
(၆-၄-၂ဝ၂၃ ရက်၊ နေပြည်တော်)
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၅၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် အပြန်အလှန်ဆွေးနွေးပွဲကို ၆-၃-၂ဝ၂၃ ရက်နှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူနှင့် အပြန်အလှန်ဆွေးနွေးပွဲကို ၂ဝ-၃-၂ဝ၂၃ ရက်တွင် အသီးသီးပြုလုပ်ခဲ့သည်။ ထို့အပြင် ဥရောပသမဂ္ဂက တင်သွင်းခဲ့သည့် “မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ” ခေါင်းစဉ်ပါ ဆုံးဖြတ်ချက် အဆိုကို လူ့အခွင့်အရေးကောင်စီက ၄-၄-၂ဝ၂၃ ရက်တွင် အတည်ပြု ချမှတ်ခဲ့သည်။ အလားတူ ၁၆-၃-၂ဝ၂၃ ရက်တွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကလည်း နယူးယောက်မြို့ရှိ ကုလသမဂ္ဂအထွေထွေညီလာခံတွင် ရှင်းလင်းဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့သည်။ အထက်ပါဆွေးနွေးပွဲ များသို့ မြန်မာနိုင်ငံမှ တရားဝင်ကိုယ်စားလှယ် တက်ရောက်ခွင့်မရှိ စေရန် တားမြစ်ခဲ့ခြင်းမှာ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက် ရေးနှင့် ညှိနှိုင်းဆွေးနွေးရေးမူများကို ဆန့်ကျင်သည့်အတွက် မြန်မာနိုင်ငံက သက်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းများသို့ ကန့်ကွက်ခဲ့ပြီးဖြစ်သည်။
လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးသည် အများပြည်သူသို့ ထုတ်ပြန်ထားပြီးဖြစ်သည့် CRPH၊ NUG၊ PDF အမည်ခံအဖွဲ့များ၏ ပကတိကျူးလွန်မှုအတိုင်းအတာကို ထင်ဟပ်ဖော်ပြရန် ပျက်ကွက်ခဲ့ သည်။ ၃၁-၃-၂ဝ၂၃ ရက်အထိ ကလေး ၁၆၂ ဦး၊ ဆရာ၊ဆရာမ ၇၃ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁၆ ဦးနှင့် အုပ်ချုပ်ရေးမှူး ၇၇၃ ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၅,၄၇၅ ဦးတို့ အသက်ဆုံးရှုံးခဲ့ရသည့် အကြမ်းဖက် အဖွဲ့များ၏ သတ်ဖြတ်မှုများနှင့် အကြမ်းဖက်မှုများကို သိသာစွာ လျှော့ပေါ့ဖော်ပြထားသဖြင့် စိတ်ပျက်ရသည်။
မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူသည် လူ့အခွင့်အရေးကိစ္စများထက် ဒုက္ခသည်များနှင့် ရွှေ့ပြောင်းနေထိုင်သူများအရေးအပေါ် အာရုံစိုက်လျက်ရှိပြီး ယင်းနှင့် စပ်လျဉ်းသည့်အစီရင်ခံစာနှင့် အချုပ်အခြာအာဏာပိုင်နိုင်ငံများ အကြား ဆက်ဆံရေးတွင် ဝင်ရောက်စွက်ဖက်သည့်စာတမ်းများ ထုတ်ပြန်နေခြင်းမှာ ၎င်း၏လုပ်ပိုင်ခွင့်ကိုကျော်လွန် ဆောင်ရွက်နေ ခြင်းဖြစ်သည်။ မြန်မာနိုင်ငံအတွင်း သတ်ဖြတ်မှုများနှင့် အကြမ်းဖက်မှု များ ကျူးလွန်ခြင်းနှင့် လှုံ့ဆော်ခြင်းတို့အတွက် တာဝန်ရှိသူများကို နိုင်ငံအချို့က ခိုလှုံခွင့်ပြုထားခြင်းမှာ လက်ခံနိုင်ဖွယ်မရှိပါ။ အထူး အစီရင်ခံစာတင်သွင်းသူအနေဖြင့် မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများပြုလုပ်ရေးနှင့် အထီးကျန်စေရေးတောင်းဆိုနေမှုများ သည် မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းမှုနှင့် ပြည်သူများ၏ အကျိုး စီးပွား ထိခိုက်နစ်နာစေရန်ဖြစ်သည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်သည်လည်း ကုလသမဂ္ဂအထွေထွေညီလာခံသို့ ရှင်းလင်းတင်ပြသည့် အလွတ်သဘော အစည်းအဝေးတစ်ရပ်ကို ပြုလုပ်ခဲ့သည်။ ယင်းသို့ ရှင်းလင်းတင်ပြရာတွင် အထူးကိုယ်စားလှယ် သည် အကြမ်းဖက်အဖွဲ့အစည်းများနှင့် အစိုးရဆန့်ကျင်သူများထံမှ ရရှိသည့် မမှန်ကန်သော အချက်အလက်များကို အခြေခံကာ တစ်ဖက် သတ်ဆန်စွာ ပြောကြားခဲ့သည်။ လက်နက်ကိုင်အဖွဲ့အစည်းအချို့၏ နိုင်ငံရေးနှင့်စစ်ရေး အကျိုးအမြတ်အတွက် လူသားချင်းစာနာ ထောက်ထားမှုအကူအညီများကို အလွဲသုံးစားပြုရန် အဆိုပြုချက်များ အပေါ် အထူးကိုယ်စားလှယ်အနေဖြင့် ဂရုပြုသင့်သည်။ မြန်မာနိုင်ငံ အစိုးရသည် ထိခိုက်ခံစားရသော ပြည်သူလူထုအတွက် လိုအပ်သော အကူအညီများ ပေးအပ်လျက်ရှိသည်။ ကုလသမဂ္ဂအေဂျင်စီများအနေ ဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရုံးခွဲများဖွင့်လှစ်ထားသည်။ ထို့အပြင် ၂ဝ၂၁ ခုနှစ်နှင့် ၂ဝ၂၂ ခုနှစ်အတွင်း ကုလသမဂ္ဂအဖွဲ့အစည်း များ၏ ကွင်းဆင်းခရီးစဉ် ၂၄ ခုနှင့် ဥရောပသမဂ္ဂ၊ ဆွစ်ဇာလန်၊ ဂျာမနီ၊ ကနေဒါ၊ ဗြိတိန်နှင့် နော်ဝေနိုင်ငံများမှ သံတမန်များ၏ ကွင်းဆင်း ခရီးစဉ် ၄၉ ခုတို့ကို မြန်မာနိုင်ငံက ခွင့်ပြုပေးခဲ့သည်။ သို့ဖြစ်ရာ ဝင်/ထွက်ခွင့်ကန့်သတ်ကြောင်း စွပ်စွဲမှုများမှာ မှန်ကန်ခြင်းမရှိပါ။ လူသား ချင်းစာနာထောက်ထားမှု အကူအညီများအပါအဝင် အကူအညီများ ပေးအပ်ရာတွင် သက်ဆိုင်ရာနိုင်ငံ၏ သဘောတူခွင့်ပြုချက်ရရှိရန် လိုအပ်ပြီး မြန်မာနိုင်ငံအနေဖြင့်လည်း ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ သက်ဆိုင်ရာနိုင်ငံ၏ သဘောတူညီ ချက် မပါဝင်သော အစီအမံများသည် ဆန့်ကျင်ဘက် သက်ရောက်မှုများ သာ ဖြစ်ပေါ်စေနိုင်ကြောင်းနှင့် ရက်စက်ကြမ်းကြုတ်သော လုပ်ရပ် များအတွက် တာဝန်ရှိသူများနှင့် ဆက်သွယ်ခြင်းမှာ အကြမ်းဖက်မှုကို အားပေးရာရောက်ကြောင်း အထူးကိုယ်စားလှယ်ကို အသိပေးဖော်ပြ အပ်သည်။
ဥရောပသမဂ္ဂသည် လူ့အခွင့်အရေးကောင်စီ၏ (၅၂) ကြိမ်မြောက် အစည်းအဝေးသို့ မြန်မာနိုင်ငံကို ဆန့်ကျင်သည့်ဆုံးဖြတ်ချက်အဆို စာရွက်စာတမ်းအမှတ် A/HRC/52/L.19 ဖြင့် ထပ်မံတင်သွင်းခဲ့သည်။ ယင်းရှည်လျားသော ဆုံးဖြတ်ချက်အဆိုသည် မြန်မာနိုင်ငံအပေါ် ထားရှိသော ယန္တရားအမြောက်အမြားနှင့် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို စွက်ဖက်သည့် အတိုင်းအတာကို ပြသလျက်ရှိသည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးစနစ်၊ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်း ပုံအခြေခံဥပဒေနှင့်အညီ ဒီမိုကရေစီဖော်ဆောင်သည့် နိုင်ငံရေးလုပ်ငန်း စဉ်နှင့် ပြည်တွင်းတရားစီရင်ပိုင်ခွင့်အတွင်း