
မောင်မောင်ထိန် (ကျောက်ပန်းတောင်း)
ကိုဗစ်-၁၉ ရောဂါကာလအလွန်တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်သို့ လာရောက်ကြမည့် ခရီးသွားပြည်သူများ၊ ငှက်ချစ်သူများ၊ ငှက်ဝါသနာရှင်များနှင့် သတ္တဗေဒ ကျောင်းသားကျောင်းသူများ၊ ရှားပါးငှက်လေ့လာချင်သူများအနေဖြင့် ကမ္ဘာပေါ်တွင် မြန်မာတစ်နိုင်ငံတည်းမှာသာရှိသည့် မြန်မာ့ဒေသမျိုးရင်း ရှားပါးငှက် ကိုးမျိုးဖြစ်သည့် စွေ့ငှက်၊ ဘီလုံးငှက်၊ ငှက်မင်းသားဝမ်းဖြူ၊ ဧရာဝတီဗွတ်ချွဲ၊ ချိုးလင်းပြာ၊ နဖားကြူးအမြီးဝိုင်း၊ ငှက်လက်မမြီးရှည်ညို၊ မျက်ခုံးဖြူ ငှက်ပြာခြောက်နှင့် မြန်မာ့တစ်ငှက် စသည့်ငှက်မျိုးများအနက် ခုနစ်မျိုးကို ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်ခရီးစဉ်အတွင်း လေ့လာနိုင်မည်ဖြစ်ကြောင်း သစ်တောဦးစီးဌာန လောကနန္ဒာဘေးမဲ့တောဥယျာဉ်အုပ်ချုပ်ရေးမှူး ဦးရွှေဌေးအောင်က ရှင်းပြသည်။
ဘီလုံးငှက်
လောကနန္ဒာဘေးမဲ့တောဥယျာဉ်အတွင်း အမြဲ နေထိုင်ကျက်စားလေ့ရှိပြီး အစားအစာ ပေါများခြင်း၊ လုံခြုံမှုရှိခြင်းတို့ကြောင့် အကောင်ရေတိုးပွားလာ ကြောင်း သိရသည်။ ဥယျာဉ်တစ်ခုလုံး အနှံ့အပြား တွေ့ရတတ်သော်လည်း ချုံပင်များပေါသော ကွင်းပြင်နေရာတွင် အများဆုံးကျက်စားကာ အသိုက်လုပ် ဥဥခြင်းများကို ပြုလုပ်လေ့ရှိသည်။ လူများ၊ လူနေအိမ်များနှင့် အဝေးတွင် ကျက်စား နေထိုင်ကြကြောင်း၊ ဓာတ်ကြိုးတန်းများပေါ်နှင့် သစ်ပင်ထိပ်ဖျားတို့တွင် နားနေတတ်ကြောင်း၊ မိုးရွာ ခါနီးအချိန်တိုင်း ၎င်းတို့သဘာဝအလျောက် လေဟုန်စီး၍ မြူးတူးပျော်ပါးကြကြောင်း သိရသည်။ ဒေသခံများက မိုးခေါ်ငှက်ဟုလည်း ခေါ်ဆိုကြသည်။ ရန်ကုန်တက္ကသိုလ်မှ ဆရာမတစ်ဦးသည် လောက နန္ဒာဘေးမဲ့တောဥယျာဉ်အတွင်းနှင့် ပုဂံမြို့ ပတ်ဝန်းကျင်၌ ၂၀၁၆ ခုနှစ်မှစ၍ လေးနှစ်ကြာ ကွင်းဆင်းလေ့လာ သုတေသနစာတမ်းပြုစုကာ ဒေါက်တာဘွဲ့ရယူခဲ့ကြောင်း၊ လေ့လာတွေ့ရှိချက် အရ ဥယျာဉ်ပြင်ပ၌ လေ့လာခဲ့ရာတွင် စွေ့ငှက် ကောင်ရေ ၉၀ မှ ၁၀၀ ကြား ရှိနိုင်ကြောင်းနှင့် ဥယျာဉ်အတွင်း အကောင်ရေ ၃၀ မှ ၅၀ ကြား တွေ့ရှိရကြောင်း သိရသည်။
စွေ့ငှက်
