
ရန်ကုန် စက်တင်ဘာ ၂၀
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ဂျပန်အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ ပူးပေါင်းဆောင်ရွက်ပြီး စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးချေးငွေ (JICA, Two Step Loan) ဖြင့် ဝယ်ယူခွင့်ရရှိသော လယ်ယာသုံး စက် ကိရိယာများအား တောင်သူများ လက်ဝယ်သို့ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ပိုင်းက မှော်ဘီမြို့နယ် မြန်မာ့ဆန်စပါး သုတေသန ရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း က အမှာစကားပြောကြား ရာတွင် လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ကူးပြောင်းချိန်တွင် လုပ်သားရှားပါးလာမှုကို ကူညီ ဖြည့်ဆည်းပေးပြီး အဆင့်မြင့်နည်းပညာများဖြင့် သီးနှံများ အထွက်တိုးစေရန် လယ်ယာသုံး စက် ကိရိယာများကို စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေး ချေးငွေ ကျပ် (၇၄၃ ဒသမ ၆၄) သန်းဖြင့် လယ်ထွန် စက် စက်ကြီးခြောက်စီး၊ ရိတ်သိမ်းခြွေလှေ့စက် ခြောက်စီး ဝယ်ယူခဲ့သော မြို့နယ် ငါးမြို့နယ်မှ တောင်သူ ၁၂ ဦးအား လက်ဝယ်သို့အရောက် ပေးအပ်ခြင်းဖြစ်ကြောင်း၊ ယခင်မြို့နယ် ၁၂ မြို့နယ် မှ တောင်သူ ၄၃၂ ဦးသို့ လယ်ယာသုံးစက်ကိရိယာ ၄၃၂ စီး ဝယ်ယူနိုင်ရန် ငွေကျပ် ၁၈၉၄၅ ဒသမ ၆၆ သန်း ထုတ်ချေးခွင့်ပြုထားပြီးဖြစ်ကြောင်း သိရသည့် အတွက် လုပ်ကိုင်နိုင်စွမ်းရှိသူ တောင်သူဦးကြီးများ အနေဖြင့် မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ်၊ ဘဏ်ခွဲ များနှင့် ဆက်သွယ်ဆောင်ရွက်ကြရန် အသိပေး ပြောကြားလိုကြောင်း၊ လယ်ယာသုံးစက်ကိရိယာ များ ရောင်းချနေသော ကုမ္ပဏီလုပ်ငန်းရှင်များမှ တောင်သူလက်ဝယ်သို့ အရည်အသွေးမြင့် စက် ကိရိယာများကို ဈေးနှုန်းမျှတစွာ ရောင်းချပေး ကြ ရန်နှင့် ရောင်းချပြီးနောက်ပိုင်း After Sale Service ကို ကောင်းစွာဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ထို့နောက် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက တောင်သူ ဦးကြီးများ လယ်ယာသုံး စက်ကိရိယာများကို ချေးငွေဖြင့် ဝယ်ယူနိုင်အောင် ဆောင်ရွက်ပေးခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးတို့က ခရမ်း၊ သုံးခွ၊ တိုက်ကြီး၊ ကော့မှူး၊ ကွမ်းခြံကုန်း မြို့နယ်တို့မှ တောင်သူ ၁၂ ဦးတို့ကို ဝယ်ယူခဲ့ သည့် လယ်ယာသုံးစက်ပစ္စည်းများ၏ စာရွက်စာတမ်း များအား လွှဲပြောင်းပေးအပ်ခဲ့ပြီး လယ်ယာသုံး စက်ကိရိယာများ ခင်းကျင်းပြသမှုကို ကြည့်ရှုခဲ့ ကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)