လူငယ်တိုင်း နောင်တကင်းစွာ လျှောက်ရမည့်လမ်း

Type
1

 

ဒေါက်တာမင်းသန့် (ဒဿန)
 

 

နောင်တဆိုသည်မှာ မကောင်းသောအလုပ်၊ မမှန်သောအလုပ်၊ မသင့်တော်သောအလုပ် စသည်တို့ကို တွေးမိ၊ ပြောမိ၊ ပြုလုပ်မိရာမှ ပြန်လည်စိုးရိမ်ပူပန်ရခြင်းမျိုး ဖြစ်ပေသည်။ မှန်သည့်အလုပ်၊ ကောင်းသည့်အလုပ်မှန်သမျှ နောင်တရစရာမရှိ၊ ပြန်လည်တွေးမိတိုင်း ဝမ်းမြောက်ခြင်း၊ ကြည်နူးခြင်း၊ နှစ်သက်ခြင်းတို့သည် ဖြစ်ပေါ်နေပေလိမ့်မည်။ ထို့ကြောင့် မည်သူမဆို နောင်တဖြစ်စေမည့် အတွေး၊ အပြော၊ အလုပ်တို့ မပြုလုပ်ခြင်းအားဖြင့် မိမိအကျိုး၊ အများအကျိုး စောင့်ထိန်းရာ ရောက်ပေလိမ့်မည်။

 


စာရေးသူသည်       ကျောင်းပိတ်ရက်အတွင်း အားကစား၊  စာပေ၊ ကြံ့ခိုင်ရေး   လေ့ကျင့်သင်ကြား နေကြသော   ပြည်ထောင်စုတိုင်းရင်းသားလူငယ် များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်) ရှိ တိုင်းရင်းသား တက္ကသိုလ်ကျောင်းသား ကျောင်းသူ များအား   လူငယ်များ နောင်တရတတ်သည့် ကိစ္စရပ် များနှင့် စပ်လျဉ်း၍ ဟောပြောပွဲပြုလုပ်ဆောင်ရွက် ခဲ့ပါသည်။

 


ထိုတိုင်းရင်းသားလူငယ်လေးများသည် တက္ကသိုလ် ပထမနှစ်မှ နောက်ဆုံးနှစ်အထိ ဝိဇ္ဇာ၊ သိပ္ပံ၊ အင်ဂျင် နီယာဘာသာရပ်များအပြင် ယဉ်ကျေးမှုဘာသာရပ် များပါ   သင်ယူကြရသူများ ဖြစ်သည်။ မြန်မာပြည် တစ်နံတစ်လျား    နယ်စပ်ဒေသအသီးသီးမှ   ကချင်၊ ကယား၊ ကရင်၊  ချင်း၊  ဗမာ၊  မွန်၊  ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားပေါင်းစုံ ပါဝင်တက်ရောက်လျက်ရှိပြီး နိုင်ငံတော်မှ အစစအရာရာ တာဝန်ယူ ကုန်ကျခံကာ စနစ်တကျ သင်ကြားလေ့ကျင့်ပေးမှုကြောင့် စည်းလုံး ညီညွတ်ခြင်း၊ စည်းကမ်းကောင်းမွန်ခြင်းကို တွေ့မြင်ရ ပါသည်။ စနစ်တကျ နေရာယူထားသော တိုင်းရင်းသား လူငယ်ကလေးများကို စာရေးသူ ဟောပြောဆွေးနွေးရ သည်မှာ အားပါးတရရှိလှသည်။ ပြောရင်း ပြောရင်း စိတ်အားပိုမို ထက်သန်ကာ စိတ်ပျော်ရွှင်၍ပင် လာပါ သည်။

 


