်။ မိဘတွေဟာ သားသမီးတွေအပေါ် ဘယ်လောက်အနစ်နာခံ   ပေးဆပ်ခဲ့သလဲဆိုတာ ကိုယ်နဲ့နှိုင်းယှဉ်သိလာရတယ်။ ဒီတော့ ကိုယ့်မိသားစု ကိုလည်း မိဘတွေ သွန်သင်ပြောဆိုဆုံးမခဲ့သလို သားသမီးတွေကို လက်ဆင့်ကမ်းဖို့ ကြိုးစားရတော့ တယ်။
မေတ္တာတွေ ပိုပြီးလွှမ်းမိုးနေမှာ
ဒီလို မိသားစုဓလေ့ထုံးစံတွေမှာ လက်ဆင့်ကမ်း ယူသင့်တဲ့ အကျင့်စရိုက်တွေရှိသလို ခေတ်နဲ့အညီ ပြောင်းလဲသင့်တဲ့အချက်တွေလည်း     ရှိတာပေါ့။ နေရာတကာ ရှေးအစဉ်အလာတွေအတိုင်း လိုက်နေ လို့မရသလို အားလုံးကို ခေတ်မီနေ့လို့လည်း မရနိုင် ဘူးထင်တာပဲ။         ဒူးနေရာဒူး တော်နေရာတော် ဖြစ်မယ်ဆိုရင်  မြန်မာ့ဓလေ့မိသားစုဘဝတွေဟာ ဥပဒေတွေထက် မေတ္တာတွေ ပိုပြီးလွှမ်းမိုးနေမှာပါ ပဲ။           အဲဒါကပဲ ချစ်စရာမြန်မာ့မိသားစုဓလေ့လို့ ဆိုရမယ်ထင်ပါတယ်။   ကြည့်လေ မိဘတွေများ သားသမီးတွေ အသက်ဘယ်လောက်ကြီးကြီး၊ ရာထူး တွေဘယ်လောက်ကြီးကြီး၊ ငွေတွေ ဘယ်လောက် ရှိရှိ ရေချိုးတာကစ၊  အစားအသောက်လေးကစ သားသမီးတွေအပေါ် ဂရုစိုက်တတ်၊ ပြောဆိုဆုံးမ တတ်ကြတာ။ သားသမီးကလည်း မိဘကပြောတယ် ဆိုရင် လေးလေးစားစား ရိုရိုသေသေ “ဟုတ်ကဲ့” တော့ပြောတာပဲ။ ကဲ ဘယ်လောက်ချစ်စရာကောင်း တဲ့ မြန်မာ့ရိုးရာမိသားစုဓလေ့တွေလဲ။


ငယ်စဉ်တောင်ကျေး   ကလေးဘဝကနေစလို့ ကိုယ့်မိသားစုနဲ့ကိုယ်ဖြစ်တဲ့အထိ  မိဘရဲ့မေတ္တာ ရိပ်အောက်    မြန်မာ့ရိုးရာမိသားစုဓလေ့တွေနဲ့ ကြီးပြင်းလာရတော့ ဇာတိမြေက မိဘအိမ်ရောက်ရင် နေ့စဉ်လက်ဆုံစားနေကျ ထမင်းဝိုင်းလေး၊ ညနေ တိုင်း ထိုင်နေကျ မိသားစုစကားဝိုင်းလေး၊ နွေးထွေး တဲ့  မိသားစုအသိုက်အဝန်းလေး. . .   မဆုံးနိုင်တဲ့ လွမ်းစရာဘဝတွေက     အသစ်ဖြစ်ရပြန်ပြီပေါ့။ ငယ်စဉ်က တွေ့ကြုံခံစားခဲ့ရတဲ့ မိသားစုတွေဆိုတာ မေတ္တာဓာတ်တွေ၊ ခွင့်လွှတ်ခြင်းတွေ၊ နားလည်ခြင်း၊ ပေးဆပ်ခြင်းဆိုတဲ့ မိသားစုနှောင်ကြိုးတွေနဲ့ ရစ်ဖွဲ့ လို့ထားတာကိုး။   မေတ္တာတွေနဲ့ တည်ဆောက်ထား တဲ့  မိဘအိမ်လေးထဲမှာ မိဘတွေမရှိတော့ပေမယ့် မိဘရဲ့ မေတ္တာတွေ၊   အငွေ့အသက်တွေ၊    ဆိုဆုံးမ စကားတွေ ရှိနေပါလိမ့်ဦးမယ်။   ထမင်းစားပွဲမှာ ထိုင်ရင်း မေမေများ ဟင်းလာထည့်ပေးမလားလို့ လည်း မျှော်နေမိတယ်။ အခုလိုဆောင်းရာသီမှာဆို ဖေဖေက မနက်အစောကြီးထပြီး သားသမီးတွေ အတွက် ထန်းမြစ်လည်း ဖုတ်ပေးထားဦးမှာ။ သား သမီးတွေ အိပ်ရာကထလာရင်          စားဖို့ကအဆင်သင့်။  လွမ်းလိုက်တာ။


အော်  အခုတော့လည်း. . .   ဘဝခရီးကြမ်းမှာ ပင်ပန်းနွမ်းနွယ်လာတဲ့  သူတစ်ယောက်အတွက် မိဘရဲ့မေတ္တာစမ်းရေကို တမ်းတမိနေဆဲ၊ လွမ်းဆွတ် မိနေဆဲပါ။ မိသားစုအိုအေစစ်လေးမှာ  ခဏတာ ဖြစ်ဖြစ် နားလိုက်ချင်၊ ဘဝအမောတွေ ဖြေသိမ့် လိုက်ချင်ပါရဲ့။ ကိုယ့်လိုပဲ အခြား အခြား မိဘတွေ၊ မိသားစုတွေဆိုတာလည်း  ပျော်ရွှင်ကြည်နူးဖွယ် မိသားစုတွေ ဖြစ်နေကြမယ်ထင်ပါရဲ့။ မိသားစုတွေ ပျော်ရွှင်နေကြတာ၊ ညီအစ်ကိုမောင်နှမတွေ ပျော်ရွှင် နေကြတာကိုတွေ့ရင်      မိဘတွေလည်းကြည့်ပြီး ကြည်နူးနေကြမှာ မြင်ယောင်မိပါတော့တယ်။     ။