
ရန်ကုန် ဇန်နဝါရီ ၂
ရန်ကုန်အရှေ့ပိုင်းခရိုင် ကရင် စာပေနှင့် ယဉ်ကျေးမှုအသင်းကကြီးမှူးကျင်းပသည့် ၂၇၆၁ ခုနှစ် ကရင်အမျိုးသား နှစ်သစ်ကူး ပွဲတော်နှင့် အလံတင်အခမ်းအနား ကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ ပြည်ထောင်စု တိုင်းရင်းသား ကျေးရွာ ပြည်ထောင်စုခန်းမရှေ့ မြက်ခင်း ပြင်၌ ကျင်းပသည်။
အခမ်းအနားကို မင်္ဂလာ ဖားစည်တီး၊ ပဒိုးမှုတ်ကာ ဖွင့်လှစ် ခဲ့ပြီး တာဝန်ရှိသူတစ်ဦးက ကရင်အမျိုးသား အလံတော်အား လွှင့်တင်ခြင်း၊ နိုင်ငံတော်အလံနှင့် ကရင်အမျိုးသားအလံတော်တို့ အား တက်ရောက်လာသူများက အလေးပြုခြင်း၊ ကရင်နှစ်သစ်ကူးနေ့ဖြစ်ပေါ်လာခြင်းနှင့် ဆိုင်သော ဥပဒေကြမ်းနှင့် ဦးဆောင်ကြိုးပမ်း ခဲ့သူများ၏ အမည်စာရင်းများ ဖတ်ကြားခြင်းတို့ ပြုလုပ်သည်။
ဆက်လက်၍ ပြာသိုလဆန်း ၁ ရက်နေ့ ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်ထံမှ ပေးပို့ သောသဝဏ်လွှာကို ပြည်ထောင်စု တိုင်းရင်းသား ကျေးရွာတာဝန်ခံ အရာရှိ ဦးမျိုးဝင်းက ဖတ်ကြား သည်။
ထို့နောက် ကရင်အမျိုးသား သီချင်းသီဆိုခြင်း၊ ကရင်ရိုးရာ အစားအစာများဖြင့် ဧည့်ခံခြင်း တို့အပြင် တေးသံသာများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
ကရင်တိုင်းရင်းသား ဘိုးဘွား များ မြန်မာနိုင်ငံအတွင်းသို့ စတင် အခြေချနေထိုင်ခဲ့သည့် ဘီစီ ၇၃၉ ခုနှစ်မှစ၍ ကရင်နှစ်သစ်ကူး နေ့ကို နှစ်စဉ်သလေးထိုင်ခုတ်ဖို (ပြာသိုလဆန်း ၁ ရက်)နေ့တွင် ကောင်းခြင်း မင်္ဂလာအဖြာဖြာနှင့် ပြည့်စုံစေရန် ပျော်ရွှင်ကြည်နူးစွာ ကျင်းပ ဆင်နွှဲလေ့ရှိကြောင်း အဆိုပါ အခမ်းအနားမှ သိရသည်။
ယနေ့ ပြည်ထောင်စုတိုင်းရင်း သားကျေးရွာတွင် ကျင်းပသည့် ကရင်နှစ်သစ်ကူးနေ့ကို ကျန်းမာ ရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန် ချက်များနှင့်အညီ ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
သတင်း- စိမ်းခက်
ဓာတ်ပုံ- ဖိုးသား