လေ့လာမှတ်သား ကုန်အညွှန်းအမှတ်အသား

Type

ဒေါက်တာသရဖီထွန်း DOCA (YGN)

=================

 

ကုန်အညွှန်းအမှတ်အသား    (Label)ဆိုတာ သတင်းအချက်အလက်    ဖြန့်ဝေခြင်းပါပဲ။ ကိုယ်သိ ထားတဲ့   အချက်အလက်နဲ့ အကြောင်းအရာတွေ ကို တစ်ဦးတစ်ယောက် (သို့မဟုတ်) အများသိအောင် ဖြန့်ဝေခြင်းပါ။    သတင်းဆိုတဲ့နေရာမှာ မဖြစ်မနေ သိဖို့လိုအပ်တဲ့  သတင်းရှိသလို   သိဖို့မလိုအပ်တဲ့ သတင်းဆိုတာမျိုးလည်း  ရှိနေပြန်ပါသေးတယ်။ ကမ္ဘာကျော်   ရှိတ်စပီးယားရေးထားတဲ့ ဝတ္ထုထဲက ဇာတ်ကောင်နှစ်ဦးအကြောင်း   ပြန်ပြောင်းပြောရ မယ်ဆိုရင်   ဂျူးလီးယက်ရဲ့   သေဟန်ဆောင်တဲ့ သတင်းဟာ ရိုမီယိုထံရောက်ဖို့ နောက်ကျလေတော့ ချစ်သူနှစ်ဦးစလုံး သေဆုံးရတဲ့အထိ ရောက်ရှိခဲ့တာ လည်း  သိဖို့လိုအပ်တဲ့သတင်းကို  ဖြန့်ဝေပေးတာနောက်ကျခြင်းကြောင့်ပါ။ သိဖို့မလိုအပ်တဲ့သတင်း ဆိုတာကတော့  အိမ်ပေါက်ဝအထိ ရောက်လာလေ့ ရှိကြပြီး မိသားစုနဲ့ပတ်ဝန်းကျင်အတွက် အသုံးမဝင် တဲ့ သတင်းအမှား တစ်နည်းအားဖြင့် အတင်းအဖျင်း ဆိုတာမျိုးတွေပါ။
ကုန်ပစ္စည်းတွေရဲ့သတင်းက Label ကဆောင်
“ပန်းသတင်းကို    လေညင်းကဆောင်သလို ကုန်ပစ္စည်းတွေရဲ့     သတင်းကတော့    Label က ဆောင်တာပါ”။ ဒီနေရာမှာ စာရေးသူက လူသတင်း ထက် Label သတင်းလေးကို  ဖြန့်ဝေရေးသားလို ပါတယ်။ ကုန်အညွှန်းအမှတ်အသား (Label)တွေကို လွန်ခဲ့တဲ့နှစ်ပေါင်း ၁၇၀၀ လောက်က ဆေးဝါးတွေ သယ်ဆောင်ရာမှာ အမျိုးအစားခွဲခြားစေဖို့ စတင် သုံးစွဲခဲ့ကြပြီး ၁၈ရာစု နောက်ပိုင်းမှာ ဝိုင်ပုလင်းတွေ မှာ ကုန်အညွှန်းအမှတ်အသား (Label)တွေကို စတင်သုံးစွဲလာခဲ့ကြပါတယ်။   ကုန်ပစ္စည်းတွေမှာ ကုန်အညွှန်းအမှတ်အသား (Label) တပ်ရခြင်းက တော့  ကုန်ပစ္စည်းနဲ့ပတ်သက်ပြီးတော့   သတင်း အချက်အလက်ပေးချင်လို့ပဲဖြစ်ပါတယ်။ ကုန်ပစ္စည်း ရဲ့ အကြောင်းကို ပေးချင်တဲ့သတင်းဟာ ကုန်ပစ္စည်း ရဲ့     အမျိုးအမည်ခွဲခြားနိုင်ဖို့အတွက်ဖြစ်နိုင်သလို ဈေးနှုန်းသတင်းပေးချင်လို့လည်း  ဖြစ်နိုင်ပါတယ်၊ Expire date အတွက်  သတင်းပေးချင်လို့လည်း ဖြစ်နိုင်သလို အခြားသော အချက်အလက်တွေနဲ့ ပတ်သက်တဲ့  သတင်းအတွက်လည်းဖြစ်နိုင်ပါတယ်။ 
