
ဘားအံ နိုဝင်ဘာ ၃၀
ဒီဇင်ဘာ ၃ ရက်တွင် ကျရောက် မည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်း အမှတ် အကြိုလှုပ်ရှားမှုအနေ ဖြင့် မသန်စွမ်းအားကစားပြိုင်ပွဲ ကို ယနေ့နံနက်ပိုင်းက ဘားအံမြို့ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင် အားကစားကွင်း၌ ကျင်းပသည်။
မသန်စွမ်း အားကစားပြိုင်ပွဲ တွင် ကျား၊မ အာလူးကောက်၊ ဘောလုံးပုတ်၊ ၂၅ မီတာ အပြေး၊ မီတာ ၅၀ အပြေး၊ မီတာ ၁၀၀ အပြေး၊ ဘီးတပ်ကုလားထိုင်စီး အပြေး၊ သံလုံးပစ်၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်ရိုက်၊ စားပွဲတင် တင်းနစ်အစရှိသည့် အားကစား နည်း ၁၆ နည်းတွင် မသန်စွမ်း အားကစားသမား စုစုပေါင်း ၄၁ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကာ ပြိုင်ပွဲယှဉ်ပြိုင်နေမှုကို ကရင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့် ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေ ထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကျောင်းသား ကျောင်းသူများ၊ အားကစား ဝါသနာရှင်များက ကြည့်ရှုအားပေးကြပြီး ပြည်နယ် ဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကာ ပြိုင်ပွဲတွင် ဆုရရှိသည့် မသန်စွမ်းအားကစား သမားများအား ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူ များနေ့ အခမ်းအနားတွင် ဆုများ ပေးအပ် ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
အလားတူ ပြည်နယ် ဝန်ကြီးချုပ်သည် အရှေ့တောင် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် အတူ နိုဝင်ဘာ ၂၉ ရက်က ဘားအံ မြို့နယ်အတွင်းရှိ ပြည်သူ့စစ် အဖွဲ့များနှင့် ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ(၂) ၌ တွေ့ဆုံ၍ ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူ့စစ်အဖွဲ့များသည် ပြည်သူ များ၏ အသက်၊ အိုးအိမ်၊ စည်းစိမ် ကို ကာကွယ်ပေးနိုင်ရန် ရည်ရွယ် ဖွဲ့စည်းပေးထားခြင်း ဖြစ်ပြီး မြို့နယ်အတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများ ဆောင် ရွက်ရာတွင် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နယ်ခြား စောင့်တပ်ဖွဲ့များနှင့်အတူ ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ မိမိရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများအတွက် အမြဲအသင့် ရှိနေရန်လိုပြီး ကျန်းမာရေး ကောင်းမွန်ရန် သွားလာနေထိုင် စားသောက် သည်မှအစ ဂရုစိုက်နေထိုင်ကြ စေလိုကြောင်း ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ တောင် တိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူးနှင့် ပြည်နယ်လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသူကျော်တို့က ပြည်သူ့စစ်အဖွဲ့ ၂၇ ဖွဲ့အတွက် ဆန် ၈၁ အိတ်၊ ကြက်ဥ ၈၁ ကတ်၊ ခေါက်ဆွဲခြောက် ၅၄ ဖာ တို့ကို ထောက်ပံ့ပေးအပ်သည်။
စောမျိုးမင်းသိန်း (ပြန်/ဆက်)