နေပြည်တော် ဖေဖော်ဝါရီ ၁၇
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံသံရုံးများမှ သံတမန်ကိုယ်စားလှယ်များသည် ယနေ့တွင် နေပြည်တော်၌ ဒုတိယ နေ့အဖြစ် မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများသို့ သွားရောက်ကြည့်ရှုလေ့လာကြသည်။
နံနက်ပိုင်းတွင် သံတမန်ကိုယ်စားလှယ်များသည် နေပြည်တော် တပ်ကုန်းမြို့ရှိ အေးချမ်းသာ စံပြကျေးရွာသို့ သွားရောက်ရာ သမဝါယမ နှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာသူ ကျေးရွာသားများက လှိုက်လှဲစွာ ကြိုဆိုကြသည်။ ထို့နောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုစီမံကိန်းဖြင့် တည်ဆောက်ပေးခဲ့သည့် ကျေးရွာအတွင်း ရေ/မီး ရရှိရေးစနစ်များ၊ စာသင်ကျောင်း၊ ကျောင်း စာကြည့်တိုက်နှင့် ရက်ကန်းလုပ်ငန်းတည်ထောင်ထားရှိမှုတို့ကို ကြည့်ရှု လေ့လာကြပြီး သံတမန်ကိုယ်စားလှယ်များသည် အေးချမ်းသာစံပြ ကျေးရွာအလယ်တန်းကျောင်းရှိ ကျောင်းစာကြည့်တိုက်သို့ စာအုပ်များ ပေးအပ်လှူဒါန်းကြသည်။
ထို့နောက် သံတမန်ကိုယ်စားလှယ်အဖွဲ့သည် ဇေယျာသီရိမြို့နယ်ရှိ ရေဆင်းသစ်တောသုတေသနဌာနက မဲခေါင်-လန်ချန်း ပူးပေါင်းဆောင် ရွက်မှုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် “Assessment of Toxic Organic Contaminants in Mekong River Basin of Myanmar” စီမံကိန်း၏ “ရေဓာတ်ခွဲခန်း” ကို သွားရောက် လေ့လာရာ တာဝန်ရှိသူများက စီမံကိန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ကြသည်။
ဆက်လက်၍ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်သို့ ဆက်လက် ထွက်ခွာကြရာ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ က ဘွဲ့နှင်းသဘင်ခန်းမမှ ကြိုဆိုကြသည်။ သံတမန်ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ဘွဲ့နှင်းသဘင်ခန်းမ၌ ခင်းကျင်းပြသထားသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မဲခေါင် - လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု စီမံကိန်းဆိုင်ရာ ပြခန်းငယ်ကို လှည့်လည်ကြည့်ရှုကြပြီး တာဝန်ရှိသူများက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်က အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းသုံးခုဖြစ်သော (က) Establishing Agricultural Libraries Network between Universities within Lancang-Mekong Area (Library)၊ (ခ) Establishing of Agricultural Extension Laboratories (Audio Visual and Media Production Laboratory) နှင့် (ဂ) Establishing of Agricultural Biotechnology Laboratory and Research Network between Universities within Lancang-Mekong Area နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြပြီး တက္ကသိုလ်အတွင်းရှိ အဆိုပါစီမံကိန်းသုံးခုသို့ သွားရောက်လေ့လာ ကြသည်။
ယင်းနေ့ညနေပိုင်းတွင် သံတမန်ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော် ရှိ M-Gallery Hotel ၌ နိုင်ငံခြားရေးဝန်ကြီးဌာန၏ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့က ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
သတင်းစဉ်