ကျရောက်သော ကိစ္စရပ် များတွင် အမိန့်ပေးစွက်ဖက်ခြင်းများပါဝင်သည့် ယင်းဆုံးဖြတ်ချက် အဆိုကို လက်ခံနိုင်ခြင်းမရှိကြောင်း ဖော်ပြအပ်သည်။ ထို့ပြင် ဆုံးဖြတ် ချက်အဆိုသည် ၂ဝ၁၇ ခုနှစ်တွင် ARSA (ခေါ် ) Aqa Mul Mujahideen အဖွဲ့၏ တိုက်ခိုက်မှုများကြောင့် နေရပ်စွန့်ခွာသူများအား ပြန်လည် လက်ခံရေး မြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို လျစ်လျူရှုထား သည်။ ယင်းကိစ္စနှင့် စပ်လျဉ်းပြီး မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အကြား တိုးတက်မှုများရှိပြီး စိစစ်ပြီးသူများအား လူတွေ့မေးမြန်းရန် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂ဝ၂၃ ခုနှစ် မတ်လတွင် တက္ကနာ့ဖ်မြို့ သို့ သွားရောက်ခဲ့သည်။ ၂ဝ၂၃ ခုနှစ် ပထမသုံးလအတွင်း ပြန်လည် လက်ခံရေးလုပ်ငန်းစဉ်တွင် တက်ကြွစွာပါဝင်သူ ၁၆ ဦး အပါအဝင် နေရပ်ပြန်လိုသူများ သတ်ဖြတ်ခံနေရမှုများကို အဆိုမူကြမ်းက မျက်ကွယ်ပြုထားသည်။ ARSA ၏ သတ်ဖြတ်ခြိမ်းခြောက်မှုများ ကြောင့် ၂၀၁၇ ခုနှစ်တွင် နေရပ်စွန့်ခွာမှုများဖြစ်ခဲ့ပြီး လက်ရှိပြန်လည် လက်ခံရေးလုပ်ငန်းစဉ်ကို အဟန့်အတားဖြစ်စေသည်မှာ ငြင်းကွယ်၍ မရသော်လည်း ယင်းအချက်ကို အဆိုမူကြမ်းတွင်ချန်လှပ်ထားသည်။ “ရိုဟင်ဂျာ” ဟူသော အသုံးအနှုန်းကို မြန်မာပြည်သူများနှင့် အစိုးရ အဆက်ဆက်က လက်ခံခြင်းမရှိဘဲ ယင်းအသုံးအနှုန်းသည် အင်္ဂလိပ် ကိုလိုနီခေတ် တရားဝင်မှတ်တမ်းများတွင်ပင် ပါဝင်ခြင်းမရှိကြောင်း နှင့် ဥပဒေကြောင်းအရလည်း တရားဝင်ခြင်းမရှိကြောင်း ဖော်ပြအပ် သည်။ ၁၉၈၂ ခုနှစ်၊ မြန်မာနိုင်ငံသားဥပဒေပါ သတ်မှတ်ချက်များနှင့် ကိုက်ညီသူများကို ခွဲခြားမှုမရှိဘဲ နိုင်ငံသားအဆင့်အတန်းပေးအပ် လျက်ရှိသည်။
သို့ဖြစ်ရာ အထက်ပါ နိုင်ငံတစ်နိုင်ငံအပေါ် ဦးတည်သည့် ဆွေးနွေး ပွဲများနှင့် ဆုံးဖြတ်ချက်များမှာ အခြေအမြစ်မရှိသော စွပ်စွဲချက်များနှင့် တစ်ဖက်သတ်ထင်မြင်ချက်များအပေါ် အခြေခံကာ နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။
ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီ၏ အခြေခံမူများဖြစ်သည့် ဘက်မလိုက်ခြင်း၊ သမာသမတ်ကျ ခြင်း၊ ရွေးချယ်ပစ်မှတ်မထားခြင်းတို့နှင့် ဆန့်ကျင်နေသည့် “မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေ” ခေါင်းစဉ်ပါ ဆုံးဖြတ်ချက်အဆိုကို မြန်မာနိုင်ငံက ပြတ်သားစွာပယ်ချပြီး ယင်းအဆိုမူကြမ်းကို ချမှတ်ခဲ့ ရာတွင် မြန်မာနိုင်ငံက ပါဝင်ပတ်သက်ခြင်းမပြုကြောင်း ဖော်ပြအပ် သည်။ အထက်ပါဆွေးနွေးပွဲများတွင် မျှတစွာရပ်တည်ခဲ့ပြီး ဆုံးဖြတ် ချက်အဆိုမူကြမ်းကို အတည်ပြုစဉ် ပါဝင်ပတ်သက်ခဲ့ခြင်းမရှိသောနိုင်ငံများကို မြန်မာအစိုးရက အသိအမှတ်ပြု ကျေးဇူးတင်ရှိသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂ဝ၂၃ ခုနှစ်၊ ဧပြီလ ၆ ရက်