ကုလသမဂ္ဂအဖွဲ့၏ ရည်ရွယ်ချက်၊ မူဝါဒများနှင့်ဆန့်ကျင်သည့် အစီရင်ခံစာနှင့် ဆွေးနွေးမှုများကို မြန်မာနိုင်ငံကပယ်ချ

 

(၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ တတိယ ကော်မတီ၌   ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏   မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူး အစီရင်ခံစာတင်သွင်းသူတို့၏ ထုံးစံအတိုင်း တစ်ဖက်သတ် အစီရင်ခံ စာများအပေါ် အပြန်အလှန် ဆွေးနွေးမှုများကို ၂၂-၁၀-၂၀၂၁ ရက်တွင် ပြုလုပ်ခဲ့သည်။  ယင်းမတိုင်မီ ၂၁-၁၀-၂၀၂၁ ရက်တွင်  ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ  အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့ သည်။

 


ယခုတင်သွင်းသည့် အစီရင်ခံစာများသည် ယခင်အစီရင်ခံစာများ ကို ပုံတူကူးချထားခြင်းသာဖြစ်၍   ထူးမခြားနား   ချဲ့ကားတန်ဆာဆင် ပြောစကားများဖြင့်သာ ထပ်နေပြီး၊ ဖြစ်ရပ်မှန် အချက်အလက်များ ပျောက်ဆုံးနေကြောင်း   တွေ့ရသည်။    အစီရင်ခံစာနှစ်ခုလုံးတွင် ဖော်ပြထားသည့် သေဆုံးမှုကိန်းဂဏန်းအများစုမှာ “နိုင်ငံရေးအကျဉ်း သားများ စောင့်ကြည့်လေ့လာရေးအဖွဲ့ (AAPP)” ဟု ခေါ်သည့်အဖွဲ့မှ ရယူခြင်းဖြစ်ပြီး၊ ၎င်းတို့အဆိုအရ AAPP အား ယုံကြည်စိတ်ချရသည့် အရင်းအမြစ်ဟု ညွှန်းထားသည်။ သို့သော် AAPP အဖွဲ့၏  စာရင်း ဆိုသည်ကပင် ထိခိုက်ခံစားရသူများ၏ အချက်အလက်များကို စိစစ် အတည်ပြုနိုင်ခြင်းမရှိသဖြင့် ယုံကြည်စိတ်ချရမှုမှာ မေးခွန်းထုတ်ဖွယ် ဖြစ်သည်။

 