တိုင်းရင်းသား တက္ကသိုလ်ကျောင်းသား ကျောင်းသူ များအား လူငယ်များနောင်တရတတ်သည့် အကြောင်း အရာများ ဟောပြောသည်ဟု ဆိုသော်လည်း စာပေ သင်ကြားသကဲ့သို့  တစ်ယောက်တည်း  ဒိုင်ခံပြောခြင်းမျိုး မဟုတ်ဘဲ အချက်အလက်များ ပြောလိုက်၊ မေးခွန်း လေးများဖြေလိုက်၊ တိုင်းရင်းသားသံဝဲဝဲနှင့်  နားဝင် ပီယံဖြစ်လိုက်၊ ရယ်မောစရာပါလျှင် ရယ်မောလိုက် ကြနှင့် ဟောပြောရသည့်အချိန်ပင် သတ်မှတ်ချက်ထက် လွန်သွားခဲ့ပါသည်။    ထို့ကြောင့်လည်း   ယခုကဲ့သို့ စနစ်ကျသည့် တိုင်းရင်းသား ကျောင်းသားလေးများအား လူငယ်များနောင်တရစေမည့်ကိစ္စရပ်များကို သတိပြု ဆင်ခြင်နိုင်ရေး     ပိုအလေးပေး   ဟောပြောဆွေးနွေး မိပါသည်။ အဓိကဟောပြောဆွေးနွေးသည့် အကြောင်း အရာမှာ ပညာသင်ယူချိန်  အပတ်တကုတ် ကြိုးစား သင်ယူရေး၊ ပစ္စည်းဥစ္စာ ရှာဖွေစုဆောင်းချိန် စုဆောင်း မိအောင် ကြိုးပမ်းဆောင်ရွက်ရေး၊ နောင်ရေးအတွက် ကုသိုလ်ကောင်းမှုများများ     ဖြည့်ဆည်းသွားရေး၊ အကယ်၍    ပြုဖွယ်ကိစ္စများကို   အချိန်အခါနှင့် ဆောင်ရွက်သင့်သည့်အချိန်   မဆောင်ရွက်နိုင်ခဲ့လျှင် တစ်ချိန်ချိန်၌ နောင်တကြီးစွာရကာ ပူပန်ဆင်းရဲမှုတွေ ဖြစ်လာနိုင်ကြောင်း  အောက်ပါအတိုင်း  အလေးပေး ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ပါသည်။

 


ငယ်စဉ်အခါ ပညာကြိုးစားသင်ယူပါ


လူငယ်လူရွယ်တိုင်း  ပညာသင်ရမည့်အရွယ်တွင် ကြိုးစားသင်ယူကြရန်လိုပါသည်။  လူငယ်ဆိုသည်မှာ မိမိတစ်ဦးတည်းအတွက်သာမက မိမိမိသားစုအတွက်၊ မိမိလူမျိုးအတွက်၊ မိမိနိုင်ငံအတွက် တစ်ချိန်ချိန်တွင် ဦးဆောင်ကြရမည်ဖြစ်ပါသည်။ သို့အတွက် အသိပညာ၊ အတတ်ပညာ ကြွယ်ဝနေဖို့ လိုပါသည်။ အထူးသဖြင့် အနာဂတ်နိုင်ငံတော်ကို ဦးဆောင်မည့်  မျိုးဆက်သစ် လူငယ်များသည်  ပညာရပ်များ   တတ်မြောက်နေရန် အရေးကြီးပါသည်။ ထို့ကြောင့် နိုင်ငံတော်က အခြေခံ ပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းပညာရပ် များမှအစ          တက္ကသိုလ်ပညာရပ်များအထိ  ကောင်းမွန်စွာ  သင်ယူနိုင်ရေး  အလေးပေးဆောင်ရွက် ထားရှိခြင်း ဖြစ်ပါသည်။

 


