မစန်းပါး(၂) ဒီရေတော ကြိုးပြင်ကာကွယ်တော သတ်မှတ်

 

ပြည်ထောင်စုသမ္မတ  မြန်မာနိုင်ငံတော်အစိုးရ၊  သယံဇာတနှင့်  သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ သစ်တောဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသောလုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၁၉၆၂ ဧကရှိသောနယ်မြေကို “မစန်းပါး(၂) ဒီရေတော ကြိုးပြင်ကာကွယ်တော”အဖြစ် အမိန့်ကြော်ငြာစာအမှတ်(၁၀၀/၂၀၂၃)အရ ၁၃၈၅ခုနှစ်၊ ဝါခေါင်လဆန်း (၁၄) ရက်၊(၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်) မှ စ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။


သယံဇာတနှင့်   သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေရန်၊ ဇီဝမျိုးစုံမျိုးကွဲ ပေါကြွယ်ဝစေရန်၊ လှိုင်းဒဏ်၊ လေမုန်တိုင်းဒဏ်ခံစားရမှုများအား သဘာဝတံတိုင်းကြီးများသဖွယ် ကာကွယ်ရန်၊ ဒေသခံပြည်သူများအတွက် သား၊ ငါး၊ ပုစွန်စသော ရေသယံဇာတ များ စဉ်ဆက်မပြတ်ထုတ်ယူသုံးစွဲနိုင်ရန်နှင့် ဒီရေတောဂေဟစနစ် စီမံအုပ်ချုပ်မှု ပိုမိုကောင်းမွန်လာစေရန်ရည်ရွယ်၍ ဒီရေတောကြိုးဝိုင်း/ ကြိုးပြင်ကာကွယ် တောများ ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်ပါသည်။


မစန်းပါး(၂) ဒီရေတောကြိုးပြင်ကာကွယ်တောသတ်မှတ်ခြင်းဖြင့်   အဓိက ဒီရေတောသစ်မျိုးများဖြစ်သော ဗြူးခြေထောက်၊  ဗြူးအုပ်ဆောင်း၊  ကနစို၊ သမဲ့ကြီး၊ ကျန၊ ပင်လယ်အုန်း  စသည့်အဖိုးတန်သစ်မျိုးများနှင့်  လမု၊ လဘ၊ ဘူးဇရပ်၊ ပန်လုံး၊ သမဲ့ဖြူနှင့် ဓနိပင်စသည့် ဒေသမျိုးရင်း ဒီရေတောသစ်မျိုး   များအား ထိန်းသိမ်းနိုင်မည်ဖြစ် ခြင်း၊  ဗျိုင်း၊ ကြက်တူရွေး၊ သိန်း၊ ပန်းဇင်ငှက်နှင့် ဒင်ကြီးငှက်စသည့် ငှက်မျိုးများ၏ နေရင်းဒေသအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ သား၊ ငါး၊ ပုစွန်များ  စသည့်ရေနေသတ္တဝါ များ ရှင်သန်ပေါက်ဖွားရာ အဏ္ဏဝါ ဂေဟစနစ် ပိုမိုကောင်းမွန်လာစေ ခြင်းနှင့် သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ခြင်း    စသည့် အကျိုးကျေးဇူးများ  ရရှိနိုင်မည် ဖြစ်ပါသည်။


သယံဇာတနှင့်သဘာဝ
ပတ်ဝန်းကျင်ထိန်းသိမ်းရေး
ဝန်ကြီးဌာန