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏     အထူးကိုယ်စားလှယ်က တင်သွင်းသည့်   အစီရင်ခံစာတွင်    အဖြစ်အပျက်တစ်ခုချင်းစီအား မည်သည့်နေ့ရက်၊ အချိန်တွင်  ဖြစ်ပွားသည်ကို  ရှင်းလင်းသေချာစွာ  ဖော်ပြထားခြင်းမရှိဘဲ သိမ်းကျုံးစွပ်စွဲချက်များကိုသာ အခြေခံထား သည်။   အထူးကိုယ်စားလှယ်က   မြန်မာနိုင်ငံအတွင်း   သိသာသည့် ဆုတ်ယုတ်မှုများမှာ   ရွေးကောက်ပွဲလုပ်ငန်းစဉ်နှင့်   ရလဒ်အပေါ် တပ်မတော်၏ သဘောထားကွဲလွဲမှုကြောင့်ဖြစ်ကြောင်း ဖော်ပြထား သည်။ ယခင် မဲမသမာမှုများကို ဖြေရှင်းပေးရန် တပ်မတော်၏ ကနဦး တောင်းဆိုချက်ကို NLD အစိုးရနှင့်  ယခင်ရွေးကောက်ပွဲကော်မရှင် ဘက်က လုံးဝလျစ်လျူရှုခဲ့ခြင်းကြောင့် လက်ရှိနိုင်ငံရေးအခြေအနေသို့ ဆိုက်ရောက်နေသည်ဆိုသည့်  အချက်ကိုမူ   ချန်လှပ်ထားခဲ့သည်။ ထို့အပြင် အထူးကိုယ်စားလှယ်၏ လေ့လာတွေ့ရှိချက်များတွင် ဖော်ပြ ထားချက်များအရ   ကုလသမဂ္ဂအဖွဲ့များ၏   ဝင်ရောက်စွက်ဖက်၊ လွှမ်းမိုးခြယ်လှယ်လိုသည့် ရည်ရွယ်ချက်မှာ ထင်ရှားသည်။ အစီရင်ခံ စာတွင် အားလုံးမျှော်မှန်းသည့် ဒီမိုကရေစီ ရည်မှန်းချက်နှင့် အားလုံး ၏ တူညီသောခံစားမှုများဟု ခေါင်းစဉ်တပ်၍ ယင်းခေါင်းစဉ်အောက် တွင်   အဖွဲ့များအကြား   ပိုမိုပူးပေါင်းမိစေရန်  မသိမသာ အားပေး အားမြှောက်ပြုကာ အစိုးရနှင့် ပြည်သူများအကြား တင်းမာမှုများနှင့် ကြီးမားသည့် လက်နက်ကိုင် ဆူပူအုံကြွမှုများ ပိုမိုဖြစ်ပွားလာစေရန် ဦးတည်ရေးသားထားကြောင်း တွေ့ရသည်။ ယင်းကို သမာသမတ် ကျသော အားပေးမှုဟု မယူဆနိုင်သည့်အပြင် နိုင်ငံတွင်း စိတ်ဝမ်း ကွဲပြားမှုနှင့် အကြမ်းဖက်လှုံ့ဆော်မှုများ ဖြစ်စေရန်သာ ဦးတည်သည်။ ထို့ကြောင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်၏ သမာသမတ်ကျမှုနှင့်   ၎င်း၏ရပ်တည်မှုတို့မှာ   မေးခွန်းထုတ်ဖွယ် ဖြစ်သည်။

 


ထို့နည်းတူပင် အထူးအစီရင်ခံစာတင်သွင်းသူ၏  အစီရင်ခံစာပါ အကြောင်းအရာအားလုံးနီးပါးမှာ       မည်သူမည်ဝါမသိရသူများ၏ စိတ်ဆင်းရဲဖွယ် နှုတ်ပြောများကို အမွှမ်းတင်ထားပြီး၊ တိကျခိုင်လုံသည့် သဲလွန်စပင် မရှိကြောင်း တွေ့ရသည်။ အစီရင်ခံစာအရ အထူးအစီရင် ခံစာ  တင်သွင်းသူသည်   လွယ်ကူမြန်ဆန်သော   သုံးသပ်ချက်မျိုး ပေးလေ့ရှိကြောင်း တွေ့ရသဖြင့် ၎င်း၏လုပ်ရပ်သည် အန္တရာယ်ဖြစ်စေ ကြောင်း တွေ့ရသည်။ ဥပမာအားဖြင့် တပ်ပြေးအရာရှိဟောင်းတစ်ဦး ၏ ပြောကြားချက်တစ်ခုတည်းဖြင့် တပ်မတော်၏ လုပ်ဆောင်ချက် များသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့်ပြစ်မှုများ ဖြစ်နိုင်ခြေ ရှိသည်ဟု  အထူးအစီရင်ခံစာတင်သွင်းသူက  မှတ်ချက်ပြုခဲ့သည်။ တွေးခေါ်မြော်မြင်မှုနှင့်    မှန်ကန်ကြောင်း  စိစစ်အတည်ပြုချက်တို့ မပါဝင်ဘဲ တပ်ပြေးတစ်ဦးတစ်ယောက်၏ နှုတ်ပြောတစ်စွန်းတစ်စ အပေါ် အခြေခံ၍ ယခုကဲ့သို့ တစ်ဖက်သတ်ဆန်သည့် သုံးသပ်ချက်ကို လွယ်လွယ်ကူကူပေးခြင်းအပေါ်   မေးခွန်းထုတ်ဖွယ်ရာ   ဖြစ်သည်။

 