လူငယ်များသည် အရွယ်အလိုက်၊ အတန်းအလိုက် သင်ယူကြရသည့်  ပညာရပ်များကို တတ်သိနားလည် အောင်၊ တတ်မြောက်အောင် အပတ်တကုတ် ကြိုးစား သင်ယူကြရပါမည်။   ပညာရပ်များ  တတ်မြောက်ပါမှ လူငယ်တို့၏    ဘဝလမ်းခရီး ဖြောင့်ဖြူးသာယာ ပေလိမ့်မည်။  ထို့ကြောင့် လူငယ်လူရွယ်များသည် အချိန်ရှိခိုက် လုံ့လစိုက်ရမည်။ အရွယ်အလိုက် ပညာ ကို လိုချင်စိတ်၊   ထူးချွန်လိုစိတ်ဖြင့်  အပတ်တကုတ် ကြိုးစားသင်ယူကြရပါမည်။  “နှုတ်မှုလက်မှု၊ အတတ် စုကို၊ ငယ်နုသောအား မမေ့ငြားနှင့်၊  ရင်းဖျားကုန်စင်၊ တတ်မြော်မြင်က၊ တစ်ခုမျှလျက်၊ အသက်မွေးကြောင်း၊ ဖြစ်တုံရှောင်း၏...” ဟု လောကနီတိပျို့တွင် ဆိုထား ကြောင်းလည်း ရှင်းပြရပါသည်။ 

 


အသိပညာ၊ အတတ်ပညာတစ်ခုခုကို ကျွမ်းကျင် စွာ    တတ်မြောက်ထားပါက    ထိုပညာဖြင့်    ဘဝ တစ်သက်တာ   ပူပန်စရာမလိုအောင်  အသက်မွေး ဝမ်းကျောင်းပြုနိုင်ပေလိမ့်မည်။ ပညာသင်ကြားရန် စိတ်ပါဝင်စားမှုမရှိဘဲ ပျော်ပါးမှုနောက်လိုက်ပါသွား ခြင်း၊ ပေါ့ပေါ့တန်တန်နေခြင်းတို့ကြောင့် အသက် အရွယ်ရလာသည့်အခါ   ပင်ပန်းကြီးစွာ၊   ခက်ခဲစွာ အသက်မွေးရပေတော့မည်။ ထိုအချိန်ကျမှ ငါသည် ပညာကို ကောင်းစွာမသင်ယူမိခဲ့လေခြင်းဟု နောင်တ ကြီးစွာရတတ်ကြောင်း    ဟောပြောဆွေးနွေးခဲ့ရပါ သည်။

 


ပစ္စည်းဥစ္စာရှာဖွေခြင်းနှင့်စုဆောင်းခြင်း


လောကသဘာဝတရားအရ      လူဆိုသည်မှာ တစ်ဦးတည်းရပ်တည်၍ မရပါ။ မိသားစုနှင့်၊ ဆွေမျိုး အသိုင်းအဝိုင်းနှင့်၊ မိတ်ဆွေသင်္ဂဟနှင့်၊ လူ့အဖွဲ့အစည်း နှင့်နေကြရသည်။ ပေါင်းသင်းကြရသည်။ ဆက်ဆံ ကြရပါသည်။ ထို့ကြောင့် လူမှန်လျှင် လောကီအကျိုး စီးပွား၊ လောကုတ္တရာအကျိုးစီးပွားဟူ၍ နှစ်ဖြာသော အကျိုးစီးပွား ဖြစ်ထွန်းအောင် ကြိုးစားကြရပါသည်။ မြတ်ဗုဒ္ဓက လောကီအကျိုးစီးပွားကို မှန်ကန်သည့် နည်းဖြင့် တရားသဖြင့် ကြိုးပမ်းရှာ၍ ချမ်းသာစွာနေ ခြင်း၊ မိသားစုအားကျွေးမွေးခြင်း၊ အမိအဖတို့အား စောင့်ရှောက်ခြင်း၊ သဒ္ဓါတရား ထက်သန်စွာဖြင့် လှူဒါန်းမှုပြုခြင်း စသည်ဖြင့် အလေးထားဆောင်ရွက် ရန် လမ်းညွှန်ထားကြောင်းကိုလည်း ရှင်းလင်းဆွေးနွေး ခဲ့ပါသည်။ 

 


