
ရန်ကုန် အောက်တိုဘာ ၁၁
ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ယူစီမံခန့်ခွဲလျက် ရှိသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံပိုင် ရုပ်ရှင်ရုံ ၁၃ ရုံနှင့်ပတ်သက်၍ တာဝန်နှင့်ဝတ္တရားများ လွှဲပြောင်းသည့် စာချုပ်(Deed of Assignment)ချုပ်ဆိုခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီ တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာ ခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှစိုးနှင့် ပြန်ကြားရေး ဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ နိုင်ငံပိုင်ရုပ်ရှင်ရုံ ငှားရမ်းလုပ်ကိုင် ကြသော လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက မြန်မာနိုင်ငံတစ်ဝန်းရှိ ပုဂ္ဂလိကရုပ်ရှင်ရုံများအနက် ရုပ်ရှင်ရုံ ၁၈၁ ရုံကို ၁၉၆၈ ခုနှစ်တွင် ပြည်သူပိုင်ပြုလုပ်ခဲ့ပါကြောင်း၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်တွင် ရုပ်ရှင်ရုံ ၅ ရုံ အသစ်ထပ်မံ တည်ဆောက်ပေးခဲ့ခြင်း၊ သမ္မတရုပ်ရှင်ရုံကို ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ပြန်ကြားရေးဝန်ကြီးဌာနသို့ လွှဲပြောင်း ပေးခဲ့ခြင်းတို့ကြောင့် နိုင်ငံပိုင်ရုပ်ရှင်ရုံ ၁၈၇ ရုံ ရှိခဲ့ပါ ကြောင်း၊ ၁၉၈၆ ခုနှစ်မှစ၍ မြန်မာဗီဒီယိုဇာတ်ကား များ ရိုက်ကူးပြသလာသည့်အတွက် ဗီဒီယိုရုံများ ပေါ်ထွန်းခဲ့ခြင်းကြောင့် လည်းကောင်း၊ နိုင်ငံတကာ တွင် ရုပ်ရှင်ဖလင်များ ရှားပါးလာခြင်းကြောင့် လည်းကောင်း၊ ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်မှုကျဆင်း လာခဲ့ခြင်းကြောင့် လည်းကောင်း ရုပ်ရှင်ရုံလုပ်ငန်း များလည်း ကျဆင်းလာခဲ့ပါကြောင်း၊ ယင်းကာလ အတွင်း ဈေးကွက်စီးပွားရေးအပေါ်အခြေခံ၍ ရုပ်ရှင် ပြသခြင်းလုပ်ငန်းများကို လွတ်လပ်စွာ ဆောင်ရွက် နိုင်ရန်အတွက် ၁၉၉၅ ခုနှစ်မှစတင်ပြီး ရုပ်ရှင်ရုံများကို နှစ်တို၊ နှစ်ရှည် ငှားရမ်းခြင်း၊ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် အပြီးအပိုင် ရောင်းချခြင်း များ ဆောင်ရွက်ခဲ့ပါကြောင်း။
လွှဲပြောင်းပေးခဲ့
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန က တာဝန်ယူစီမံခန့်ခွဲနေသည့် နိုင်ငံပိုင် ရုပ်ရှင်ရုံ ၂၇ ရုံ၊ ပုဂ္ဂလိကသို့ အပြီးအပိုင်ရောင်းချခဲ့သည့် ရုပ်ရှင် ရုံများအနက် ရုပ်ရှင်ပြသခြင်းလုပ်ငန်းဆောင်ရွက်ရန် စည်းကမ်းသတ်မှတ်ချက်(Condition)ပါ ရုပ်ရှင်ရုံ ၉၄ ရုံ စုစုပေါင်း ရုပ်ရှင်ရုံ ၁၂၁ ရုံက ကြီးကြပ်ခြင်း၊ စီမံခန့်ခွဲခြင်းလုပ်ငန်းများကို တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များက ဆောင်ရွက်နိုင်ရန် အတွက် ၂၀၁၈ ခုနှစ်မှစတင်၍ တာဝန်ဝတ္တရား လွှဲပြောင်းပေးခဲ့ရာ ယနေ့အချိန်တွင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးသို့ လွှဲပြောင်းလက်ခံဆောင်ရွက် ခဲ့ပြီးဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရုပ်ရှင်ရုံလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီးအစိုးရနှင့် ရုပ်ရှင်ရုံငှားရမ်း လုပ်ကိုင်သူများက ပေါင်းစပ်ဆောင်ရွက် သွားကြမည်ဟု ယုံကြည်ပါကြောင်း။
နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ရုပ်ရှင်ရုံများ ဖွံ့ဖြိုးတိုးတက်ရေး၊ ရုပ်ရှင်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ ရုပ်ရှင်အနုပညာများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ကြရန် မကြာခဏ လမ်းညွှန်မှုပြုထားပါကြောင်း၊ ရုပ်ရှင်ရုံများ ဖွံ့ဖြိုး တိုးတက်ရေး၊ ရုပ်ရှင်အနုပညာ ပြန်လည်နိုးထစေရေး အတွက် အားလုံးနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရုပ်ရှင်သည် ပြည်သူ့အတွက်ဟူသော ဆောင်ပုဒ်နှင့်အညီ ပြည်သူများ စိတ်နှလုံးရွှင်မြူး အောင် ပျော်ရွှင်မှုပေးရာတွင် ရုပ်ရှင်ရုံများ၏အခန်း ကဏ္ဍသည် အရေးကြီးသည်ဖြစ်ရာ ရုပ်ရှင်ရုံများ အဆင့်မြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ပါ ကြောင်း၊ အနုပညာရှင်များအနေဖြင့် ကိုဗစ်စည်းကမ်း များနှင့်အညီ ရိုက်ကူးရေးလုပ်ငန်းများ ပြန်လည် လုပ်ကိုင်နေကြပြီး ပြသမှုလုပ်ငန်းများ ပြန်လည် လုပ်ကိုင်နိုင်ရန်အတွက်လည်း ကိုဗစ်စည်းကမ်းချက် များနှင့်အညီ မိမိတို့အားလုံး ပူးပေါင်းဆောင်ရွက် ကြရန်အတွက် ဆွေးနွေးတိုင်ပင်နေကြပြီဖြစ်ပါ ကြောင်း၊ မကြာမီအချိန်အတွင်း အနုပညာရှင်များ အနုပညာအလုပ်များကို လုပ်ကိုင်ပြီး ရုပ်ရှင်ရုံများတွင် ပြည်သူများ အပန်းဖြေအနားယူနိုင်ကြတော့မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုးက ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံပိုင် ရုပ်ရှင်ရုံများအပြင် အပြီးရောင်း Condition ပါ ရုပ်ရှင်ရုံများကိုလည်း ကိုဗစ်-၁၉ စည်းကမ်းများနှင့် အညီ ပြသနိုင်ရေးအတွက် ဆွေးနွေးပြောကြားသည်။
ထို့နောက် နိုင်ငံပိုင်ရုပ်ရှင်ရုံ ၁၃ ရုံနှင့်ပတ်သက်၍ တာဝန်နှင့်ဝတ္တရားများလွှဲပြောင်းသည့် စာချုပ်များ ကို လက်မှတ်ရေးထိုးကြရာ ပြန်ကြားရေးဝန်ကြီးဌာန ကိုယ်စား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်း ရေးမှူး ဦးစိုးစိုးဇော်က လည်းကောင်း၊ နိုင်ငံပိုင် ရုပ်ရှင်ရုံငှားရမ်းသူ လုပ်ငန်းရှင်များကလည်းကောင်း အသီးသီး လက်မှတ်ရေးထိုးဆောင်ရွက်ကြသည်။
ပြန်ကြားရေးဝန်ကြီးဌာနက စီမံခန့်ခွဲလျက်ရှိ သည့် နိုင်ငံပိုင်ရုပ်ရှင်ရုံ ၂၇ ရုံအနက် ရုပ်ရှင်ရုံ ၂၆ ရုံကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ အဖွဲ့များအား ကြီးကြပ်ခြင်း၊ စီမံခန့်ခွဲခြင်းများကို ဆောင်ရွက်နိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာနက ယခုကဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ပြီး ကျောက်တံတားမြို့နယ်ရှိ ဝဇီရာ (၁)ရုပ်ရှင်ရုံကို နိုင်ငံတကာရုပ်ရှင်ပွဲတော်များ၊ ရုပ်ရှင်ဆိုင်ရာ နိုင်ငံတော် အဆင့်အခမ်းအနားများ စီစဉ်ကျင်းပနိုင်ရန် ပြန်ကြား ရေးဝန်ကြီးဌာနက ဆက်လက်စီမံခန့်ခွဲဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဗဟန်းမြို့နယ် အရှေ့ရွှေဂုံတိုင်လမ်းရှိ လူထုအခြေပြု ဗဟိုဌာန(ဗဟန်း)သို့ သွားရောက်၍ ကိုယ်ကာယ လေ့ကျင့်ခန်း၊ ကလေးစာဖတ်ခန်း၊ ကွန်ပျူတာ သင်တန်းခန်းမ၊ စာကြည့်တိုက်၊ ပြခန်းများအား ကြည့်ရှု စစ်ဆေးသည်။
ဆွေးနွေးပြောကြား
ယင်းနောက် ဘက်စုံသုံးခန်းမတွင် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ခရိုင်/မြို့နယ် ဦးစီးမှူးများအား တွေ့ဆုံ၍ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေး ပြောကြားရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနကို နိုင်ငံတော်ဝန်ကြီးချုပ်က ဖွဲ့စည်းပုံတိုးချဲ့ပြင်ဆင်ပေးခဲ့ပြီးဖြစ်သဖြင့် လုပ်ငန်း များ ယခုထက် ပိုမိုကြိုးစားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးများသည် မြို့နယ်တိုင်းတွင် ဖွင့်လှစ် ထားရှိသဖြင့် နိုင်ငံတော်အစိုးရနှင့် ပြည်သူများကြား သတင်းအပြန်အလှန်စီးဆင်းရေးကို အဓိကထား ဆောင်ရွက်ကြစေလိုကြောင်း၊ ယနေ့အချိန်တွင် ဒစ်ဂျစ်တယ်နည်းပညာဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး မီဒီယာများ၏ အသွင်သဏ္ဌာန်နှင့် မီဒီယာထုတ်လွှင့်မှု ပုံစံများ ပြောင်းလဲတိုးတက်လျက်ရှိပါကြောင်း၊ ထိုနည်းတူ ပြည်သူများ၏ သတင်းရယူမှုပုံစံများလည်း ပြောင်းလဲသွားပြီဖြစ်ကြောင်း၊ အထူးသဖြင့် သမားရိုးကျမီဒီယာများဖြစ်သည့် ပုံနှိပ်မီဒီယာနှင့် ရုပ်သံလွှင့်မီဒီယာများပေါ်မှ သတင်းရယူမှု နည်းပါး သွားပြီး Social Media ပလက်ဖောင်းများပေါ်မှ သတင်းများရယူနေကြပါကြောင်း။
မသမာသူ အဖျက်သမားအချို့က Social Media ပလက်ဖောင်းများကို အသုံးပြု၍ သတင်းမှားများ၊ သတင်းတုများကို ထုတ်လွှင့်ကာ နိုင်ငံတော်အစိုးရ အပေါ် အထင်အမြင် လွဲမှားအောင် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထိုသို့ သတင်းမှား ထုတ်လွှင့်ဖော်ပြမှု များကို တားဆီးတိုက်ဖျက်၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်သူများက နိုင်ငံတော်အစိုးရနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် ပြည်သူ့ဆက်ဆံရေးလုပ်ငန်း များကို ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ လူထု အခြေပြုဗဟိုဌာနများတွင် လူငယ်များကို ဗဟိုပြု သည့် အစီအစဉ်များ၊ လူငယ်ဖွံ့ဖြိုးရေးကို ဦးတည် သည့်လှုပ်ရှားမှုကို အဓိကထားဆောင်ရွက်ပေးကြ စေလိုကြောင်း၊ လူငယ်များ အသိအမြင်အတွေး အခေါ် မှန်ကန်စေရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်စေလိုကြောင်း ပြောကြားပြီး လက်ဆောင် ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
သတင်းစဉ်