လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၂၆၁၁) နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကြီးဖွင့်ပွဲ အခမ်းအနားနှင့် နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်လည်ပူဇော်ပွဲ ကျင်းပ

 

နေပြည်တော်    ဖေဖော်ဝါရီ    ၂၄


လေးဆူဓာတ်ပုံ     ရွှေတိဂုံစေတီတော်မြတ်ကြီး၏  (၂၆၁၁) နှစ်မြောက် ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကြီး ဖွင့်ပွဲအခမ်းအနားနှင့်   နှစ်ကျိပ်ရှစ်ဆူဘုရား လှည့်လည်ပူဇော်ပွဲ  အခမ်းအနားကို ယနေ့နံနက်  ပိုင်းတွင်    ရန်ကုန်တိုင်းဒေသကြီး    ဒဂုံမြို့နယ်ရှိ  ရွှေတိဂုံစေတီတော်  ရင်ပြင်တော်ပေါ်၌   ပြုလုပ်ရာ  ရွှေတိဂုံစေတီတော်ထိန်း ဂေါပကအဖွဲ့၏ သြဝါဒါ စရိယ  ရွှေပြည်သာမြို့နယ်  ရွှေပြည်သာပရိယတ္တိ စာသင်တိုက်   ဆရာတော်   အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒွိပိဋကဓရ ပါဠိပါရဂူ ဘဒ္ဒန္တနာဂိတ အမှူးပြုသော  သံဃာတော် များ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီးချုပ်  ဦးစိုးသိန်း၊  ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့်  တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော   ဒါယကာ၊   ဒါယိကာမများ တက်ရောက်ကြသည်။

 


ဦးစွာ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း  ၌ စုရပ်ပြုလုပ်၍ နှစ်ကျိပ်ရှစ်ဆူဗုဒ္ဓရုပ်ပွားတော်များကို စေတီတော်ရင်ပြင်တွင်  လက်ယာရစ်လှည့်လည် ပူ ဇော်ကြသည်။ ထို့နောက် ချမ်းသာကြီးတန်ဆောင်း၌ ဗုဒ္ဓပူဇနိယပွဲတော်ကို  ဆက်လက်ကျင်းပရာ နမော တဿ  သုံးကြိမ်ရွတ်ဆို  ဘုရားကန်တော့၍    အခမ်း အနားဖွင့်လှစ်ပြီး  ရွှေတိဂုံစေတီတော် ဘဏ္ဍာတော် ထိန်း ဂေါပကအဖွဲ့၏   သြဝါဒါစရိယ   ရွှေပြည်သာ မြို့နယ် ရွှေပြည်သာ ပရိယတ္တိစာသင်တိုက် ဆရာတော်  ထံမှ  တိုင်းဒေသကြီး   ဝန်ကြီးချုပ်၊   တိုင်းမှူးနှင့် တက်ရောက်လာကြသူများက     ကိုးပါးသီလခံယူ ဆောက်တည်ကြသည်။  

 

                 
ထို့နောက် ပွဲတော်ကျင်းပရေးကိစ္စနှင့် စပ်လျဉ်း ၍  အလှည့်ကျ သဘာပတိ ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့ဝင် တစ်ဦးက  ဗုဒ္ဓပူဇနိယမင်္ဂလာ အဖွင့်စကား ဖတ်ကြားလျှောက်ထားသည်။         

 


ဆက်လက်၍  မြတ်ဗုဒ္ဓ၏သဗ္ဗညုတ   ဉာဏ်ရောင်  မြတ်တန်ဆောင်ကို လေးမြတ်ကော်ရော် ပူဇော်သော အားဖြင့် သြဝါဒါစရိယဆရာတော်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊   တိုင်းမှူး၊   ဂေါပကအဖွဲ့ဝင်များနှင့် ဧည့်သည်တော်များက   ဆီမီးတန်ဆောင် ထွန်းညှိ ပူဇော်ပြီး ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်အား  ဖွင့်လှစ် ပေးကြသည်။     ယင်းနောက်    တိုင်းဒေသကြီး ဝန်ကြီးချုပ်၊   တိုင်းမှူးနှင့်  ဂေါပကအဖွဲ့ တာဝန်ရှိသူ များက သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက်  မဟာပဋ္ဌာန်း ပစ္စယ    နိဒ္ဒေသဒေသနာတော်များကို     သြဝါဒါ စရိယ ဆရာတော်ကြီးများ၊   ဗဟိုမဏ္ဍပ်အတွင်းရှိ တက်ရောက်လာကြသူများ၊ အာရုံခံမုခ်ဦး လေးခုတွင်  နေရာယူထားကြသော  ပရိသတ်အမျိုးလေးပါးတို့က ရွတ်ဖတ်ပူဇော်၍    ဗဟိုမဏ္ဍပ်အတွင်းရှိ   ရတနာ ဃရစံအိမ်တော်အတွင်း အသင့်နေရာယူထားသော သံဃာတော်က မဟာပဋ္ဌာန်းဒေသနာတော်ကို အသံ မစဲ   ဆက်လက်ရွတ်ဖတ်ပူဇော်ပြီး  တိုင်းဒေသကြီး ဝန်ကြီးချုပ်၊     တိုင်းမှူးနှင့်   တာဝန်ရှိသူများက   သံဃာတော်များနှင့်   သီလရှင်များအား   နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။        

 


ဗုဒ္ဓပူဇနိယတပေါင်းပွဲတော်တွင်  သံဃာတော် အပါး ၁၂၀ တို့က ယနေ့နံနက် ၉ နာရီမှ မတ် ၅ ရက် နံနက် ၉ နာရီအထိ ကိုးရက်တိုင်တိုင် အသံမစဲမဟာ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ကြမည်ဖြစ်ပြီး မတ်လ ၄ ရက် (အဖိတ်နေ့) ညနေ ၄ နာရီတွင်  ရွှေတိဂုံစေတီတော်  သြဝါဒါစရိယ   ဆရာတော်ကြီးများနှင့်   ပင့်သံဃာ   ၁၁၇ ပါး၊  သီလရှင် ၂၇ ပါးတို့အား  ရှေးဟောင်းဗုဒ္ဓ ရုပ်ပွားတော်များ တန်ဆောင်းမှစ၍ ရင်ပြင်တော်ပေါ် လက်ယာရစ်တစ်ပတ် ဆွမ်းဆန်တော်လောင်းလှူခြင်း၊  မတ် ၅ ရက် (တပေါင်းလပြည့်နေ့) နံနက် ၅ နာရီခွဲ  တွင်    ရင်ပြင်တော်အောင်မြေ၌   ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်း၍  နံနက် ၉ နာရီတွင်   ချမ်းသာကြီး တန်ဆောင်း၌  ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ပိတ်ပွဲ (အောင်ပွဲ)နှင့် ရေစက်ချအခမ်းအနား ကျင်းပခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်    ရဟန်းရှင် လူပြည်သူများမှ အနုမောဒနာပြုနိုင်ကြရန်နှင့် ပါဝင်  လှူဒါန်း  ကုသိုလ်ပြုနိုင်ကြရန် ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က      နှိုးဆော်ထား ကြောင်း သတင်းရရှိသည်။   


သတင်းစဉ်