
ရန်ကုန် ဇန်နဝါရီ ၂
ရန်ကုန်အရှေ့ပိုင်းခရိုင် ကရင်စာပေနှင့် ယဉ်ကျေးမှု အသင်းက ကြီးမှူးပြီး ၂၇၆၁ ခုနှစ် ကရင်နှစ်သစ်ကူး ပွဲတော် အလံတင်အခမ်းအနားကို ယနေ့နံနက် ၆ နာရီက ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာရှိ ပြည်ထောင်စု ခန်းမရှေ့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသတ်မှတ် ချက်များနှင့်အညီ ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် ကရင်စာပေနှင့် ယဉ်ကျေးမှုအသင်း ဂုဏ်ထူးဆောင်နာယက ဒေါ်ချယ်ရတီက ကရင်အမျိုးသားအလံလွှင့်တင်ပြီး တက်ရောက်လာကြသူများက နိုင်ငံတော်အလံနှင့် ကရင်အမျိုးသားအလံကို အလေးပြုကြသည်။ ထို့နောက် ကရင်နှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာရခြင်းနှင့် ဆိုင်သော ဥပဒေကြမ်းနှင့် ဦးဆောင်ကြိုးပမ်းပေးခဲ့ သူများ၏ အမည်စာရင်းကို နော်ကြယ်စင်ဖြူ က ဖတ်ကြားတင်ပြပြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးဝင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့် ထံမှပေးပို့သော သဝဏ်လွှာကို ဖတ်ကြားသည်။
ကရင်နှစ်သစ်ကူး အလံတင်အခမ်းအနားကို ယခင်နှစ်များကဲ့သို့ စည်စည်ကားကား ကျင်းပချင် သော်လည်း ကိုဗစ်ရောဂါကြောင့် ပျော်ပွဲရွှင်ပွဲ များမပါဘဲ အလံတင်ပွဲအခမ်းအနား ကျင်းပခဲ့ခြင်း ဖြစ်သည်။ ကရင်လူမျိုးများ၏ ကြီးမားသော သမိုင်းအစဉ်အလာများကို ဖော်ဆောင်ပြီး ကရင် နှစ်သစ်ကူးပွဲတော်ကို ကျင်းပခြင်းဖြစ်သည်။
ကရင်နှစ်သစ်ကူးပွဲတော် အလံတင်အခမ်းအနား များကို ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာ၊ အလုံ၊ အင်းစိန်အာလိန်ငါးဆင့်၊ ကော့မှူး၊ ကွမ်းခြံ ကုန်း၊ တွံတေး၊ ဒလ၊ မှော်ဘီ၊ တိုက်ကြီးနှင့် ထန်းတပင်မြို့နယ်များတွင်လည်း ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပကြောင်း သိရ သည်။
တင်စိုး(မြန်မာ့အလင်း)