
ပဲခူး နိုဝင်ဘာ ၄
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအား စိုက်ပျိုးမြေအဖြစ် အသုံးပြုရန် လျှောက်ထားမှုသာမက မွေးမြူ ရေးလုပ်ငန်းများအတွက် လျှောက်ထားလာပါက သတ်မှတ်ချက်များနှင့်အညီ ခွင့်ပြုချထားပေးသွားမည် ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံ ခန့်ခွဲရေးကော်မတီအစည်းအဝေးအမှတ်စဉ်(၂/၂၀၂၁)တွင် ပြောကြားသည်။
အဆိုပါ အစည်းအဝေးကို ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ နိုဝင်ဘာ ၃ ရက် မွန်းလွဲပိုင်းက ကျင်းပရာ တိုင်း ဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်သည့် တိုင်း ဒေသကြီးတစ်ခုဖြစ်ပြီး မြေလွတ်၊ မြေလပ်၊ မြေရိုင်း များကို ဖော်ထုတ်၍ စိုက်ပျိုးမြေအဖြစ် အကောင် အထည်ဖော် ဆောင်ရွက်ခြင်းအားဖြင့် တိုင်းဒေသကြီး အတွင်း စိုက်ပျိုးရေးထုတ်ကုန်များ ပိုမိုတိုးတက်လာနိုင်မည်ဖြစ်ကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များ လုပ်ကိုင်ခွင့် ခွင့်ပြုချထားပေးရာတွင် ဒေသခံ ပြည်သူ၊ စိုက်ပျိုးမြေမရှိသူနှင့် မိရိုးဖလာ ဓားမဦးချ လုပ်ကိုင်နေသူများအား ဦးစားပေးခွင့်ပြုချထားပေး ရမည်ဖြစ်ကြောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များလုပ်ကိုင်ခွင့် လျှောက်ထားမှုများတွင် အခြား ရည်ရွယ်ချက်ဖြင့် အမှန်တကယ် လုပ်ကိုင်ခြင်းမရှိဘဲ မြေနေရာဦးထားခြင်းမျိုး မဖြစ်စေရန်နှင့် ယခင် ခွင့်ပြုချထားပေးခဲ့သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ကိုင်ခွင့် ခွင့်ပြုနေရာများတွင် မူလသတ်မှတ် စည်းကမ်းချက်များအတိုင်း စိုက်ပျိုး လုပ်ကိုင်ခြင်း ရှိ မရှိ ကွင်းဆင်းစိစစ် တင်ပြပေးရန် မှာကြားသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်သန်းလွင်က ပဲခူးတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ကော်မတီသို့ တင်ပြလျှောက်ထားလာသည့် အမှုတွဲများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ကော်မတီအဖွဲ့ဝင် များက အကြံပြုဆွေးနွေးကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆုံးဖြတ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တင်စိုး(ပဲခူး)