
ဗညားကျန်းထော
==========
ပရိသတ်
လွန်ခဲ့တဲ့နှစ်ပေါင်း ငါးဆယ်တိတိက တပ်မတော်(ကြည်း)နဲ့ တပ်မတော်(လေ) တပ်ရင်းတပ်ဖွဲ့အသီးသီးမှာ ပြန်တမ်းဝင်အရာရှိ အဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံခဲ့ရတဲ့ အရာရှိဗိုလ်လောင်းတွေဟာ ယခုအခါ အသက် ၇၀ ကျော်ကြပြီ။ အရာရှိသက်တမ်း ရွှေရတုကာလ ရောက်တဲ့ ၂၀၂၂ ခုနှစ် မတ်လ ၂၀ ရက်နေ့ကို ဂုဏ်ယူကျေနပ် ကြည်နူး ကြလို့ အမှတ်တရမဂ္ဂဇင်း ထုတ်ဝေမယ်ဆိုတော့ ရေးကြမယ့်ပရိသတ် က အသက် ၇၀ ဝန်းကျင်။
ဖတ်ကြမယ့်သူတွေကလည်း တတိယအရွယ်တွေပဲ များပေ မှာပေါ့။ သူငယ်ချင်းအချို့လည်း မရှိရှာတော့။
သားသမီးအရွယ် အသက် (၃၀-၅၀) လူလတ်ပိုင်းက ဖတ်ဖြစ်ပါ့ မလားမသိ။ သူတို့မှာ ရှင်သန်ရေး၊ ရပ်တည်ရေး၊ ရှေ့တိုးတက်ရေး၊ မိသားစုပြုစုပျိုးထောင်ရေးတွေနဲ့ တော်တော်ရုန်းကန်နေကြရတဲ့ အပိုင်းအခြားကာလ။ ယားရင်တောင် ထုံးတို့ထားပြီး အားတဲ့အချိန် လေးရလာမှ ကုတ်ရတယ်ဆိုတဲ့လူတွေ။ အလုပ်လုပ်ချိန်များပြီး စာဖတ်ချိန်ရဖို့တော့ မလွယ်လှပေဘူး။
မြေးတွေ မြစ်တွေအရွယ်ကတော့ ခေတ်မီ မီဒီယာလှိုင်းတွေက ဘာမဆိုမြင်နိုင်၊ ကြားနိုင်၊ ဆွဲဆောင်လွှမ်းမိုးနိုင်နေတော့ စာအုပ် ဆိုတာဟာ ရှေးဟောင်းပစ္စည်းလိုဖြစ်နေရှာပါပြီ။ စာဖတ်တဲ့ အလေ့အထ လည်း နည်းလာကြတယ်လို့ ပြောနေကြတယ်လေ။
သူတို့တစ်တွေကတော့ အသက် (၃၀) အောက် လူငယ်လူရွယ်တွေ ပဲပေါ့။ ရုပ်ရည်လည်းအချောဆုံး၊ အရွယ်ရဲ့ကောင်းခြင်းနဲ့ ပြည်စုံကြ သလို ဉာဏ်ရည်ဉာဏ်သွေးလည်း အထက်မြက်ဆုံး၊ ကာယစွမ်းအား လည်း အကြံ့ခိုင်၊ အသန်မာဆုံး၊ တကယ့်ကို အားကိုးရမယ့် အသက် အပိုင်းအခြား။
မိမိကလည်း လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ကျော်ကာလ စာတွေ စရေးစဉ်ကတည်းက လူငယ်တွေကိုပဲ ဦးတည်ချက်ပစ်မှတ်ထားပြီး ရေးခဲ့မိတယ်။ စွဲစွဲမြဲမြဲနဲ့ ကျားကုတ်ကျားခဲကြိုးစားခဲ့ပါတယ်။ ကလေးစာပေရေးဖို့လည်း အားမထုတ်ခဲ့ဖူးဘူး။ လူကြီးစာပေရေးဖို့ ရာလည်း အားမသန်ဘူး။ အသက် (၂၀-၃၀) လူငယ်တွေအတွက် သက်သက်ကိုသာ စူးစူးစိုက်စိုက် လေ့လာဆည်းပူး ရေးသားခဲ့ပါတယ်။
