ဘားအံ ဇွန် ၂၃
တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့အစည်းများရှိ တပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များ၏ စားဝတ်နေ ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ကရင်ပြည်နယ် ငြိမ်းချမ်းရေးအထောက်အကူပြုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၂၃ ရက် နံနက်ပိုင်းက ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပသည်။
အစည်းအဝေးတွင် ကရင်ပြည်နယ်ငြိမ်းချမ်းရေးအထောက်အကူပြုကော်မတီဥက္ကဋ္ဌ ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်အတွင်း မှီတင်း နေထိုင်ကြသော တိုင်းရင်းသားပြည်သူများအားလုံး ပူပင်ကြောင့်ကြမှုကင်းမဲ့စွာဖြင့် ငြိမ်းချမ်းစွာ နေထိုင် နိုင်ရေးသည်အရေးကြီးကြောင်း၊ ငြိမ်းချမ်းရေး ရရှိရန် ပထမအဆင့်အနေဖြင့် အပစ်အခတ် ရပ်စဲကြ ရန်လိုပြီး တစ်ဦးနှင့်တစ်ဦး နားလည်မှု၊ ယုံကြည်မှု၊ အပြန်အလှန်ချစ်ကြည်လေးစားမှုများဖြင့် တွေ့ဆုံဆွေးနွေးရေးသည်အရေးကြီးကြောင်း၊ ငြိမ်းချမ်းမှု မရှိလျှင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက် နိုင်မည်မဟုတ်သည့်အတွက် ဒေသတွင်း ငြိမ်းချမ်း ရေးနှင့် လက်နက်ကိုင်ပဋိပက္ခ လျှော့ချရေးကို အဓိကထား ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ မိမိတို့ပြည်နယ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အစည်းအဝေးသို့ တက်ရောက်လာကြ သော ကော်မတီဝင်များအနေဖြင့်လည်း ဝိုင်းဝန်း အကြံပြုဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ အထူးဧည့်သည် တော်အနေဖြင့် တက်ရောက်လာသော ကရင်အမျိုး သားအစည်းအရုံး(KNU) တပ်မဟာ(၆)ဒူးပလာယာ ခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းနှင့် ကရင်ပြည်နယ် ငြိမ်းချမ်းရေးအထောက်အကူပြုကော်မတီဝင် (မြို့မိ၊ မြို့ဖများ)က ပြည်နယ်အတွင်း ငြိမ်းချမ်းရေးကြိုးပမ်း မှုများတွင် နေရာဒေသအလိုက် ကွာခြားချက်များ၊ မတူညီမှုများ၊ စိန်ခေါ်မှုများ၊ ကြုံတွေ့ရသည့် အခက် အခဲများကို တင်ပြဆွေးနွေးခဲ့ကြပြီး ကော်မတီ အတွင်းရေးမှူး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်နှင့် စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်တို့က ဖြည့်စွက်ဆွေးနွေးခဲ့ကြ ကာ ကရင်ပြည်နယ်ငြိမ်းချမ်းရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ငြိမ်းချမ်း ရေးနှင့် ပတ်သက်သည့် အရေးကိစ္စမှန်သမျှကို အချိန်အကန့်အသတ်မရှိ ဆက်သွယ်ဆောင်ရွက် နိုင်ပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများကိုလည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)