ကုန်ပစ္စည်းတွေမှာ ကုန်အညွှန်းအမှတ်အသား (Label)ကို တပ်ထားရခြင်းရဲ့ ပထမရည်ရွယ်ချက် ကတော့ စားသုံးသူတွေရဲ့ အကျိုးအတွက်နဲ့ စားသုံး သူတွေအပေါ် ကျရောက်လာနိုင်တဲ့ ဘေးအန္တရာယ် ကကာကွယ်ပေးနိုင်ဖို့ရည်ရွယ်ပြီး   ထည့်ပေးထား တာပါ။ စားသုံးသူတွေအတွက် “သုံးတတ်ရင်ဆေး မသုံးတတ်ရင်ဘေး” ဆိုတဲ့   စကားပုံအတိုင်းပါပဲ၊ ထုတ်လုပ်သူလုပ်ငန်းရှင်တွေဟာ     ကုန်အညွှန်း အမှတ်အသား (Label) ကို   အဓိကထားသေချာ တပ်ပေးဖို့လိုအပ်ပါတယ်။ အထူးသဖြင့် ဆေးဝါးတွေ အတွက် Label ဟာ ပိုအရေးကြီးပါတယ်။ Label ပြည့်စုံစွာဖော်ပြထားမှသာ သုံးစွဲသူတွေဟာ ၎င်းတို့ ရဲ့အနေအထားတွေအရ  သောက်သုံးရန် သင့်၊ မသင့် နဲ့    ဘေးအန္တရာယ်ဖြစ်နိုင်မှု     ရှိ၊ မရှိ ကိုလည်း သုံးသပ်နိုင်မှာဖြစ်ပါတယ်။ Label အညွှန်းမပါတဲ့ ဆေးဝါးတွေကို  နားလည်မှုလွဲမှားစွာသုံးစွဲမှုတွေ ကြောင့် သေဆုံးခဲ့ရတဲ့အမှုများစွာလည်း ရှိနေပြန် ပါသေးတယ်။ ဒီလိုကိစ္စရပ်တွေကို   ကြည့်ခြင်း အားဖြင့် ကုန်အညွှန်းအမှတ်အသား (Label) ဟာ စားသုံးသူပြည်သူတွေအတွက် လုံခြုံရေးလက္ခဏာ ရပ် သင်္ကေတဆိုရင်လည်း မှားမယ်မထင်ပါ။
အကျိုးစီးပွားဖြစ်ထွန်းစေ 
ကုန်ပစ္စည်းတွေမှာ ကုန်အညွှန်းအမှတ်အသား (Label)ကို တပ်ထားရခြင်းရဲ့ ဒုတိယရည်ရွယ်ချက် ကတော့  လုပ်ငန်းရှင်တွေအတွက်   ထိရောက်တဲ့ အကျိုးစီးပွားဖြစ်ထွန်းစေခြင်းပါ။ လုပ်ငန်းရှင်တွေ ဟာ သူတို့ထုတ်လိုက်တဲ့ ကုန်ပစ္စည်းတွေနဲ့ သက်ဆိုင် တဲ့သတင်းအချက်တွေကို  Label ထဲမှာ  ဖော်ပြ ပြီးသားဖြစ်သွားတာပါ။ Product Marketing မှာ လည်း Label ဟာ   အလွန်အရေးကြီးပါတယ်။ လုပ်ငန်းရှင်တစ်ဦးဟာ        သူထုတ်လုပ်လိုက်တဲ့ ကုန်ပစ္စည်းအပေါ်မှာ Label ပြည့်စုံစွာ ဖော်ပြပေး ထားရင် Customer အတွက် Information ပေးနေ တာပဲဖြစ်တဲ့အတွက်  ၎င်းပစ္စည်းအား ဝယ်မယ်/ မဝယ်ဘူးဆိုတဲ့  စားသုံးသူရဲ့ ဆုံးဖြတ်ချက်ဟာ ပြီးပြည့်စုံတဲ့ Label အပေါ်မှာ မှီတည်နေတာဖြစ်ပါ တယ်။   Label  သေချာစွာဖော်ပြပေးထားပါက တစ်ခါမှ မသုံးဖူးသေးတဲ့ Customer တစ်ဦးတောင် ထုတ်ကုန်အပေါ် သေချာစွာနားလည်သွားစေနိုင်ပြီး ဝယ်/မဝယ်ကို  စားသုံးသူကိုယ်တိုင် ဆုံးဖြတ်နိုင်တဲ့ အခြေအနေအထိ Label ဟာ ညှို့ငင်အားကြီးလွန်း လှပါတယ်။
