လေမုန်တိုင်းကျရောက်ခဲ့သည့်ဒေသများအတွက် ကျန်းမာရေးဆိုင်ရာ သတိပေးနှိုးဆော်ချက်

 

လေမုန်တိုင်းကျရောက်ပြီးနောက်  ရုတ်တရက်ရေလွှမ်းမိုးမှုအန္တရာယ်၊  ရေကြီးမှုအန္တရာယ်၊   မိုးကြိုး အန္တရာယ်၊ မြေပြိုမှုအန္တရာယ်၊ ထိခိုက်ဒဏ်ရာရရှိမှုအန္တရာယ်၊ လျှပ်စစ်ဓာတ်လိုက်မှုအန္တရာယ်၊ မြွေဆိုး ကိုက်မှုအန္တရာယ်၊ အအေးမိ၍ဖျားနာခြင်း၊ အဆုတ်ရောင်ခြင်း၊ ခြင်မှတစ်ဆင့်ကူးစက်သော သွေးလွန် တုပ်ကွေးနှင့် ငှက်ဖျားရောဂါ၊ မသန့်ရှင်းသောရေနှင့် အစာကြောင့်ဖြစ်ပွားတတ်သည့် ဝမ်းပျက်ဝမ်းလျှော ရောဂါ၊  အစာအဆိပ်သင့်ရောဂါနှင့်   အခြားကျန်းမာရေးဆိုင်ရာပြဿနာများ  ဖြစ်ပွားတတ်ပါသဖြင့် အောက်ဖော်ပြပါအချက်များကို တိကျစွာလိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည် -

 

၁။    ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များမှ  အချိန်နှင့်တစ်ပြေးညီထုတ်ပြန်သော    သတိပေးချက်များကို တိကျစွာလိုက်နာပါ၊

 

၂။    ရေလွှမ်းမိုးနေချိန်တွင် ချိုင့်ခွက်နှင့်မြောင်းများအတွင်းသို့  ချော်ကျ၍  ရေနစ်နိုင်သည့်အန္တရာယ်နှင့်                 ထိခိုက်ဒဏ်ရာရရှိနိုင်သည့် အန္တရာယ်ရှိသောကြောင့် သတိပြု၍ သွားလာပါ၊  ကလေးသူငယ်များကို သတိပေးပါ၊

 

၃။    လျှပ်စစ်ဓာတ်လိုက်မှုအန္တရာယ်ကို သတိပြုသွားလာပါ၊ မြေပြင်ပေါ်ပြတ်ကျနေသော သို့မဟုတ် ရေထဲသို့ကျနေသော   လျှပ်စစ်ဓာတ်ကြိုးများအနီးသို့  သွားလာခြင်းကို ရှောင်ကြဉ်ပါ၊ ကလေး သူငယ်များကို သတိပေးပါ၊ 

 

၄။    မြွေဆိုးအန္တရာယ်ကြုံတွေ့ရတတ်သဖြင့် သတိပြုပါ၊

 

၅။    အန္တရာယ်ရှိသည့် ပျက်စီးနေသော အဆောက်အအုံအတွင်းသို့ သွားလာခြင်းမပြုပါနှင့်၊

 

၆။    မသန့်ရှင်းသော အစားအစာနှင့်ရေမှတစ်ဆင့် ဝမ်းပျက်ဝမ်းလျှောရောဂါအပါအဝင် ကူးစက်တတ် သောရောဂါများဖြစ်ပွားနိုင်သဖြင့် FDA အသိအမှတ်ပြု သောက်ရေသန့် သို့မဟုတ် ကျိုချက်ထားသော ရေ သို့မဟုတ် ရေသန့်စင်ဆေးပြား စနစ်တကျခပ်ထားသောရေ သို့မဟုတ် ကလိုရင်း ဆေးခတ်၍ သန့်စင်ထားသောရေကိုသာ သောက်သုံးပါ၊ မြစ်ရေ၊ ချောင်းရေနှင့် မသန့်ရှင်းသော ရေများကို လုံးဝ မသောက်ပါနှင့်၊
 

 

၇။    အစာအဆိပ်သင့်မှု မဖြစ်စေရန် ရေမျောအစားအစာများနှင့် စည်သွတ်ဘူးများ၊ ရက်လွန်အစားအစာ၊ သိုးနေသော၊ မှိုတက်နေသော အစားအစာ၊ အမှည့်လွန်အသီးများနှင့် သန့်ရှင်းမှုမရှိသော အစားအစာ များကို မစားပါနှင့်၊ 
 

 

၈။    အစားအစာများ   ကိုင်တွယ်ပြင်ဆင်ခြင်းမပြုမီ၊   အစားမစားမီနှင့် အိမ်သာအသုံးပြုပြီးချိန်တိုင်း ဆပ်ပြာနှင့်ရေကိုအသုံးပြု၍ အနည်းဆုံးစက္ကန့် (၂၀) ကြာအောင် လက်ကိုစနစ်တကျ ဆေးကြောပါ၊
 

 

၉။    တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုပြုဆောင်ရွက်ပါ၊ သန့်ရှင်းသော ယင်လုံအိမ်သာများ အသုံးပြုပါ၊

 

၁၀။    သောက်သုံးရေသိုလှောင်ရာနေရာများနှင့် ရေတွင်းရေကန်များအနီး အညစ်အကြေးမစွန့်ပါနှင့်၊

 

၁၁။    အမှိုက်သရိုက်များကို စနစ်တကျစွန့်ပစ်ပါ၊ အမှိုက်များကို မြေမြုပ်ခြင်း၊ မီးရှို့ခြင်း၊  အမှိုက်ပုံကို ထုံးဖြူးခြင်းတို့ကို ဆောင်ရွက်ပေးပါ၊

 

၁၂။    အအေးမမိစေရန်  အမိုးအကာအောက်တွင်နေပါ၊   ရာသီဥတုနှင့်ကိုက်ညီသည့် အဝတ်အစားများ၊ ဥပမာ - နွေးထွေးသောအဝတ်များ ဝတ်ဆင်ပါ၊ (ကလေးသူငယ်များကို အထူးဂရုစိုက်ပါ၊)

 

၁၃။    ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေးထိုးလုပ်ငန်းများ၊  ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများ စသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပါ၊ 

 

၁၄။    ခြင်အန္တရာယ်သတိပြုပါ၊ မည်သည့်အချိန်တွင်မဆို ခြင်ထောင်ဖြင့်သာ  အိပ်စက်ပါ၊  ခြင်ကျား၊ ပိုးလောက်လမ်းနှင့် ခြင်နှိမ်နင်းရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပါ၊

 

၁၅။    ထိခိုက်ဒဏ်ရာရရှိခြင်းအပါအဝင်   ကျန်းမာရေးပြဿနာတစ်စုံတစ်ရာခံစားရပါက    နီးစပ်ရာ ကျန်းမာရေးဌာန သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်ပေးနေသည့် ဆေးခန်းသို့ အမြန်ဆုံးသွားရောက် ပြသပါ။

ကျန်းမာရေးဝန်ကြီးဌာန 
(မေလ၊ ၂၀၂၃ ခုနှစ်)