
နေပြည်တော် နိုဝင်ဘာ ၂၉
လုပ်အားခများ ခေါင်းပုံဖြတ်ရယူ၍ တရုတ်ယောက်ျားထံရောင်းစားရန် စီစဉ်ခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့ စက်ရုံစုရပ်ကွက် ရွာသာယာရွာနေ မဘုမချေ(ခ) မဘုချေ၊ မအေးချေနှင့် မအဖြူချေတို့က တစ်ရွာတည်းနေ အသက် ၂၁ နှစ်အရွယ် အမြွှာညီအစ်မနှစ်ဦးအား ရန်ကုန်မြို့အထည်ချုပ် စက်ရုံတွင် အလုပ်ရမည်၊ တစ်လလျှင်လစာငွေကျပ် ၂၅၀၀၀၀ ရမည်ဟု စည်းရုံးပြောဆို၍ လားရှိုးမြို့ရှိ စတိုးဆိုင်နှင့် မူဆယ်မြို့ရှိ ငါးဒိုင်တို့တွင် အလုပ်ခိုင်းစေပြီး လုပ်အားခများ ခေါင်းပုံဖြတ်ရယူကာ တရုတ် ယောက်ျားထံ ရောင်းစားရန် စီစဉ်ခဲ့သဖြင့် စစ်တွေမြို့မရဲစခန်း (ပ) ၅၄/ ၂၀၂၂၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၈/ ၃၂ ဖြင့် အမှုရေးဖွင့်ခဲ့သည်။
ယင်းနောက် စစ်တွေခရိုင်တရားရုံးသို့ တရားစွဲ တင်ပို့ခဲ့ရာ နိုဝင်ဘာ ၂၃ ရက်တွင် တရားခံ မဘုမချေ(ခ) မဘုချေ၊ မအေးချေနှင့် မအဖြူချေ တို့သုံးဦးအား လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/ ၃၂ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်