Label တပ်ထားတဲ့ ကုန်ပစ္စည်းကို စားသုံးသူ အား ညှို့ငင်အားကြီးသွားစေသလို Label ဖော်ညွှန်း ပြသထားခြင်းမရှိလို့   ကမ္ဘာကျော်သမ္မတတစ်ဦး သေဆုံးစေခဲ့တဲ့အထိ အန္တရာယ်ဖြစ်စေခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ၁၂ ဦးမြောက် သမ္မတ ဖြစ်တဲ့ ဇက်ခရီတေလာ  (Zachary Taylor) ဟာ ပါတီပွဲတစ်ခုမှာ နွားနို့နဲ့အသီးအချို့ကို တွဲ၍စားသုံး မိတာကြောင့် အသက်သေဆုံးခဲ့ရပြီး ၎င်းသေဆုံးပြီး နောက်ပိုင်း  စစ်ဆေးချက်တွေအရ သမ္မတကြီး စားသုံးခဲ့တဲ့နွားနို့မှာ      တွဲဖက်စားသုံးရန်မသင့်တဲ့ အစားအစာတွေကို ကြိုတင်သတိပေးချက် Label တပ်ဆင်ထားမှုမရှိတဲ့အတွက်    တွဲမစားသင့်တဲ့ အစားအစာတွေကို သမ္မတကြီးစားသုံးမိ၍ သေဆုံးခဲ့ ရကြောင်းကို နိုင်ငံပိုင်သတင်းစာတွေမှာ ကြေညာခဲ့ ရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ နောက်ပိုင်းမှာ သမ္မတ အေဘရာဟယ်လင်ကွန်း    (Abra    hamlincoln) လက်ထက်မှာ ကုန်အညွှန်းအမှတ်အသား (Label) တွေနဲ့ပတ်သက်ပြီး တိကျတဲ့လမ်းညွှန်ချက်တွေကိုထုတ်ပြန်ခဲ့ရပါတယ်။ ကုန်အညွှန်းအမှတ်အသား label ဟာ အဲဒီလောက်ထိကို အရေးပါအရာရောက် တာပါ။
သတိပေးနှိုးဆော်ချက်
ကုန်အညွှန်းအမှတ်အသား (Label)ကို နောက် တစ်မျိုး  တင်စားပြောရမယ်ဆိုရင်    “သတိပေး နှိုးဆော်ချက်” လို့  ပြောချင်ပါသေးတယ်။    တချို့ ကုန်ပစ္စည်းနဲ့  အစားအသောက်တွေဟာ   ပမာဏ နည်းနည်းသုံးစွဲရင် အန္တရာယ်မဖြစ်ပေမယ့် များများ သုံးစွဲပါက အန္တရာယ်ဖြစ်နိုင်ခြင်း၊ Label တွင်ဖော်ပြ ထားပေမယ့် တွဲဖက်မစားသင့်တဲ့ အစားအစာတွေကို သုံးစွဲမိခြင်းနဲ့ အခြားဘေးအန္တရာယ်ဖြစ်နိုင်ခြင်းတို့ က   ကာကွယ်ဖို့နဲ့    ကြိုတင်သတိပေးနိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့ ကုန်အညွှန်းအမှတ်အသား တစ်နည်းအားဖြင့် (Warning