
မော်လမြိုင် ဒီဇင်ဘာ ၃၁
မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ၏ လယ်ယာထွက်ကုန်များဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့လွယ်ကူလျင်မြန်စွာပို့ဆောင် နိုင်စေရန် ရည်ရွယ်၍ ရိုးဂိုးကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖောက် လုပ်နေမှု အခြေအနေများကို ယနေ့နံနက်က တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေးသည်။
မော်လမြိုင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်နွယ်ဦး၊ မော်လမြိုင်မြို့ နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူး ဦးမင်းမင်းစိုးနှင့် ဝန်ထမ်းများက သက်ဆိုင်ရာ ကျေးရွာကော်မတီဝင်များနှင့်အတူ ရိုးဂိုးကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။
အဆိုပါကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ခြင်း ၇ ဒသမ ၇၃ ဖာလုံ၊ အကျယ် ၁၂ ပေ၊ အမြင့် ၉ လက်မထု မြေသား၊ ဂဝံခင်းခြင်းလုပ်ငန်းကို ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာ နှစ် ခြောက်လဘတ်ဂျက်ခွင့်ပြုရန်ပုံငွေကျပ် ၉၈ ဒသမ ၄၀၆ သန်းဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီက တာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ရိုးဂိုးကျေးရွာကုန်ထုတ်လမ်းသည် အဆိုပါကျေးရွာရှိ အိမ်ခြေ ၃၁၈ အိမ်၊ လူဦးရေ ၁၅၂၈ ဦးတို့၏ လယ်ယာ ထုတ်ကုန်ဧက ၆၀၀ ကျော် အကျိုးပြုမည်ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးမင်းမင်းစိုးက ပြောသည်။
စိုးမိုးကျော်