မြောင်းမြအကျဉ်းထောင်နှင့် မြောင်းမြမြို့ပေါ်ရှိ ရဲစခန်း၊ တရားရုံးအချုပ်ခန်းများအား ကြည့်ရှုစစ်ဆေး

နေပြည်တော် အောက်တိုဘာ ၆


မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးကျော်မြင့်တို့ ဦးဆောင်သောအဖွဲ့သည် အောက်တိုဘာ ၅ ရက်နှင့် ၆ ရက်တို့တွင် မြောင်းမြအကျဉ်းထောင်နှင့် မြောင်းမြမြို့ပေါ်ရှိ ရဲစခန်း၊ တရားရုံးအချုပ်ခန်းတို့ကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ ညွှန်ကြားချက်၊ သတိပေးချက်၊ စည်းကမ်းချက်များနှင့်အညီ သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။


မှတ်တမ်းတင်


ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် ကော်မရှင်ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများကို အုပ်စုခွဲ တွေ့ဆုံကာ   အကျဉ်းသားတစ်ဦး၏   အနိမ့်ဆုံးရရှိမည့် အခွင့်အရေး ဖြစ်သော နေထိုင်စားသောက်မှု၊   ကျန်းမာရေးစောင့်ရှောက်မှု ရှိ၊ မရှိ၊ ထောင်ဝင်စာပစ္စည်းများ  ပြည့်စုံစွာရရှိမှု ရှိ၊ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများ ရရှိခြင်း ရှိ၊ မရှိနှင့် အကျဉ်းထောင်အတွင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ၊ မရှိတို့ကို မေးမြန်းမှတ်တမ်းတင်ခြင်း၊ တစ်ဦးချင်း တွေ့ဆုံလိုသူ   အကျဉ်းသား အကျဉ်းသူ၊ အချုပ်သား အချုပ်သူများ နှင့်တွေ့ဆုံကာ   ၎င်းတို့၏   တင်ပြချက်များကို   မှတ်တမ်းတင်ကြ သည်။
ထို့နောက် အကျဉ်းထောင်ရှိ အကျဉ်းသား အကျဉ်းသူ၊ အချုပ် သား အချုပ်သူများ၏ အိပ်ဆောင်များ၊ ဆေးရုံဆောင်၊ တိုက်ခန်းများ၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာစတို၊ သောက်ရေနှင့် သုံးရေကန်များ၊ မိလ္လာများ သန့်ရှင်းမှု ရှိ၊ မရှိကိုလည်းကောင်း၊ လတ်တလော ဖြစ်ပွား လျက်ရှိသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက် ထားရှိမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးကြသည်။ 


ယင်းနောက် အကျဉ်းသား အချုပ်သားများ အသိပညာတိုးပွား စေရန်ရည်ရွယ်၍ အကျဉ်းထောင် စာကြည့်တိုက်တွင်ထားရှိရန် သုတ၊ ရသ၊ ကျန်းမာရေး၊ ဘာသာရေး စာအုပ်မျိုးစုံ အုပ်ရေ ၂၀၀ နှင့် ကမ္ဘာ့ လူ့အခွင့်အရေးကြေညာစာတမ်း မြန်မာပြန်မှတ်စုစာအုပ် ၆၉၀ တို့ကို လှူဒါန်းခဲ့ကြသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်များအတွင်း စစ်ဆေးတွေ့ရှိ ချက်နှင့် အကြံပြုချက်များကို လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင် ရေးအတွက်   သက်ဆိုင်ရာသို့   အကြံပြုပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။                                                              

 

 သတင်းစဉ်