
နေပြည်တော် ဧပြီ ၂၇
နေပြည်တော် လယ်ဝေး မြို့နယ်တွင် လေဆင်နှာမောင်း တိုက်ခတ်မှု ဖြစ်ပွားခဲ့သော တံတားဦးကျေးရွာနှင့် အောင်မြင် ကုန်းကျေးရွာတို့မှ ဒေသခံ ရွာသူ ရွာသားများကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ အခြေခံ စားသောက်ကုန်များ ထောက်ပံ့ ပေးအပ်ပွဲကို ဧပြီ ၂၆ ရက်က အဆိုပါကျေးရွာများတွင် ပြုလုပ် ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့် တက် ရောက်ပြီး လေဘေးသင့်ပြည်သူ များကို အခြေခံစားသောက်ကုန် များ ထောက်ပံ့ပေးအပ်ကာ ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာ တွင် တံတားဦးကျေးရွာမှ အိမ်ထောင်စု ၉၆ စု နှင့် အောင်မြင် ကုန်းကျေးရွာမှ အိမ်ထောင်စု ၁၆၉ စု စုစုပေါင်းအိမ်ထောင်စု ၂၆၅ စု အတွက် အိမ်ထောင်စုတစ်စုလျှင် ဆန် ခြောက်ပြည်အိတ်တစ်အိတ်၊ ဆီ ၅၀ ကျပ်သားတစ်ဘူး၊ ခေါက်ဆွဲခြောက် ၁၂ ထုပ်၊ ငါး သေတ္တာသုံးဘူးတို့ကို ထောက်ပံ့ ပေးအပ်သည်။
အဆိုပါပေးအပ်ပွဲသို့ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ တင်တင်လေး၊ အချိန်ပြည့် အလုပ်အမှုဆောင် ဒေါက်တာ ဒေါ်ရီရီတင်၊ နေပြည်တော် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ချို၊ အသင်းဌာနချုပ် ဒုတိယအထွေထွေအတွင်းရေးမှူး၊ ညွှန်ကြားရေးမှူးများနှင့် တာဝန် ရှိသူများ တက်ရောက်ကြ သည်။
အဆိုပါ လေဆင်နှာမောင်း တိုက်ခတ်မှုဖြစ်ပွားခဲ့သော ဧပြီ ၂၁ ရက် ညနေပိုင်းကလည်း နေပြည်တော်မှ ကြက်ခြေနီ စေတနာလုပ်အားရှင် များသည် အဆိုပါ ကျေးရွာများသို့ အချိန်နှင့် တစ်ပြေးညီ သွားရောက်ခဲ့ပြီး အပျက်အစီးများကို ကူညီ ရှင်းလင်းပေးခြင်း၊ ရွာသူရွာသား များ ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ရာတွင် ကူညီခြင်း၊ မိသားစုချင်း အဆက်အသွယ် ရရှိစေရန် ဆောင်ရွက်ပေးခြင်း၊ ထိခိုက် ဒဏ်ရာရရှိသူများကို ရှေးဦးပြုစု စောင့်ရှောက်ပေးခြင်း၊ ဆေးရုံ များသို့ ဆက်လက်ပို့ဆောင်ရန် လိုအပ်သည့် လူနာများကို ကြက်ခြေနီ လူနာတင်ယာဉ်များ ဖြင့် ပို့ဆောင်ပေးခြင်း စသည့် လူမှုကရုဏာအကူအညီပေးခြင်း များကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်