Label)တွေကို ဥပဒေ အရ  မဖြစ်မနေပြဋ္ဌာန်းနှိုးဆော်ခိုင်းတာမျိုးတွေ လည်း ရှိနေပြန်ပါသေးတယ်။ ဥပမာ-ဆေးလိပ်ဘူး ပေါ်မှာ “ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေး ကို ဆိုးရွားစွာထိခိုက်စေနိုင်သည်”  ဆိုသည့် သတိ ပေးနှိုးဆော်ဖော်ပြချက် (Warning Label) အမျိုး အစားတွေကို စာဖတ်သူတို့ မကြာခဏမြင်ဖူးကြ လိမ့်မယ်လို့လည်း ထင်မိပါတယ်။
ကုန်အညွှန်းအမှတ်အသား (Label) ရဲ့ အရေးပါ တဲ့    အခန်းကဏ္ဍတွေကြောင့်   မြန်မာနိုင်ငံမှာ စားသုံးသူတွေကို   ထိရောက်တဲ့ ကာကွယ်မှုတွေ ရရှိနိုင်ဖို့အတွက်   စားသုံးသူကာကွယ်ရေးဥပဒေ (၂၀၁၉)၊ အခန်း(၁၈)တွင် ကုန်အညွှန်းအမှတ်အသား နဲ့ပတ်သက်ပြီး         တိကျစွာပြဋ္ဌာန်းခဲ့ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့   မိမိတို့ကုန်ပစ္စည်းတွေ အပေါ်မှာ ကုန်အညွှန်းအမှတ်အသားတွေကို မြန်မာ ဘာသာဖြင့်ဖြစ်စေ၊ အခြားဘာသာနဲ့ မြန်မာဘာသာ တွဲ၍ဖြစ်စေ  တိကျစွာဖော်ပြဆောင်ရွက်နေကြပြီ  ဖြစ်ပါတယ်။ စားသုံးသူကာကွယ်ရေးလုပ်ငန်းတွေ ကို ဆောင်ရွက်နေရတဲ့ စားသုံးသူရေးရာဦးစီးဌာန အနေနဲ့ တိုင်းဒေသကြီး/ ပြည်နယ်တွေမှာ စုံစမ်း စစ်ဆေးရေးအရာရှိ မြောက်မြားစွာခန့်အပ်ထားရှိ ပြီးဖြစ်တဲ့အတွက် ဌာနအနေနဲ့ ဈေးကွက်ကွင်းဆင်း စစ်ဆေးဆောင်ရွက်ရာမှာ  Label တပ်ဆင်ထား ခြင်းမရှိတဲ့ ကုန်ပစ္စည်းတွေတွေ့ရှိပါက  ဥပဒေနဲ့ အညီ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ကုန်အညွှန်းအမှတ်အသားတွေကို 
သိသာစွာဖော်ပြရမယ်
ဒီနေရာမှာ         အယူအဆလွဲမှားနေကြတဲ့ အကြောင်းအရာလေးတစ်ခုကို တိတိကျကျ တင်ပြ ရေးသားရမယ်ဆိုရင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)၊ ပုဒ်မ ၄၁ အရ ကုန်ပစ္စည်းအမျိုးအစား အလိုက် သတ်မှတ်ချက်တွေနဲ့အညီ   ကုန်အညွှန်း အမှတ်အသားတွေကို သိသာစွာဖော်ပြရမယ်လို့ ပြဋ္ဌာန်းထားတဲ့အတွက်  လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့ထုတ်ကုန်တွေအပေါ်မှာ      ဥပဒေနဲ့ညီတဲ့ ကုန်အညွှန်းအမှတ်အသားတွေအတိုင်း  ဖော်ပြ တပ်ဆင်နိုင်တယ်လို့    