
သိမ့်သိမ့်မိုး (မြန်မာ့အလင်း)
ကောင်းကင်ယံထက်မှ တိမ်စိုင်တိမ်လိပ်များ ကြားဝယ် သက်တော်ထင်ရှား မြတ်စွာဘုရားရှင် စံပယ်တော်မူနေသည့်အလား တည်ရှိနေသော သပ္ပာယ်ကြည်ညိုဖွယ်ကောင်းလှသည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များ အနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သော မာရ ဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အဝေးမှ ဖူးမြင်ရသည်နှင့်ပင် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မေတ္တာရိပ်က စိတ်ကြည်နူးချမ်းမြေ့မှုနှင့် စိတ်ငြိမ်းချမ်းမှုကို စတင်ပေးစွမ်းခဲ့လေပြီ။
မာရဝိဇယဗုဒ္ဓဥယျာဉ် အဝင်မုခ်ဦးမှစ၍ လမ်းဘေးဝဲယာတစ်လျှောက်တွင် သစ်ပင် ပန်းမန်များ အစီအရီ စိုက်ပျိုးထားရာ မုခ်ဦး ကတည်းကပင် မိမိ၏စိတ်သန္တာန်က အေးချမ်းမှုကို စတင်ခံစားရသည်။ ဘုရားကြီး တည်ထားပူဇော်ရာ ရင်ပြင်တော်ပေါ်သို့ သွားရာလမ်းတစ်လျှောက်တွင် လည်း စကျင်ကျောက်ပြားများ ခင်းကျင်းထားသည့် အတွက် စကျင်ကျောက်၏ အေးမြမှုကိုလည်း ခံစား ရပါသည်။ ထို့အပြင် ဗုဒ္ဓဥယျာဉ်တော်အတွင်း သုဓမ္မာဇရပ်များ၊ ရေပန်းရင်ပြင်နှင့် ရေပန်းဝိုင်းငယ် များဖြင့်လည်း တင့်တယ်လျက် ရှိလှပါသည်။
စိတ်ချမ်းမြေ့ဖွယ်မြင်ကွင်း
ဘုရားရင်ပြင်တော်တွင် ဘုရာဖူးလာ ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များ၊ ဝတ်အသင်းအဖွဲ့ များကလည်း ဘုရားရင်ပြင်တော်ပေါ်တွင် ပရိတ် တရားတော်များ ရွတ်ပွားပူဇော်နေကြသည်မှာ စိတ်ချမ်းမြေ့ဖွယ်ကောင်းလှသည့် မြင်ကွင်းများ ထဲမှ တစ်ခုအပါအဝင်ဖြစ်သည်။ တံခွန်တိုင်နှင့် သဒ္ဓါဓိပတိ ခေါင်းလောင်းတော်ကို ဘုရားဖူးများ စိတ်ဝင်စားစွာ လေ့လာကြည်ညိုနေကြသည်ကို မြင်တွေ့ရသည်။
ဘုရားရင်ပြင်ပေါ်သို့တက်သည့် လှေကားမှာ မမြင့်လှသော်လည်း မသန်စွမ်းသူများနှင့် သက်ကြီး ရွယ်အိုများ ဘုရားရင်ပြင်တော်ပေါ်သို့ လွယ်ကူ အဆင်ပြေစွာ တက်ရောက်နိုင်ရန် စက်လှေကားထည့်သွင်းတည်ဆောက်ထားသည့်အစီအစဉ်မှာလည်း လွန်စွာကောင်းမွန်လှသည်ကို တွေ့ရသည်။ ဗုဒ္ဓဥယျာဉ်တော်အတွင်း ဗောဓိညောင်ပင်၊ လင်းလွန်းပင်၊ ကျည်းပင်၊ လုမ္ဗိနီအင်ကြင်းပင် အစ ရှိသည့် ဗုဒ္ဓဘာသာနှင့် ဆက်စပ်နေသည့် သစ်ပင်မျိုး များ အပါအဝင် ကံ့ကော်ပင်နှင့် ပန်းပင်များစွာ စိုက်ပျိုးထားသည်ကို တွေ့မြင်ရသည်။
သပ္ပာယ်စွာလေ့လာဖူးတွေ့
ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မျက်နှာမူရာ ရှေ့တူရူ အရပ်တွင် မြတ်ဗုဒ္ဓ၏ဟောကြားခဲ့သော တရားတော် များဖြစ်သည့် သုတ္တန်၊ ဝိနည်း၊ အဘိဓမ္မာတို့၏ ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျမ်းစာများကို ပါဠိ အက္ခရာ၊ ရိုမန်ဘာသာတို့ဖြင့် ရေးထိုးထားသည့် ကျောက်စာရုံစေတီ ၇၂၀ တွင် ကျောက်စာချပ်ရေ ၁၄၄၀ နှင့် ပင်မကျောက်စာရုံစေတီတွင် ကျောက်စာ လေးချပ် စုစုပေါင်းကျောက်စာချပ် ၁၄၄၄ ချပ်ကို သပ္ပာယ်စွာလေ့လာဖူးတွေ့ရသည်။
အဆိုပါကျောက်စာချပ်များမှာ ဗုဒ္ဓဥယျာဉ် တော်အတွင်း မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အား ဖူးမြော်ရာတွင် ပိဋကတ်သုံးပုံကျမ်းစာမြတ်များ ကိုပါ တစ်ပါတည်း ဖူးမြော်နိုင်ရေးနှင့် နောင် နှစ်ပေါင်းများစွာတိုင် မှတ်တမ်းများ ကျန်ရှိစေရေး ရည်ရွယ်ပြီး တည်ထားခြင်းဖြစ်ကြောင်း သိရပါ သည်။
ဘုရားရင်ပြင်တော်နှင့် ရေပန်းရင်ပြင်ကြားတွင် ဆောက်လုပ်ထားသည့် မန္တလေးနန်းမြို့အဝင် မင်္ဂလာတံတားပုံစံတူ တံတားကိုလည်း ရတနာပုံ ခေတ်ဟန်အတိုင်း လက်ရာမြောက်စွာ တည်ဆောက် ထားသည်ကို တွေ့ရသည်။ သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများကို ခမ်းနားစွာ ကျင်းပနိုင်သည့် သံဃာတော်အပါး ၉၀၀ နှင့် လူပရိသတ် ၁၂၀၀ ဝင်ဆံ့နိုင်သော အလျား၂၉၆ ပေ၊ အနံ ၂၁၃ ပေ၊ အမြင့် ၉၄ ပေရှိ ဗိသုကာလက်ရာမြောက်လှသည့် အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီးကို ခမ်းနား ထည်ဝါစွာ တွေ့မြင်ရမည်ဖြစ်ပြီး ဘုရားဖူးလာ ရဟန်းရှင်လူပြည်သူများ ဝင်ရောက်လေ့လာကြ သည်ကိုလည်း ကြည်နူးစွာ တွေ့မြင်ရသည်။
မျက်စိတစ်ဆုံးလေ့လာနိုင်
အဆိုပါသိမ်တော်ကြီးကို လေ့လာပြီးလျှင် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း အံ့ချီးမကုန် နိုင်ဖွယ်ရာ အနုလက်ရာမြောက်လှသည့် မြန်မာမှု လက်ရာများကို ခေတ်မီနည်းစနစ်များဖြင့် ပေါင်းစပ် ပုံဖော်ထားသည့် မြန်မာ့ယဉ်ကျေးမှုများကို ပြည့်ပြည့်စုံစုံ မျက်စိတစ်ဆုံး လေ့လာနိုင်ပါ သည်။
ဩဝါဒါစရိယဆရာတော်ကြီးများ၏ ဩဝါဒ ခံယူလျက် ပိဋကတ်တော်လာ အဆိုများနှင့် မဟာ ဗုဒ္ဓဝင် ကျမ်းဂန်တော်များနှင့်အညီ ပြည့်စုံစွာ တည်ထားသည့် မုစလိန္ဒနဂါးရုံဘုရားနှင့် မုစလိန္ဒ အိုင်တို့တွင်လည်း ဘုရားဖူးလာပြည်သူများ ဖူးမြော် လေ့လာလျက်ရှိသည်ကို မြင်တွေ့ရသည်။ ဘုရားဖူး လာပြည်သူများ မျက်စိပသာဒဖြစ်စေမည့် စိမ်းလန်း စိုပြည်လှသည့် မြက်ခင်းများနှင့် ပန်းပင်များလည်း လှပသပ်ရပ်စွာ စိုက်ပျိုးထားသည်။
ထို့အပြင် နေပူပြင်းသည့်အချိန်တွင် ဂန္ဓကုဋိ တိုက်တော်များအတွင်းမှ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အား ဖူးမြော်ကြည်ညိုနိုင်ရန် ဂန္ဓကုဋိတိုက်များကို လည်း စကျင်ကျောက်များအသုံးပြု၍ ဇာတ်နိပါတ် တော်များကို အနုသုခုမလက်ရာမြောက်စွာဖြင့် ပဋ္ဌာန်းမြတ်ဒေသနာ ၂၄ ပစ္စည်းကို ရည်စူးလျက် အနုလက်ရာများ မတူညီသည့်အဆောင် ၂၄ ဆောင် တည်ဆောက်ထားသည်။
ဘုရားဖူးလာပြည်သူများ နားနေရန်အတွက် ဗုဒ္ဓဥယျာဉ်တော်အတွင်း သုဓမ္မာဇရပ်များ တည် ဆောက်ထားသော်လည်း ဂန္ဓကုဋိတိုက်များတွင် ဘုရားဖူးလာသူတချို့က အစားအသောက်များ စုဝေးစားသောက်ခြင်းများ ပြုလုပ်နေကြသည်။ ဘုရားဖူးလာသူများ ဂန္ဓကုဋိတိုက်အတွင်း လွတ်လပ်စွာ ဖူးမြော်လေ့လာနိုင်ရန် ထိုကဲ့သို့ စုဝေးစားသောက်ခြင်းများ ပြုလုပ်ခြင်းသည် သင့်လျော်မှုမရှိသည့်အတွက် တားမြစ်ရမည့် ကိစ္စရပ်တစ်ခုဟု ထင်မိပါသည်။
လိုက်နာစောင့်ထိန်း
ဘုရားဖူးလာပြည်သူများအနေဖြင့် ကျယ်ဝန်း သည့် ဗုဒ္ဓဥယျာဉ်တော်အတွင်း လေ့လာ ဖူးမြော်မှု များပြုလုပ်ရာတွင် မိမိတို့တွင် ပါရှိလာသည့် အမှိုက် များကို အလွယ်တကူ စွန့်ပစ်ခြင်းများ မပြုလုပ်မိစေ ရန်နှင့် လမ်းဘေးဝဲယာတစ်လျှောက်တွင် စိုက်ပျိုး ထားသည့် ပန်းမန်များကိုလည်း ခူးယူခြင်း မပြုလုပ် ကြရန် အထူးသတိထားကြရပါမည်။ သို့မှသာ ဗုဒ္ဓဥယျာဉ်တော်အတွင်း အများပြည်သူ စိတ်ချမ်း မြေ့မှုရှိစေရန် ဆောင်ရွက်ထားမှုများကို အားလုံး ကိုယ်စီ လိုက်နာစောင့်ထိန်းကုသိုလ်ပြုခြင်းဖြင့် ဗုဒ္ဓဥယျာဉ်တော်ကြီး ထာဝစဉ်သန့်ရှင်းသာယာ နေမည်ဖြစ်ပါသည်။
ခိုင်မာစွာထွန်းလင်း
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဥယျာဉ် တော်ကြီးသည် ထေရဝါဒဗုဒ္ဓသာသနာ တည်ရှိ နေသရွေ့၊ မြန်မာနိုင်ငံ တည်ရှိနေသရွေ့ တည်ရှိ နေမည်ဖြစ်ပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအား တည်ထားသည့် ရည်ရွယ်ချက်ကောင်းများ ဖြစ်သည့် မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓသာသနာ တော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပနေမှုအား ကမ္ဘာကို ပြသရန်၊ မြန်မာနိုင်ငံသည် ထေရဝါဒ ဗုဒ္ဓဘာသာ ကိုးကွယ်မှု၏ ဗဟိုချက်ဖြစ်စေရန်၊ နိုင်ငံတော်ကြီး သာယာဝပြောမှုရှိစေရန်နှင့် ကမ္ဘာ ကြီးငြိမ်းချမ်းသာယာမှုဖြစ်စေရန်ဟူသည့် ရည်ရွယ် ချက်များအတိုင်း အောင်မြင်ထမြောက်အောင် စာရေးသူ အပါအဝင် ပြည်သူပြည်သားများက ဆက်လက်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။
- Log in to post comments