ရေးတဲ့ Medium၊ Mean၊ Pattern နည်းနာအဆင့်ကလည်း တစ်မျိုးတစ်စားတည်းသာ။ စကားပြေဆောင်းပါး။
ကဗျာလည်း မရေးဘူး။
ဝတ္ထုတိုလည်း မရေးဘူး။
ဝတ္ထုရှည်လည်း မရေးဘူး။
ပစ်မှတ်
ဒါဆိုရင် သုတစာပေ သက်သက်ပေါ့။ ဟုတ်လား။ ဒီလိုတော့ လည်း မဟုတ်ပါဘူးလေ။ ရသအနုပညာမပါဘဲ နှစ်ပေါင်း ၃၆ နှစ် ကြာအောင် စာအုပ် ၁၂၄ အုပ် (အချို့စာအုပ်က အကြိမ် ၂၀/၁၀ ကြိမ် ရိုက်ခဲ့ရ) အရောင်းရဆုံးရောင်းတမ်းဝင် ထင်ရှားအောင်မြင်တဲ့ စာအုပ်မျိုးတွေရှိခဲ့တာမို့ စာဖတ်ပရိသတ်ရဲ့ လက်ခံအားပေးမှု ဘယ်ရရှိနိုင်မှာလဲ။ အနုပညာရသပါလို့သာ စာဖတ်ပရိသတ်က ဝယ်ဖတ်ကြတာလေ။ စာရေးတယ်ဆိုတာ ကိုယ်ရေးချင်တာချည်း ရေးနေလို့ ပရိသတ်မရှိရင် တာရှည် ဘယ်လိုလုပ်ရပ်တည်နိုင်ပါ့မလဲ။ စာဖတ်ပရိသတ်က အသိအမှတ်ပြု တန်ဖိုးထားမှသာ စာရေးဆရာ နာမည်တပ်လို့ရတာလေ။ ကိုယ့်ဘာသာကိုယ် စာရေးဆရာလို့ ပြောချင်တိုင်းပြောလို့ရတာတော့ မဟုတ်ပေဘူး။
စာဖတ်ပရိသတ်ရဲ့ တန်ဖိုးဖြတ်အကဲခတ်ရာမှာ ဒီစာရေးသူ ဟာဖြင့် စေတနာပါတယ်။ ခံစားချက် မျှဝေနိုင်ပေတယ်။ သူ့ရဲ့ ရေးသားပုံမှာလည်း စာပေအနုပညာ၊ စာပေအတတ်ပညာဆွဲဆောင်မှု ရှိတယ်။ ဖတ်ရတာနှစ်သက်စွဲမက်စရာ တစ်ခုခုတော့တွေ့မိတယ် ဆိုမှသာ ဆုံးအောင်ဖတ်ပေမှာပေါ့။
စာဖတ်သူကို လေးစားတယ်၊ တန်ဖိုးထားတယ်၊ စေတနာ ခွန်အားကြီးမားထက်သန်တယ်၊ ကောင်းစေချင်တဲ့ အကျိုးပြုစေတနာ ပါတယ်ဆိုတဲ့ စာမျိုးကိုသာ အမှတ်တရ စိတ်ထဲစွဲဝင်နိုင်တာ။ စေတနာက အတုလုပ်လို့မရဘူး။ ဟန်ဆောင်လို့မရဘူး။ စေတနာ ကောင်းက အဓိကပဲ။ ဖတ်သူပရိသတ်ဦးရေ အားပေးလောက်တဲ့ အရွယ်အပိုင်းအခြားဦးရေ နည်းပါးမယ့် ပစ်မှတ်ပရိသတ်အတွက် ဘာလို့ ရွေးချယ်စဉ်းစားပြီး ရေးသားနေတာလဲ။
အရေအတွက်ဟာ အရေးမကြီးဘူးလို့ မဆိုလိုပေမယ့် အရည် အသွေးအတွက်က ပိုပြီးအရေးကြီးတယ်လို့ ခံယူတဲ့အတွက် ရင်ထဲ အသည်းထဲက ထုတ်ဖော်လှစ်ဟချင်တဲ့ အချက်အချို့ကို မျှဝေပါရစေ။ အသက် (၁၈) နှစ်ကျော်သူဆိုရင် လူမျိုးမရွေး၊ ဘာသာမရွေး၊ အထွေထွေ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးခွင့်ရှိကြတယ်။ ဒါဟာ ပြည်ထောင်စု မြန်မာနိုင်ငံအတွက် အင်မတန်အခြေခံကျတဲ့ လူ့အခွင့်အရေးပါပဲ။