အဓိပ္ပာယ်သက်ရောက်ပြီး ဖြစ်ပါတယ်။  ကုန်အညွှန်းအမှတ်အသားတွေကို ဖော်ပြနိုင်ဖို့အတွက် စားသုံးသူရေးရာဦးစီးဌာနမှာ လာရောက်စစ်ဆေးရမယ်လို့  စားသုံးသူကာကွယ် ရေးဥပဒေမှာ ဖော်ပြထားတာမရှိတဲ့အတွက် ဌာနမှာ လာရောက်စစ်ဆေးခြင်းပြုဖို့မလိုဘဲ      မိမိတို့ ထုတ်ကုန်တွေမှာ  ကုန်အညွှန်းအမှတ်အသားတွေကို ဖော်ပြနိုင်ပါတယ်။
သို့သော်  ကုန်အညွှန်းအမှတ်အသားတွေနဲ့ ပတ်သက်၍  မြန်မာနိုင်ငံ  စားသုံးသူကော်မရှင်က ၃-၁၂-၂၀၁၉ ခုနှစ်က     ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ဖြင့် ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါ တယ်။ ထိုကြေညာချက်ထဲမှာ ကုန်ပစ္စည်းတွေပေါ်မှာ ဖော်ပြရမယ့်အမျိုးအမည်၊   အသားတင်ပမာဏ၊ ထားသိုပုံ၊ သုံးစွဲပုံ၊ ဘေးထွက်ဆိုးကျိုး၊     ဓာတ်မတည့် ကြောင်းဖော်ပြချက်နဲ့ ကြိုတင်သတိပေးချက်    စတဲ့ ကုန်အညွှန်းအမှတ် အသားဖော်ပြချက် ခုနစ်ချက် တို့ကို ဖော်ပြထားပါတယ်။ p စာမျက်နှာ ၁၀ မှ
ကုန်စည်အမျိုးအစားတွေဟာ မတူညီကြတာကြောင့် ၎င်းခုနစ်ချက်ကို ကုန်ပစ္စည်းတိုင်းမှာ ခုနစ်ချက်လုံး    ထည့်သွင်းဖော်ပြဖို့မလိုအပ်တဲ့အတွက် ကုန်စည် တွေကို အုပ်စု ၄၂ မျိုးခွဲပြီး   ကုန်စည်အမျိုးအစား အလိုက်  ထည့်သွင်းဖော်ပြရမယ့်  Label အချက် တွေကို  ကြေညာချက်ထဲမှာ   ဖြည့်စွက်ထည့်သွင်း ဖော်ပြခဲ့ပါတယ်။  ရေသန့်ကဲ့သို့သော    ကုန်ပစ္စည်း အမျိုးအစားတွေဟာ     ဘေးထွက်ဆိုးကျိုး၊      ဓာတ်မတည့်ကြောင်းဖော်ပြချက်နဲ့ ကြိုတင်သတိ ပေးချက်  စတဲ့အချက်တွေ  ထည့်သွင်းဖော်ပြဖို့ မလိုအပ်ဘဲ   အချက်လေးချက်ခန့်သာ  ဖော်ပြရန် လိုအပ်ခြင်း၊ ဆေးဝါးကဲ့သို့သော အချို့ကုန်ပစ္စည်း တွေဟာ အချက်ခုနစ်ချက်လုံး ထည့်သွင်းဖော်ပြရန် လိုအပ်ခြင်း     စတဲ့မတူညီတဲ့အချက်အလက်တွေ ကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့ကုန်ပစ္စည်း တွေအပေါ်  တိကျတဲ့ Label တွေ တပ်ဆင်ရန်ဆန္ဒ ရှိလာကြခြင်း၊         အချို့လုပ်ငန်းရှင်တွေဟာ ကုန်အမျိုးအမည်ကို Branch Name နဲ့     မှားယွင်း ထည့်သွင်းဖော်ပြခြင်းနဲ့  