ထို့ကြောင့် လူငယ်လူရွယ်တို့သည် ပညာရပ်များ တတ်မြောက်ပြီးပါက  မိမိဘဝရပ်တည်ရေးအတွက် လည်းကောင်း၊ မိမိဦးဆောင်သောမိသားစုနှင့် လူ့ ပတ်ဝန်းကျင်အတွက်လည်းကောင်း ပစ္စည်းဥစ္စာကို ကြိုးပမ်းအားထုတ် ရှာဖွေကြရပါမည်။ ဤသို့ ပစ္စည်း ဥစ္စာရှာဖွေရာတွင် အခြေအနေနှင့် အချိန်အခါကိုလိုက်၍ ဆောင်ရွက်ကြရပေမည်။    ငယ်စဉ်ခါကတည်းက ကြိုးပမ်းအားထုတ်ရှာဖွေခြင်းမပြုဘဲ  ပျင်းရိပေါ့ဆနေ လျှင်၊ လေးလံထိုင်းမှိုင်းနေလျှင်၊ မရေမရာကိစ္စရပ်များနှင့် အချိန်ဖြုန်းတီးပစ်နေလျှင်၊  အပျော်အပါး ဦးစားပေး နေလျှင် ဘဝအတွက် ဆိုးကျိုးများ ဖြစ်ပေါ်လာစေမည် ဖြစ်ကြောင်း အထောက်အထားသာဓကများနှင့်တကွ ရှင်းပြရပါသည်။ လူငယ်လူရွယ်များအနေဖြင့် ပစ္စည်း ဥစ္စာရှာသင့်သည့်အချိန်တွင်      မိမိအစွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်ခြင်းမပြုခဲ့လျှင်


l    ပျင်းရိပေါ့သွမ်းသူသည် အတတ်ပညာလည်း ရှိနိုင်မည် မဟုတ်ကြောင်း၊
l    အတတ်ပညာမရှိလျှင် စီးပွားဥစ္စာဖြစ်ထွန်း လာမည် မဟုတ်ကြောင်း၊
l    စီးပွားဥစ္စာမရှိလျှင် လောကအလယ်ရပ်တည် နိုင်မည် မဟုတ်ကြောင်း၊
l    လောကအလယ်မရပ်တည်နိုင်လျှင် ချမ်းသာ သုခရမည်မဟုတ်ကြောင်း၊
l    ချမ်းသာသုခမရှိလျှင် ကောင်းမှုကုသိုလ်ပြုနိုင်မည်မဟုတ်ကြောင်း၊
l    ကောင်းမှုကုသိုလ်မရှိလျှင်     သံသရာအတွက် ကောင်းမည်မဟုတ်ကြောင်း   ရှင်းပြခဲ့ရပါသည်။

 