အထွေထွေရွေးကောက်ပွဲဟာ တကယ်ဆိုရင် ဒီမိုကရေစီရဲ့အသက် (ဝါ)ကျောရိုးတစ်ခုပဲဆိုတာ အကျယ်ပြောနေစရာမလိုအောင် ထင်ရှား လှပါတယ်။ နိုင်ငံတကာက ဒီမိုကရေစီစနစ်ကို ကျင့်သုံးလာခဲ့ကြတဲ့ နိုင်ငံအားလုံးက ဒါကို သိမြင်နားလည်ကြပါတယ်။
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မသမာတဲ့နည်းတွေ အသုံးပြုပြီး မဲစာရင်းတွေ မတော်မတရား လွဲမှားပြောင်းလဲအောင် လုပ်တာကို (လုံးဝမငြင်းနိုင်အောင်) လက်ဆုပ်လက်ကိုင် အထင်အရှား တွေ့ရှိထားရပြီဆိုမှတော့ ဒါတွေကို ကျူးလွန်ခဲ့သူတွေဟာ တရားဥပဒေ အရ စစ်ဆေး အပြစ်ပေးအရေးယူခြင်း ခံရပေမှာပဲ။
အခြေခံအသိ
တိုင်းရင်းသားလူမျိုးပေါင်းစုံ ရှိကြတယ်။ ဘာသာကိုးကွယ်ရာ မတူဘူး။ စာပေချင်းမတူဘူး။ ဘာသာစကားလည်း ကွဲပြားတယ်။ နေထိုင်ရာဒေသ။ ချမ်းသာဆင်းရဲ၊ ပညာတတ်တာ မတတ်တာ၊ ကျား/မ စသဖြင့် ကွဲပြားချင်တာ ကွဲပြားပါစေ၊ အားလုံးပဲ ဆန္ဒမဲပေးခွင့်ရှိကြတယ်။
အမျိုးသမီးတွေ မဲပေးခွင့်ရခဲ့တာ မကြာသေးဘူး။ ဒီမိုကရေစီ အမည်ခံပေမယ့် ခွဲခြားဆက်ဆံခံရတာ ဗြိတိန်ကော၊ အမေရိကန်ကော နှစ်ပေါင်းများစွာပဲ။
လူမည်းတွေ မဲပေးခွင့်ရတာလည်း မကြာသေးပါဘူး။ မဲပေးခွင့်ရဖို့ တိုက်ပွဲဝင်တောင်းဆိုခဲ့လို့ ဖိနှိပ်သတ်ဖြတ် ချေမှုန်းခံရတာတွေလည်း (ဗြိတိသျှကိုလိုနီ၊ တောင်အာဖရိကနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု နိုင်ငံတို့မှာ) ကမ္ဘာ့သမိုင်းမှာ ရာဇဝင်အရှည်ကြီး။ အမေရိကန်သမ္မတ အဆက်ဆက် တောက်လျှောက် လူဖြူချည်းရွေးခဲ့ကြတာ နှစ်ပေါင်း ၂၀၀ ကျော်လာပြီး ၄၆ ယောက်မြောက်မှာမှ လူမည်းသမ္မတ တစ်ယောက်တလေ စတင်ပေါ်ပေါက်ခွင့်ရတာလေ။ အဲသလိုခွဲခြား ဖိနှိပ်ခဲ့ကြတဲ့ ဒီမိုကရေစီအမည်ခံတွေနဲ့ နှိုင်းစာကြည့်ရင် ပြည်ထောင်စု မြန်မာနိုင်ငံ သမ္မတအစဉ်အဆက်မှာ ရှမ်းလူမျိုး စပ်ရွှေသိုက်၊ ကရင် လူမျိုး မန်းဝင်းမောင်၊ မွန်လူမျိုး ဦးထင်ကျော်(စာရေးတဲ့အခါ ကလောင် အမည်တောင် မွန်အမည်)စသည်ဖြင့် တိုင်းရင်းသားအားလုံး တန်းတူညီမျှ အခွင့်အရေးအပြည့်အဝရခဲ့ကြတဲ့ သမိုင်းကိုမြင်ရပါတယ်။ ဒီမိုကရေစီ ဆိုတာ အမည်သာခံတာ၊ အနှစ်သာရ ကွဲပြားခြားနားတဲ့ အတုအယောင် ဟန်ဆောင်မှုတွေနဲ့ လည်သူစားစတမ်း မသမာမှု၊ မမျှတမှုတွေ ရှိခဲ့ပေ တယ်။ နိုင်ငံတကာဖြစ်ရပ်တွေကို လေ့လာသိမြင်ကြရပါမယ်။ သမိုင်းကို မသိခဲ့ရင် အ တယ်လို့ သမိုင်းပါမောက္ခ ဒေါက်တာသန်းထွန်းက ပြောကြားခဲ့ဖူးပါတယ်။ မ အ အောင်လို့ သမိုင်းကိုသိအောင် သင်ကြ ရတယ်။
လူ့အခွင့်အရေးဆိုတာ အရေးကြီးပါတယ်။
လူ့အခွင့်အရေးကို ကလေးသူငယ်ကော၊ အမျိုးသမီးတွေကော၊ မသန်စွမ်းသူတွေကော၊ ဝင်ငွေနိမ့်ကျ ဆင်းရဲနွမ်းပါးသူကော၊ သက်ကြီးရွယ်အိုကော၊ စာမတတ်ပေမတတ်တွေကော ခွဲခြားခံရ ခြင်းမရှိဘဲ တန်းတူညီမျှ အခွင့်အရေးရရှိအောင် ဆက်လက် လုပ်ဆောင်ကြရပါမယ်။ မှန်တယ်။
“လူလူချင်းအတူတူပါပဲ။ ကုလားလည်းလူပဲ၊ လာပါစေ၊ တရုတ် လည်းလူပဲ ဝင်ပါစေ။ ထိုင်းလည်းလူပဲ နေပါစေ”လို့ ခွင့်ပြုလက်ခံ စေချင်လို့တော့မရဘူးလေ။ အမည်ခံလှည့်စား၊ အမြတ်ထုတ်ခြင်းများ သတိထားရတယ်။ လူအင်အား၊ လက်နက်အင်အား၊ စီးပွား၊ ဓနအင်အား၊ ခေတ်မီနည်းပညာအင်အားသာလွန်တာ အကြောင်း ပြုပြီး မိမိနိုင်ငံ၊ မိမိလူမျိုးအပေါ် မသင့်လျော်တဲ့ အနိုင်ကျင့် ဗိုလ်ကျ မှုမျိုး၊ ဒူးတင်ပေါင်တင် ကျူးကျော်ချင်တာမျိုးရှိလာရင်တော့ သည်းခံ၊ ခွင့်လွှတ်၊ အလျှော့ပေး၊ ငြိမ်ခံနေလို့မရ။
အန္တရာယ်ကိုကြိုသိ
တရုတ်က လူဦးရေ သန်းပေါင်း ၁၄၀၀။
ထိုင်းက လူဦးရေ သန်းပေါင်း ၇၀ နီးပါး။
မြန်မာက လူဦးရေ ၅၄ သန်းပဲ ရှိပါတယ်။
ဘင်္ဂလားဒေ့ရှ်က လူဦးရေ ၁၇၄ သန်း။
အိန္ဒိယက လူဦးရေ သန်းပေါင်း ၁၃၀၀ ကျော်။
နှင်းပွင့်နှင်းခဲတွေဖုံးလွှမ်းနေပြီး ပင်လယ်ပြင်ရေမျက်နှာပြင် အထက်ပေပေါင်း ၁၉၂၉၆ ပေမြင့်တဲ့ တောင်တန်းတောင်ကြောတွေ ပိုင်ဆိုင်သလို ကမ်းရိုးတန်းအရှည်မိုင် ၁၅၀၀ လောက် သယံဇာတ ကြွယ်ဝတဲ့ ပင်လယ်ကမ်းရိုးတန်းနဲ့ ရေနက်ဆိပ်ကမ်းတွေ ပိုင်ဆိုင်တဲ့ နိုင်ငံ။ သယံဇာတပေါကြွယ်ဝပြီး ရာသီဥတုလည်း သင့်တင့်မျှတ ပေမယ့် အသိဉာဏ်နဲ့ ဗဟုသုတအားနည်းကြလေတော့ လွတ်လပ် ရေးရခဲ့တာ နှစ် ၇၀ ကျော်ကြာပေမယ့် တစ်တော တစ်ကြက်ဖတွန်ချင်။ သူတစ်လူ ငါတစ်မင်း စစ်ခင်းပြီး အာဏာယူချင်။ နိုင်ငံရေးပဋိပက္ခကို လက်နက်ကိုင်ဖြေရှင်းနည်းနဲ့ လုံးချာလည်လိုက်နေခဲ့တာ အဆင်း ရဲဆုံးနိုင်ငံအဆင့်မှ ကျရှုံးနိုင်ငံဘဝရောက်ရလုလု အခြေအနေတောင် ဆိုက်လာရပြီ။