ကုန်ပစ္စည်းအမျိုးအမည်ကို တိုက်ရိုက်ဘာသာပြန် ထည့်သွင်းဖော်ပြလာကြခြင်း   စတဲ့ကုန်အညွှန်း အမှတ်အသား ဖော်ပြချက်အမှား တွေဖော်ပြမှု များလာတာကို တွေ့ရှိလာရပါတယ်။    (ဥပမာ-ပန်းသီးယမကာလို့ ဖော်ပြရမည့်အစား ပန်းသီး ဆိုက်ဒါဟု ဖော်ပြလာခြင်း၊   ဂျုံမှုန့်ဟု   သုံးရမည့်အစား  ဖလောဟု ဖော်ပြခြင်း) 
 Label တွေ ပြန်လည်ပြင်ဆင်ရ
ယင်းကဲ့သို့ ဥပဒေဖော်ပြချက်တွေနဲ့ ကိုက်ညီမှု မရှိတဲ့ ကုန်အညွှန်းအမှတ်အသားတွေကို မှားယွင်း ထည့်သွင်းခဲ့တာကြောင့်  Label တွေ   ပြန်လည် ပြင်ဆင်ရပြီး ပြင်ဆင်ကုန်ကျစရိတ်တွေ မကုန်သင့် ဘဲ များစွာကုန်ကျနေရတဲ့ ဖြစ်စဉ်မျိုးကြုံတွေ့ရတဲ့ အပေါ်   လုပ်ငန်းရှင်တွေအနေနဲ့  ၎င်းတို့ဖော်ပြ ညွှန်းဆိုထားတဲ့  ကုန်အညွှန်းတွေ   မှန်ကန်ပြည့်စုံ ခြင်း ရှိ၊ မရှိကို စစ်ဆေးပေးပါရန် စားသုံးသူရေးရာ ဦးစီးဌာနကို   အကူအညီတောင်းခံမှုတွေရှိလာခဲ့တဲ့ အတွက်         ဌာနအနေနဲ့ ဥပဒေနဲ့ကိုက်ညီတဲ့ ကုန်အညွှန်းအမှတ်အသားတွေ  ဖော်ပြနိုင်ရေးနဲ့ ဥပဒေကို   တိကျစွာလိုက်နာတဲ့လုပ်ငန်းရှင်တွေ ဖြစ်လာနိုင်စေရေးအတွက်ရည်ရွယ်ပြီး စစ်ဆေး ဆောင်ရွက်ပေးနေရခြင်းသာဖြစ်ပါတယ်။  ဌာနမှ ကုန်အညွှန်းအမှတ်အသားတွေကို  တရားဝင် မှတ်ပုံတင်ရန် ဥပဒေအရ ပြဋ္ဌာန်းထားခြင်းမရှိတာ ကြောင့် လုပ်ငန်းရှင်တွေ လာရောက်စစ်ဆေးခြင်း ဟာ တရားဝင်မှတ်ပုံတင်ခြင်းမဟုတ်ဘဲ  ဌာနက အကူအညီပေးစစ်ဆေးခြင်းသာ         ဖြစ်ပါတယ်။ ကုန်အညွှန်းအမှတ်အသားတွေ ပြည့်စုံစွာ ဖော်ပြ ထားပေမယ့်   ဖော်ပြထားတဲ့      Label   တွေဟာ အဓိပ္ပာယ်မှန်ကန်မှုမရှိတဲ့    ကုန်ပစ္စည်းအချို့ကို ဈေးကွက်အတွင်းမှာ စစ်ဆေးတွေ့ရှိနေရပါတယ်။   တချို့သောမှားယွင်းမှုမျိုးဟာ  စားသုံးသူတွေကို ထင်ယောင်ထင်မှား ဖြစ်စေနိုင်တဲ့အတွက် ပြန်လည် ပြုပြင်ဖော်ပြရမယ့်အချက်တွေကို   စားသုံးသူ ကာကွယ်ရေးဥပဒေနဲ့အညီ        ဝန်ကြီးဌာနက သတ်မှတ်ပြဋ္ဌာန်းကြေညာပေးခဲ့ရတဲ့ဖြစ်စဉ်မျိုး လည်းရှိပါတယ်။   (ဥပမာ -၂၂-၁၂-၂၀၂၁ ရက်နေ့ က  ဝန်ကြီးဌာနမှထုတ်ပြန်ခဲ့သော   စားသုံးဆီများ နှင့်ပတ်သက်သည့် ကြေညာချက်ထုတ်ပြန်ချက်)