ထို့ကြောင့် ပစ္စည်းဥစ္စာကို ငယ်ရွယ်စဉ် ကြိုးပမ်း ရှာဖွေထားမှသာ နောင်ရေးအတွက် စိတ်အေးရပေ လိမ့်မည်။   ပစ္စည်းဥစ္စာကို    ရှာဖွေရာတွင်လည်း ကြိုးပမ်းရှာဖွေနေရုံမပြီးသေးဘဲ အမြော်အမြင်ရှိစွာ စုဆောင်းသင့်သည်များကို  စုဆောင်းတတ်ဖို့လည်း လိုပါသည်။ ယနေ့ခေတ် မြန်မာလူမျိုးအများစုမှာ ပစ္စည်းဥစ္စာများကို စုဆောင်းကြသည့် အလေ့အထ နည်းပါးလာကြသည်ကို တွေ့ရပါသည်။ မြန်မာလူမျိုး အများစုသည် ပစ္စည်းဥစ္စာကို ရှာလို့ရသမျှ သုံးပစ်ကြ သည်က  များသည်။ အချို့က ပျော်ပါးပစ်ကြသည်။ လတ်တလော  အဆင်ပြေလျှင်ပြီးရော သဘောဖြင့် အပျော်အပါးဘက်တွင်   ဖြုန်းတီးပစ်ကြသည်က များပါသည်။
ပစ္စည်းဥစ္စာဆိုသည်မှာ နည်းသည်ဖြစ်စေ၊ များ သည်ဖြစ်စေ ရှာဖွေလို့ရသမျှ စားသင့်သလောက်စား၊ သုံးသင့်သလောက်သုံး၊ စုသင့်သလောက် စုဆောင်း ကြရသည်။ ဤသို့   စနစ်တကျ   စုဆောင်းတတ်မှသာ အလှူဒါန   ကောင်းစွာပြုလုပ်ခြင်း၊  အသက်အရွယ် ကြီးရင့်လာသည့်အခါ အေးချမ်းစွာ နေထိုင်နိုင်ခြင်းတို့ ဆောင်ရွက်နိုင်လိမ့်မည်။ သို့မဟုတ်ဘဲ ငယ်ရွယ်စဉ်က ပစ္စည်းဥစ္စာကို ကြိုးပမ်းရှာဖွေမှုမပြုခြင်း၊ စနစ်တကျ စုဆောင်းမှုမပြုခဲ့ခြင်းတို့ကြောင့်   လိုအပ်လာသည့် အခါ၊ အသက်အရွယ် ကြီးပြင်းလာသည့်အခါ ငါအရွယ် ရှိစဉ်က မကြိုးပမ်းမိလေခြင်း၊ မစုဆောင်းခဲ့သည်မှာ မှားမိလေခြင်းဟု နောင်တကြီးစွာ ရပေလိမ့်မည်ဖြစ် ကြောင်း  သတိပြုလိုက်နာ ဆောင်ရွက်နိုင်ကြစေရန် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

 


ပြုသင့်သည့်ကုသိုလ်ကောင်းမှု မရှိခြင်း


ထို့ပြင် တိုင်းရင်းသားအပေါင်းတို့၏ အမိမြန်မာ နိုင်ငံတော်ကြီးသည်  ခေတ်မီဖွံ့ဖြိုးတိုးတက်သော  ဒီမိုကရေစီနိုင်ငံတော်ကြီးအဖြစ် ဦးတည်ဆောင်ရွက်နေ သည့်   နိုင်ငံတော်ကြီးဖြစ်ပေသည်။   ဒီမိုကရေစီ၏ အနှစ်သာရနှင့်အညီ    နိုင်ငံတော်အတွင်း မည်သည့် ဘာသာမဆို မိမိယုံကြည်ချက်နှင့်အညီ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိပါသည်။ သို့သော် အေဒီ ၁၀၄၄ တွင် အနော်ရထာမင်းကြီးနှင့် ရှင်အရဟံတို့၏ ကြိုးပမ်းချက် အရ ထေရဝါဒဗုဒ္ဓဘာသာထွန်းကားခဲ့ပြီး ယနေ့မြန်မာ့ လူဦးရေ  ၅၅   သန်းခန့်၏   ၈၇  ရာခိုင်နှုန်းခန့်မှာ မိရိုးဖလာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြပါသည်။

 


မိရိုးဖလာ ဗုဒ္ဓဘာသာဝင်အများစု   နေထိုင်ရာ တိုင်းပြည်ဖြစ်သည်နှင့်အညီ မြန်မာလူမျိုးတို့သည် ဗုဒ္ဓဘုရားရှင်၏  အဆုံးအမတော်နှင့်အတူ ယုံကြည် ချက်   သဒ္ဓါတရားကောင်းကြသည်။  ကံနှင့်ကံ၏ အကျိုးတရားကို လက်ခံယုံကြည်ကြသည်။ အတိတ် ဘဝ၊ ပစ္စုပ္ပန်ဘဝ၊ အနာဂတ်ဘဝတို့ကို သိရှိကြသည်။ သံသရာလည်ခြင်းကိုလည်း           နားလည်ကြသည်။ ထို့ကြောင့် ဒါန၊  သီလ ၊ ဘာဝနာ  ကုသိုလ်ကောင်းမှုများ ကို နားလည်သည့်အရွယ်မှစ၍ အသက်အရွယ်အလိုက် ပြုလုပ်ကြရမည်၊ ဖြည့်ကျင့်ကြရမည်ဟု တိုင်းရင်းသား လူငယ်များအား သမိုင်းကြောင်းအစဉ်အလာကောင်း များနှင့်အတူ သိရှိနားလည်နိုင်စေရန် ရှင်းပြရပါသည်။