လောကနန္ဒာဘေးမဲ့တောဥယျာဉ်အတွင်းနှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်း အမြဲ နေထိုင် ကျက်စားလေ့ရှိပြီး အစာရေစာပေါများ ၍ လုံခြုံမှုရှိခြင်းကြောင့် အကောင်ရေတိုးပွား လာခဲ့ကာ လူများနှင့် ယဉ်ပါးလွယ်၍ လူနေအိမ် များအနီးသို့ပင် လာရောက်ကျက်စား နေထိုင်ကြ ကြောင်း သိရသည်။ ဦးရွှေဌေးအောင်နှင့် ဝန်ထမ်း များ ကွင်းဆင်းလေ့လာချက်အရ စွေ့ငှက်ကောင် ရေ ၅၀၀ ခန့်ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
ငှက်မင်းသားဝမ်းဖြူ
ငှက်မင်းသားဝမ်းဖြူငှက်သည် လောကနန္ဒာ ဥယျာဉ်အတွင်းနှင့် ပုဂံရှေးဟောင်းဒေသအတွင်း အမြဲနေထိုင်ကျက်စားလေ့ရှိကြောင်း၊ ကွင်းပြင်များ တွင်လည်း အများဆုံးတွေ့ရသည့် ငှက်ဖြစ်ကာ လူနှင့် လူနေအိမ်များအဝေးတွင် နေထိုင်ကျက် စားကြကြောင်း သိရသည်။ ခြောက်ကောင်အုပ်၊ ရှစ်ကောင်အုပ်၊ အုပ်လိုက်ကျက်စားနေထိုင်ကြ ကြောင်း ဦးရွှေဌေးအောင်က ရှင်းပြသည်။
ချိုးလင်းပြာ
ဥယျာဉ်အတွင်း အနှံ့အပြားတွေ့ရပြီး ပုဂံ ရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်း၌လည်း တွေ့ရှိ နိုင်သည်။ လူများနှင့် ယဉ်ပါးလွယ်၍ လူနေအိမ် များ အနီးသို့ပင် လာရောက်ကျက်စား နေထိုင်ကြကြောင်း၊ စုံတွဲနေထိုင်သည်ကို အများဆုံး တွေ့ရပြီး ၎င်းနှင့်အတူ အခြားချိုးအမျိုးအစား သုံးမျိုးဖြစ်သည့် ချိုးပိန်တူး၊ ချိုးနီပု၊ ချိုးလည်ပြောက် တို့နှင့်လည်း ယှဉ်တွဲနေထိုင်ကြကြောင်း သိရသည်။
ဧရာဝတီဗွတ်ချွဲ
ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန် တစ်ခုလုံး၌ တွေ့ရသည်။ လူများနှင့် ယဉ်ပါးလွယ်၍ လူနေအိမ်များအနီး ငှက်သိုက်ဆောက်လုပ်နေထိုင် ကျက်စားကြသည်။ လောကနန္ဒာဥယျာဉ်ထဲတွင်ပင် အကောင်ရေ ၃၀၀ ခန့်ရှိကြောင်း သိရသည်။ ၎င်းနှင့် အမျိုးတူဗွတ်နှစ်မျိုးဖြစ်သည့် ဗွတ်ဖင်နီ၊ ဗွတ်စာမွဲတို့နှင့်လည်း ယှဉ်တွဲနေထိုင်ကြကြောင်း သိရသည်။ တက္ကသိုလ် ဆရာ ဆရာမများ ရှေ့ပြေး လာရောက်လေ့လာလျက်ရှိသည်။
နဖားကြူးငှက်