ကုန်အညွှန်းအမှတ်အသားဖော်ပြချက်တွေနဲ့ပတ်သက်ပြီး     စားသုံးသူကာကွယ်ရေးဥပဒေ တစ်မျိုးတည်းမှာသာ ပြဋ္ဌာန်းထားခြင်းမျိုးမဟုတ်ပါ။ အစားအသောက်ကုန်ပစ္စည်းတွေနဲ့  သက်ဆိုင်တဲ့ အခြားသော         သက်ဆိုင်ရာဌာနတွေမှာလည်း ကုန်အညွှန်းအမှတ်အသားနဲ့ပတ်သက်တဲ့ ပြဋ္ဌာန်းချက်အချို့ရှိနေသေးတဲ့အတွက်  ထိုပြဋ္ဌာန်းချက် တွေကိုလည်း       တိကျစွာလိုက်နာဆောင်ရွက်ဖို့ လိုအပ်ပါသေးတယ်။         ဥပမာအနေဖြင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဟာ   အစားအသောက်၊  ဆေးဝါး၊  အလှကုန်နဲ့ ရေသန့်တို့နဲ့ပတ်သက်တဲ့      တိကျတဲ့ဥပဒေတွေ၊ ပြဋ္ဌာန်းချက်တွေ၊ လုပ်ထုံးလုပ်နည်းတွေ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြချက်တွေကို   ပြဋ္ဌာန်းဖော်ပြ ထားတာတွေလည်းရှိပါတယ်။  ဒီလိုပါပဲ ဓာတ်မြေ ဩဇာ၊      စိုက်ပျိုးရေးသုံးပိုးသတ်ဆေးအမျိုးမျိုး အတွက် သက်ဆိုင်ရာထည့်သွင်းရမယ့် ကုန်အညွှန်း အမှတ်အသားတွေကို   စိုက်ပျိုးရေးဦးစီးဌာနက တိကျတဲ့ဥပဒေတွေနဲ့     ပြဋ္ဌာန်းထားတာရှိသလို ကျန်းမာရေးအတွက်  ထိခိုက်စေမယ့်ကုန်ပစ္စည်း တွေပေါ်မှာ Warning label (သတိပေးနှိုးဆော်ချက် အညွှန်း) တွေကိုလည်း ထည့်သွင်းဖော်ပြဖို့အတွက် ကျန်းမာရေးဦးစီးဌာနက ကုန်အညွှန်းအမှတ်အသား နဲ့ပတ်သက်တဲ့ ဖော်ပြချက်အချို့လည်းရှိနေပြန်ပါ သေးတယ်။         ဒါကြောင့် လုပ်ငန်းရှင်တွေအနေနဲ့ မိမိတို့ထုတ်ကုန်တွေအပေါ်မူတည်ပြီး  စားသုံးသူ ကာကွယ်ရေးဥပဒေအရရော အခြားသက်ဆိုင်ရာ ဌာနတွေရဲ့     ကုန်အညွှန်းဖော်ပြချက်တွေကိုပါ တိကျစွာလိုက်နာဖော်ပြဆောင်ရွက်သွားစေလိုပါ ကြောင်းနဲ့ ရပ်ကွက်ဈေးဆိုင်တွေကစပြီး ဈေးဆိုင် ကြီးတွေ၊ Supermarket ကြီးတွေမှာ ကုန်အညွှန်း အမှတ်အသား (Label) တွေ  ပြည့်စုံမှန်ကန်စွာ ဖော်ပြထားတဲ့ ကုန်ပစ္စည်းတွေသာ ရောင်းချစေရေး ကြပ်မတ်စစ်ဆေးပေးခြင်းဖြင့် စားသုံးသူများ လုံခြုံ စိတ်ချရမှုရှိစေရန်     စားသုံးသူရေးရာဦးစီးဌာန (DOCA) ဝန်ထမ်းများက  ထာဝရကြိုးစားနေကြ မည်သာ ဖြစ်ပါတယ်။          ။
n