
နေပြည်တော် နိုဝင်ဘာ ၂၅
လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များ အပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ် တားဆီးရေးလုပ်ငန်းကော်မတီ (အဋ္ဌမအကြိမ်) ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြန်လည်ထူထောင်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လက်မှတ်ရေးထိုးထား
အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်
နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က မြန်မာနိုင်ငံအနေဖြင့် ကလေး သူငယ်အခွင့်အရေးများ ကုလသမဂ္ဂညီလာခံ သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးထားပါ ကြောင်း၊ နောက်ဆက်တွဲ အခြေပြစာချုပ်နှစ်ခု တွင်လည်း လက်မှတ်ရေးထိုးထားပြီး ဖြစ်ပါကြောင်း၊ ကလေးသူငယ်များ၏ အခြေခံအခွင့်အရေး လေးခု ဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခံပိုင်ခွင့်နှင့် ပါဝင်ဆောင်ရွက် ခွင့်များရရှိရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကလေးသူငယ်၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အကျိုးဖြစ်ထွန်းမှု အများဆုံးဖြစ်စေရေးအတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ (၂၀၁၉) ကို ပြဋ္ဌာန်းပြီးဖြစ်ပါကြောင်း။
အပြည်ပြည်ဆိုင်ရာဥပဒေများနှင့် ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ (၂၀၁၉) ပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်၍ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကျေ ထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ကျူးလွန်မှုများအား လုံးဝလက်မခံရေးမူဝါဒနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်သွားရမည် ဖြစ်ပါ ကြောင်း၊ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေး သူငယ်များအပေါ် သေကျေထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်မှုများမှ ကာကွယ်တားဆီးနိုင်ရေး အမျိုးသားအဆင့် လုပ်ငန်း စီမံချက် စတင်အကောင်အထည်ဖော်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်များက ထုတ်ပြန် သည့် ပူးတွဲကြေညာချက်ကို တုံ့ပြန်မည့်ကြေညာချက် (Statement)ကိုလည်း ထုတ်ပြန်သွားမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။
ညှိနှိုင်းဆွေးနွေး
အစည်းအဝေးသို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ လုပ်ငန်းကော်မတီဝင်များ တက်ရောက်ကြပြီး ကော်မတီလုပ်ငန်းတာဝန် ၁၆ ရပ်ကို အကောင် အထည်ဖော်နိုင်ရေးကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်