ထို့အပြင် အထူးအစီရင်ခံစာတင်သွင်းသူသည် ကိုဗစ်-၁၉ ကပ်ရောဂါ နှင့်ပတ်သက်၍ မြန်မာအစိုးရ၏ လွဲမှားသော ကိုင်တွယ်ဖြေရှင်းမှု အကျိုးဆက်ကြောင့်   ဒယ်လ်တာဗိုင်းရပ်စ်ထက်   ပိုမိုပြင်းထန်စွာ ကူးစက်ပြီး ပိုမိုသေစေနိုင်သည့် မျိုးကွဲအသစ်များ ဖြစ်ပွားလာနိုင်ခြေ ရှိသည်ဟု ပုံကြီးချဲ့ ကောက်ချက်ချခဲ့သည်။ ထိုသို့ မှန်ကန်မှုမရှိသည့် ကောက်ချက်မျိုးကို  မည်သည့်  သိပ္ပံနည်းကျ လေ့လာမှုများအပေါ် အခြေခံထားသည်ဆိုသည်မှာ စိတ်ဝင်စားဖွယ် ဖြစ်သည်။ ၂ဝ၂၁ ခုနှစ်၊ ဇူလိုင်လလယ်တွင် ရက်တစ်ရက်အတွင်း ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၇,၀၈၃ ဦးရှိခဲ့ရာ ရောဂါပိုးစစ်ဆေးသူစုစုပေါင်း၏ ၃၃ ရာခိုင်နှုန်းဖြစ်ပြီး ယင်းပမာဏမှာ ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကာလ အတွင်း ရောဂါကူးစက်မှု အမြင့်ဆုံးဖြစ်ခဲ့သည်။   မြန်မာနိုင်ငံအစိုးရ အနေဖြင့် ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရောဂါကူးစက် ပြန့်ပွားမှုများကို ထိန်းချုပ်ရန် အစွမ်းကုန်ကြိုးပမ်းခဲ့ရာ၊   ယခုအခါ ရောဂါကူးစက်မှုနှုန်းမှာ သိသိသာသာ လျော့ကျလာပြီး၊ လက်ရှိတွင် ၈ ရာခိုင်နှုန်းအောက်အထိ ကျဆင်းခဲ့သည်။

 


ကောလာဟလများနှင့် မခိုင်လုံသော အချက်များအပေါ် အခြေခံ၍ အစီရင်ခံစာနှစ်ခုလုံးတွင် အချုပ်အခြာအာဏာပိုင်အစိုးရကို စွပ်စွဲ ရှုတ်ချကာ အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်ကျူးလွန်မှုများအပေါ် လျှော့ပေါ့ရေးသားနေခြင်းမှာ သံသယဖြစ်ဖွယ်ရှိသည်။  အစီရင်ခံစာ နှစ်ခုလုံးတွင် အကြမ်းဖက်အဖွဲ့များက စတင်ကျူးလွန်သည့် အကြမ်း ဖက်လုပ်ရပ်များစွာရှိသည်ဟု အပေါ်ယံမျှသာ ဖော်ပြထားသော်လည်း အကြမ်းဖက်အဖွဲ့အစည်းများ၏ လုပ်ရပ်များကြောင့် သေဆုံးခဲ့ရသည့် စာရင်းအမှန်ကို   ဖုံးကွယ်ထားကြောင်း   တွေ့ရသည်။   ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ  အောက်တိုဘာလနှောင်းပိုင်းအထိ  အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်ပေါင်း ၉၈၆ ကြိမ်၊ ဗုံးခွဲ တိုက်ခိုက်မှု ၂၃၄၄ ကြိမ်၊ မီးရှို့ဖျက်ဆီးမှု  ၃၁၂ ကြိမ်၊  စုစုပေါင်း ၃၆၄၂ ကြိမ် ပြုလုပ်ခဲ့သည်။ ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အရပ်သားပြည်သူ ၁၁၅၅ ဦး သေဆုံးပြီး၊ ၇၆၅ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် လုံခြုံရေးတပ်ဖွဲ့ဝင် တပ်မတော်သား ၇၅ ဦး၊ ရဲတပ်ဖွဲ့ဝင် ၉၃ ဦးနှင့် အစိုးရဝန်ထမ်း ၁၄ ဦး၊ စုစုပေါင်း ၁၈၂ ဦး သေဆုံးကာ ၆၀၂ ဦး ဒဏ်ရာရရှိခဲ့သည်။ စာသင် ကျောင်းနှင့် ပညာရေးအဆောက်အဦ ၂၅၁ ခု မီးရှို့၊ ဗုံးခွဲခံခဲ့ရသည်။ ကားလမ်း၊   ရထားလမ်းများအား   ဖျက်ဆီးခဲ့မှု ၅၃၆ ကြိမ် ရှိခဲ့ပြီး၊ တံတား ၇၆ စင်းအား  ဖျက်ဆီးခဲ့သည်။  ထိုသို့  စစ်မက်ပြုရာတွင် ပါဝင်ခြင်း၊   ကျောင်းများနှင့်   ဘာသာရေးအဆောက်အအုံများကို အသုံးချကာ နိုင်ငံ၏ လုံခြုံရေးတပ်ဖွဲ့များကို   တိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်းပင် ဖြစ်သည်။ ထိုကဲ့သို့သော ဆိုးရွား ရက်စက်သည့် အကြမ်းဖက်မှုများကို အစီရင်ခံစာများတွင် လျှော့ပေါ့ ဖော်ပြထားပြီး၊ တရားဝင်အစိုးရကို စွပ်စွဲရှုတ်ချရန် ပူးပေါင်းကြံစည်ရာ ရောက်သည့်   ဆောင်ရွက်မှုများသည်   ကုလသမဂ္ဂအဖွဲ့အစည်း၏ ရည်ရွယ်ချက်၊ မူဝါဒများနှင့်လည်း ဆန့်ကျင်လျက်ရှိသည်။