 


အများကောင်းစားရေးကို ရှေးရှု၍လှူဒါန်းခြင်း ဒါနသည်လည်းကောင်း၊             ကိုယ်ကျင့်တရား  ကောင်းမွန်၍ လူ့ဘောင်လူ့လောက ဖွံ့ဖြိုးတိုးတက်ရေး  သီလသည်လည်းကောင်း၊      သဘာဝတရား၏ အမှန်တရားဖြစ်သော   နာမ်၊  ရုပ်တို့၏  မမြဲခြင်း၊ ဆင်းရဲခြင်း၊ အစိုးမရခြင်းတို့ကို အမှန်ကိုအမှန်အတိုင်း  ဘာဝနာဉာဏ်ဖြင့်  သိလာအောင်ပွားများအားထုတ် ခြင်းသည်လည်းကောင်း    အရေးကြီးလှပေသည်။ သို့ဖြစ်ရာ        ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် လူငယ်တစ်ဦးအနေဖြင့် ပညာတတ်မြောက်အောင် သင်ယူခြင်း၊   မှန်ကန်သောနည်းဖြင့်   ပစ္စည်းဥစ္စာ ကြိုးပမ်းရှာဖွေခြင်းတို့က  ကြီးစွာအထောက်အကူ ပြုလျက်ရှိကြောင်း ချပြရှင်းလင်းဟောပြောခဲ့ပါသည်။

 


လူငယ်လူရွယ်များသည် ပညာရှာမှီးခြင်း၊ ဥစ္စာ ရှာဖွေခြင်းတို့အပြင်   ကုသိုလ်ကောင်းမှု   ပြုလုပ်  ဖြည့်ဆည်းခြင်းတို့ကို ငယ်စဉ်ကတည်းက အရွယ် အလိုက် သိသည့်သိထိုက်သည်များကို လေ့လာသင်ယူ ကာ ရင့်ကျက်လာသည့်အရွယ်တွင် ပစ္စုပ္ပန်ဘဝနှင့် တမလွန်ဘဝတို့အတွက် ဒါနအမှု၊ သီလအမှု၊ ဘာဝနာ အမှုတို့ကို ကိုယ်စွမ်း၊   ဉာဏ်စွမ်းရှိသမျှ  ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပေသည်။ ကုသိုလ်ကောင်းမှု များကို ဖြည့်ကျင့်ရမည့်အချိန်တွင်  မဖြည့်ကျင့်ကြဘဲ အချိန်ဆွဲနှောင့်နှေးနေခြင်း၊  ပျင်းရိလေးတွဲ့နေခြင်း၊ အပျော်အပါးမွေ့လျော်နေခြင်းတို့ဖြင့် ဘဝကို အချိန် ဖြုန်းသွားလျှင် ဘဝတစ်ခုပြီးဆုံးချိန် မရဏာ သန္နဇော သေငယ်ဇောနှင့် မျောနေချိန်တွင် နောင်တကြီးစွာရကာ  နောင်ဘဝခရီးအတွက်     ပူပန်သောကများစွာဖြင့် ဆင်းရဲဒုက္ခရောက်ကြမည်ဖြစ်ကြောင်း   သံဝေဂအသိ တိုးပွားစေရန်နှင့်    တိုင်းရင်းသားလူငယ်များအတွက် အခွင့်အရေးရတုန်း   အကျိုးရှိစွာ  အသုံးချတတ်ရေး ပညာပေးဟောပြောခဲ့ရပါသည်။

 


