
ယခုအခါ သဘာဝထိန်းသိမ်းရေးနယ်မြေ ၄၆ ခု နိုင်ငံဧရိယာ၏ ၆ ဒသမ ၀၈ ရာခိုင်နှုန်း ဖွဲ့စည်းထားပြီး နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းအထိ တိုးချဲ့ဖွဲ့စည်းနိုင်ရန် ဆောင်ရွက်လျက်ရှိ
နေပြည်တော် အောက်တိုဘာ ၁၃
ကုလသမဂ္ဂ ဇီဝမျိုးစုံမျိုးကွဲညီလာခံ အဖွဲ့ဝင်နိုင်ငံ များ၏ (၁၅) ကြိမ်မြောက် ဝန်ကြီးများအဆင့် အစည်း အဝေးကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့၌ အောက်တိုဘာ ၁၂ ရက် မွန်းလွဲပိုင်းတွင် “ကမ္ဘာ ပေါ်ရှိသက်ရှိအားလုံး မျှဝေခံစားနိုင်သည့် အနာဂတ် အတွက် ဂေဟဗေဒဆိုင်ရာ အသွင်ပြောင်းလဲ တည်ဆောက်ခြင်း” ခေါင်းစဉ်ဖြင့်ကျင်းပရာ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
အဖွင့်အမှာစကားပြောကြား
ဖွင့်ပွဲအခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ဂေဟဗေဒနှင့် ပတ်ဝန်းကျင်ဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Huang Runqiu က ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး ကုလသမဂ္ဂ ပတ်ဝန်းကျင်အစီအစဉ် (UNEP) အမှုဆောင် ညွှန်ကြားရေးမှူး Ms. Inger Anerson နှင့် ဇီဝမျိုးစုံ မျိုးကွဲကွန်ဗင်းရှင်း၊ အတွင်းရေးမှူးချုပ် Ms. Elizabeth Maruma Mrema တို့က အဖွင့်အမှာစကားပြောကြား ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက မြန်မာနိုင်ငံတွင် သစ်တောများ ထာဝစဉ်တည်တံ့ရေး၊ အတန်းအစားကျဆင်းနေသော သစ်တောများ၊ ဂေဟစနစ်များ ပြန်လည်တည်ထောင် ရေး၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ ကျေးလက်နေ ပြည်သူများ၏ လူမှုဘဝမြှင့်တင်ရေးနှင့် ရာသီဥတု ပြောင်းလဲမှုလျှော့ချရေးတို့ကို အရှိန်အဟုန် ပိုမို မြှင့်တင်နိုင်ရန်အတွက် မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး (၁၀ နှစ်) စီမံကိန်းကို လည်းကောင်း၊ တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသများ ပြန်လည်တည်ထောင်ခြင်းလုပ်ငန်း အစီအစဉ် (၁၀ နှစ်) စီမံကိန်းကိုလည်းကောင်း နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါ သဘာဝ ထိန်းသိမ်းရေးနယ်မြေ (၄၆) ခု နိုင်ငံဧရိယာ၏ ၆ ဒသမ ၀၈ ရာခိုင်နှုန်းဖွဲ့စည်းထားပြီး နိုင်ငံဧရိယာ၏ ၁၀ ရာခိုင်နှုန်းအထိ တိုးချဲ့ဖွဲ့စည်းနိုင်ရန် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကုလသမဂ္ဂ၏ “ဂေဟစနစ် ပြန်လည်တည်ထောင်ခြင်း ဆယ်စုနှစ်”သည် ယခုနှစ် ၂၀၂၁ ခုနှစ်တွင် စတင်နေပြီဖြစ်ရာ မြန်မာနိုင်ငံ အနေဖြင့်လည်း တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက် လျက်ရှိပါကြောင်း၊ သဘာဝကိုအခြေခံသည့် ဖြေရှင်းခြင်းနည်းလမ်းများ (Nature-based Solutions) ဖြင့် သဘာဝပတ်ဝန်းကျင်နှင့် သစ်တော ဆိုင်ရာပြဿနာများကို ဖြေရှင်းဆောင်ရွက်ခြင်း၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ဂေဟစနစ်ထိန်းသိမ်းခြင်းနှင့် ကုလသမဂ္ဂစဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်ရည်မှန်း ချက်များ အောင်မြင်စေရေးတို့ကို အလေးပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၈ ခုနှစ်တွင် “ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေ များ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာဥပဒေ” ကို ပြဋ္ဌာန်းခဲ့ပြီး ဒေသခံပြည်သူများ ပူးပေါင်းပါဝင်သော သဘာဝထိန်းသိမ်းရေးနယ်မြေ စီမံအုပ်ချုပ်မှုများ ဖွံ့ဖြိုးအောင် ဆောင်ရွက်လျက်ရှိပါကြောင်း ဆွေးနွေး သည်။
အစည်းအဝေးသို့ ကုလသမဂ္ဂ ဇီဝမျိုးစုံမျိုးကွဲ ညီလာခံ အဖွဲ့ဝင်နိုင်ငံများမှ ဝန်ကြီးများနှင့် ကိုယ်စားလှယ်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ အကြီးအကဲများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရ သည်။
သတင်းစဉ်