အဆိုပါ နဖားကြူးငှက်သည် တစ်နေရာတည်း တွင် နေထိုင်ကျက်စားသည့် ငှက်မဟုတ်ဘဲ ဧည့်သည် ငှက်ပမာ တွေ့ရှိတတ်ကြပြီး လောကနန္ဒာဥယျာဉ် နှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်တွင် တွေ့ရှိရ သည်မှာ ငါးနှစ်ခန့်သာရှိသေးကြောင်း၊ စတင် တွေ့ရှိခဲ့စဉ်က နှစ်ကောင်တစ်စုံ သစ်ပင်ထိပ်ဖျား တွင် စတင်တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့ပြီး နောက်ဆုံး ၂၀၁၈ ခုနှစ်တွင် ခြောက်ကောင်တစ်အုပ် လာရောက်ခဲ့သည်ကိုလည်း မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။
ငှက်လက်မမြီးရှည်ညို
လောကနန္ဒာဘေးမဲ့တောဥယျာဉ်တွင် အမြဲ နေနိုင်ကျက်စားခြင်းမရှိဘဲ ပြင်ပ ပုဂံ-ညောင်ဦး ဝန်းကျင်ရှိ လယ်ယာစိုက်ခင်းများ၊ ကိုင်းတောများ၊ မြက်တောများတွင် ဥယျာဉ်အတွင်း ငှက်စာရင်း ကောက် လုပ်ငန်းဆောင်ရွက်စဉ် ၁၀ ကောင်ထက် မပိုဘဲ ကွဲပြားစွာနေထိုင်ကျက်စားသည်ကို တွေ့ရှိရ သည်။ ဥယျာဉ်အတွင်း နေထိုင်ကျက်စားသည့်ငှက် အားလုံးကို ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ လေ့လာ၍ ဒေါက်တာဘွဲ့ရရှိသည့် ဆရာမတစ်ဦး၏ လေ့လာသုတေသနပြုကာလများတွင် လေး၊ ငါး ကောင်ခန့်သာ တွေ့ရှိမှတ်တမ်းတင်နိုင်ကြောင်း ဦးရွှေဌေးအောင်က ရှင်းပြသည်။
ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန် အတွင်း ခရီးစဉ်ဒေသရှိပြီးဖြစ်ရာ ကမ္ဘာအရပ်ရပ်မှ ငှက်ဝါသနာရှင်များ လာရောက်လေ့လာသည့်အခါ ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်းများစွာ ရရှိပြီး မြန်မာ့မျိုးရင်းရှားပါး ငှက်မျိုးစိတ်များကို လည်း ထိန်းသိမ်းရာရောက်မည်ဖြစ်သည်။ လောကနန္ဒာဘေးမဲ့တောဥယျာဉ်နှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) တို့ ပူးပေါင်းကာ ငှက်ကြည့်ခရီးစဉ်များ ဆောင်ရွက် သည့်အခါ ငှက်တိုးဂိုက်များစွာလည်း လိုအပ်လာ မည်ဖြစ်ပေသည်။ လောကနန္ဒာဘေးမဲ့တောဥယျာဉ် ခရီးစဉ်ဒေသအသစ်တွင် ကမ္ဘာ့ရှားပါးကြယ်လိပ်များ၊ တိုက်လိပ်များနှင့် ရှားပါးငှက်မျိုးစိတ် ခုနစ်မျိုးတို့ ရှိသည့်အပြင် မိုးနည်းရပ်ဝန်းဒေသမှ ဧက ၁၀၀ ကျော် ဘေးမဲ့တောဥယျာဉ်အတွင်း၌ ကြီးမားသည့် သစ်ပင်ကြီးများ အုံ့အုံ့မှိုင်းမှိုင်းတည်ရှိနေသည်ကိုလည်း လာရောက်လေ့လာလည်ပတ်ကြမည့် သူများ လက်တွေ့ ကြည့်ရှုတွေ့မြင်နိုင်မည်ဖြစ် ပေသည်။ ။
- Log in to post comments