မျိုးဆက်သစ်လေးများအတွက် အခွင့်အလမ်းကောင်းများ


မြန်မာလူမျိုးတို့သည်  ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားရခြင်းမှာ အဆုံးအမနှင့်နေသော လူမျိုးဖြစ်သော ကြောင့်ပင်ဖြစ်၏။ မြန်မာလူမျိုးတို့သည် သိတတ်သည့် အရွယ်မှစ၍ အမိ၊ အဖ၊ အဖိုးအဖွား၊ အဆွေအမျိုးတို့၏ အဆုံးအမ၊ လုပ်ငန်းခွင် ရောက်သွားသည့်အခါတွင်လည်း အကြီးအကဲတို့၏  အဆုံးအမ၊ အသက်အရွယ်အရ သာသနာတော်၏ အဆုံးအမတို့နှင့် နေလာကြသော လူမျိုးများ ဖြစ်ကြပါသည်။ ငယ်စဉ်ကတည်းက ၃၈ ဖြာမင်္ဂလာစသော တရားတော်များနှင့် ရင်းနှီးခဲ့ကြ၍ ဆုံးမလွယ်သော လူမျိုးများလည်း ဖြစ်ကြပါသည်။

 


ယခုဟောပြောဆွေးနွေးနေသည့် နယ်စပ်ဒေသ အသီးသီးမှတိုင်းရင်းသား၊   တိုင်းရင်းသူ   လူငယ် လူရွယ်များသည်လည်း ငယ်စဉ်ဘဝမှ အခြေခံကောင်း များပါလာကြသည့်အပြင်        ၎င်းတို့တက်ရောက် သင်ကြားလေ့ကျင့်နေကြသည့်         ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီ ကောလိပ်များတွင် သက်ဆိုင်ရာ ဝိဇ္ဇာ၊ သိပ္ပံ၊ အင်ဂျင် နီယာဘာသာရပ်များ၊ ထေရဝါဒ ယဉ်ကျေးမှု၊ အဆင့်မြင့် ယဉ်ကျေးမှု ဘာသာရပ်များ သင်ကြားလေ့ကျင့်ကြရ သည့်အတွက် ယခုကဲ့သို့ ဟောပြောဆွေးနွေးမှုများ ကို  အလွယ်တကူ   နားလည်သဘောပေါက်ကြမည် ဖြစ်ပေသည်။ 

 


ထိုတိုင်းရင်းသား တိုင်းရင်းသူ မျိုးဆက်သစ် လူငယ်များသည်    နိုင်ငံတော်၏     အနာဂတ်တွင် အရေးပါသော အခန်းကဏ္ဍများမှ ပါဝင်ဆောင်ရွက် ကြရမည့်သူများဖြစ်ကာ လူငယ်များ၏ ကိုယ်ကျင့် တရားတိုးတက်ကောင်းမွန်ရေး၊  လူငယ်လူရွယ်များ ပညာကောင်းစွာ သင်ယူတတ်မြောက်စေရေး၊ ပစ္စည်း ဥစ္စာကြိုးပမ်းရှာဖွေရေး၊   ကုသိုလ်ကောင်းမှုများ၌ မွေ့လျော်စေရေးတို့ကို    သိရှိလိုက်နာနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြခြင်းဖြင့် ၎င်းတို့၏ အနာဂတ် ခရီးအတွက် နောင်တကင်းစွာ လျှောက်လှမ်းရမည့် လမ်း ဖြောင့်ဖြူးသာယာစေမည်ဖြစ်သဖြင့်  ယခုကဲ့သို့ ကျောင်းပိတ်ရက်၊ လေ့ကျင့်ရက် အချိန်ကာလများ အတွင်း တိုင်းရင်းသား ကျောင်းသား ကျောင်းသူလူငယ် လူရွယ်များအား အကျိုးရှိရှိ အသိပညာ တိုးပွားလိုက်နာ ဆောင်ရွက်နိုင်စေရန်အလို့ငှာ   ဟောပြောဆွေးနွေး ပို့ချခဲ့မှုများကို      ပြည်သူအများ     သိရှိနိုင်စေရန် ရေးသားတင်ပြလိုက်ရပေသည်။         ။