 


နိုင်ငံတော်သစ္စာဖောက်ဖျက်မှုဖြင့် ရာထူးမှထုတ်ပယ်ခံရပြီး တရား ရင်ဆိုင်နေရသော ကျော်မိုးထွန်းက ယခုအပြန်အလှန်ဆွေးနွေးမှုများ အပါအဝင် ကုလသမဂ္ဂအစည်းအဝေးများသို့ တက်ရောက်ခွင့်ရရှိနေခြင်း သည်လည်း   ဘက်လိုက်မှုမရှိခြင်း၊   အချုပ်အခြာအာဏာပိုင်နိုင်ငံ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုမရှိခြင်း စသည့် ကုလသမဂ္ဂ၏ မူဝါဒများနှင့် တိုက်ရိုက်ဆန့်ကျင်လျက်ရှိပြီး၊ ယင်း၏ အကြိမ်ကြိမ် ပျက်ကွက်မှုကို ဖော်ပြနေသည်။ ထိုသို့ နိုင်ငံတစ်နိုင်ငံ အပေါ် နိုင်ငံရေးအရ ပစ်မှတ်ထားပြီး၊ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်နှောင့်ယှက်ရန် လူ့အခွင့်အရေးကို ခုတုံးလုပ်အသုံးချနေမှု များကို မြန်မာနိုင်ငံအနေဖြင့် လက်မခံကြောင်း ဖော်ပြသည်။    

 


၎င်းတို့၏ လုပ်ဆောင်ချက်နှင့် အစီရင်ခံစာများသည် သက်ဆိုင်ရာ နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ထိပါးပြီး၊ မြေပြင်အခြေအနေ များကို ထင်ဟပ်မှုမရှိသောကြောင့်လည်းကောင်း၊ သက်ဆိုင်ရာနိုင်ငံ၏ ပါဝင်မှုကို    ရည်ရွယ်ချက်ရှိရှိဖြင့်    ဖယ်ထုတ်ထားသောကြောင့် လည်းကောင်း မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်နှင့် လူ့အခွင့်အရေး အထူးအစီရင်ခံစာတင်သွင်းသူ တို့၏ အစီရင်ခံစာများကို လက်မခံ ပယ်ချသည်။ 

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်