မော်လမြိုင်မြို့မှ လူနာပို့ဆောင်ပြီး ရေးမြို့သို့ပြန်လာသည့် လူမှုကူညီရေးယာဉ်တစ်စီးအား သံဖြူဇရပ်မြို့နယ် ပိန္နဲတောကျေးရွာအနီး၌ PDF အမည်ခံ အကြမ်းဖက်သမားများက မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် ယာဉ်မောင်းနှင့် အကူယာဉ်မောင်းတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိ

 

နေပြည်တော်    စက်တင်ဘာ   ၉


မွန်ပြည်နယ်   မော်လမြိုင်မြို့မှ   လူနာပို့ဆောင်ပြီး ရေးမြို့သို့ပြန်လာသည့်  လူမှုကူညီရေးယာဉ်တစ်စီး အား  ယနေ့နံနက်အစောပိုင်းတွင်   PDF အမည်ခံ အကြမ်းဖက်သမားများက     သံဖြူဇရပ်မြို့နယ် ပိန္နဲတောကျေးရွာအနီး၌   မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် လူမှုကူညီရေးယာဉ်မောင်းနှင့်    အကူယာဉ်မောင်း တို့တွင်     မိုင်းစထိမှန်ဒဏ်ရာများ    ရရှိခဲ့ကြောင်း သိရသည်။

 


ဖြစ်စဉ်မှာ  ရေးမြို့ အောင်မင်္ဂလာရပ်ကွက်နေသူများဖြစ်သည့်   မောင်နေလင်းဦး (ခ)    အဘစ် (၂၀  နှစ်)    မောင်းနှင်ပြီး    အကူယာဉ်မောင်းအဖြစ် မောင်ညီလင်းထွန်း (ခ) ဇူးဇူး(၁၉ နှစ်)တို့ နှစ်ဦးသည် အောင်မင်္ဂလာလူမှုကူညီရေးယာဉ်ဖြင့် မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံကြီးသို့  လူနာသွားရောက် ပို့ဆောင်ပြီး ရေးမြို့သို့   ပြန်လည်ထွက်ခွာလာခဲ့ရာ ယနေ့နံနက် ၁ နာရီခွဲခန့်တွင် သံဖြူဇရပ်မြို့နယ်  ပိန္နဲတောကျေးရွာ အနီးအရောက်၌  PDF အမည်ခံ အကြမ်းဖက်သမား များက   လမ်း၏ယာဘက်မှ   မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့သဖြင့် လူမှုကူညီရေးယာဉ်မှာ လမ်း၏ယာဘက်မြေသားပေါ်သို့ရောက်ရှိ   ရပ်တန့်ခဲ့ပြီး   ယာဉ်၏ ဦးခေါင်းပိုင်းပျက်စီးကာ ယာဉ်မောင်း မောင်နေလင်းဦး(ခ) အဘစ်တွင် လည်ပင်းမိုင်းစ  ဖောက်ဝင်ဒဏ်ရာတစ်ချက်၊  ဝဲမျက်ခုံးကွဲ၊  ဦးခေါင်း နောက်စေ့ပေါက်ပြဲ  ဒဏ်ရာများနှင့်  မောင်ညီလင်းထွန်း(ခ) ဇူးဇူးတွင် နဖူးယာဘက် ဖူးရောင်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးကုသမှု ခံယူလျက် ရှိသည်။

 


ထိုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူများ၏ကျန်းမာရေး အခက်အခဲများအား ကိုယ်ကျိုးမငဲ့ ကူညီဆောင်ရွက်နေသည့် ပရဟိတ လူမှုကူညီရေးယာဉ်များအား  မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်  အကြမ်းဖက် သမားများကို  ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များက   လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ    ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။                

သတင်းစဉ်