အမေရိကန်ကလည်း တရုတ်ရဲ့ အနောက်ဘက်ပိုးလမ်းမ ပင်လယ်ထွက်ပေါက်မရအောင် မြန်မာကို တစ်စစီ တစ်ပိုင်းစီ ဖြိုခွဲပြီး ဖျက်ဆီးဖို့ကြံစည်စီမံနေတယ်။ အတွင်းက သစ္စာဖောက် ဓားရိုးကမ်း တွေကလည်း ဖောက်ခွဲဖို့၊ လူသတ်ဖို့၊ ဖျက်ဆီး၊ မီးရှို့ တိုင်းပြည် ပြိုကွဲအောင် လုပ်ဖို့အဆင်သင့်။
မဟာအင်အားကြီး ကျလူအမေရိကန်နဲ့ တက်လူတရုတ် နောင်ဂျိန်ပလေးရာမှာ မြန်မာဟာ မြေစာပင်နေရာဖြစ်လာရတယ်။ ပြည်သူပြည်သားတွေ အသိဉာဏ်ရည်ပညာနဲ့ အမြော်အမြင် ဗဟုသုတရှိရင်တော့ နှစ်ဖက်ဆီက အမြတ်ထုတ်နိုင်အောင် ပထမဆုံး စည်းလုံးညီညွတ်ကြရမယ်။
ရုရှား၊ တရုတ်၊ အိန္ဒိယ မဟာအင်အားကြီးနိုင်ငံတွေနဲ့ နှစ်ဦး နှစ်ဖက် အကျိုးစီးပွားကြီးမားစေမယ့် Win-Win နည်းလမ်းမျိုးနဲ့ ခုန်ပျံကျော်လွှား တိုးတက်မှုများရရှိနိုင်မယ့် (အကျပ်အတည်း အခက်အခဲကြားက) အခွင့်အရေးတွေကိုလည်း ဆွတ်ခူးတတ်ရ ပါမယ်။
မိမိတို့လူငယ်ဘဝမှာတော့ ရပ်ရွာအေးချမ်းသာယာရေး၊ တရား ဥပဒေစိုးမိုးရေးအတွက် ပြည်ပ၊ ပြည်တွင်းလက်နက်ကိုင် ဆူပူထကြွ သူတွေကို ရှင်းလင်းချေမှုန်းခဲ့ကြပါတယ်။ ပြည်ထောင်စုမပြိုကွဲ အောင်၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲအောင် ကာကွယ် စွမ်းဆောင်နိုင်ခဲ့ကြတာပဲ။
စာရေးဆရာ ဗန်းမော်တင်အောင် (၁၉၂၀-၁၉၇၈) ပြောခဲ့ ရေးခဲ့တဲ့ စကားတစ်ခွန်းကိုပဲ နားဝင်မှတ်ထားစေချင်ပါတယ်။ ဒါဟာ နိဂုံးလိုရင်းစကားပါပဲ-
“မိမိပခုံးပေါ် ကျရောက်လာတဲ့ ခေတ်သမိုင်းက ပေးအပ်လာတဲ့ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်စွမ်း မည်ရွေ့ မည်မျှ ရှိသလဲဆိုတာဟာ ဒီလူတစ်ယောက်ရဲ့ တန်ဖိုးပါပဲ”တဲ့။
ယနေ့တာဝန်
လူတစ်ယောက်ရဲ့တန်ဖိုးဟာ ချမ်းသာခြင်း၊ စည်းစိမ်ဥစ္စာ ပြည့်စုံခြင်း၊ ကျော်ကြားခြင်း၊ လူသိများခြင်း/ မများခြင်းတွေ မဟုတ်ဘူး။ သမိုင်းပေးတာဝန်ကို သိပြီး(သေသေရှင်ရှင်) တာဝန် ကျေပွန်သူသာ တန်ဖိုးမြင့်မားတာဖြစ်ပါတယ်။ ။
- Log in to post comments