
KNU/KNLA တပ်မဟာ(၆) လက်အောက်ခံတပ်ရင်းများ၊ KKO (ခွဲထွက်)အဖွဲ့နှင့် NUG ၊ CRPH တို့၏လက်ဝေခံ PDF
အမည်ခံအကြမ်းဖက်သမားများက ကော့ကရိတ်မြို့အတွင်းသို့ လက်နက်ကြီးများဖြင့် နှောင့်ယှက်ပစ်ခတ်၊ လူနေအိမ် နှစ်လုံး၊ ဘာသာရေး အဆောက်အဦတစ်ခုတို့ ထိခိုက်ပျက်စီးခဲ့ပြီး အပြစ်မဲ့ဒေသခံ ၉ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ နှစ်ဦးသေဆုံး၊ သုံးဦး ထိခိုက်ဒဏ်ရာရရှိ
နေပြည်တော် အောက်တိုဘာ ၂၇
KNU/KNLA တပ်မဟာ (၆) လက်အောက်ခံ တပ်ရင်းများ၊ KKO (ခွဲထွက်) အဖွဲ့နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများ အနေဖြင့် ကရင်ပြည်နယ် ကော့ ကရိတ်မြို့နယ်အတွင်း တည်ငြိမ် အေးချမ်းမှု ပျက်ပြားစေရန်နှင့် ဒေသခံများ ကြောက်ရွံ့ထိတ်လန့် စေရန်ရည်ရွယ်၍ ယခုလ ၂၁ ရက် တွင် မြို့အတွင်းသို့ လက်နက်ကြီး များဖြင့် ပစ်ခတ်ခြင်း၊ လူနေ ရပ်ကွက်များ၊ ဝန်ထမ်းအိမ်ရာ များနှင့် ရုံးဌာနအဆောက်အဦများအတွင်း ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းများ လုပ်ဆောင်လာခဲ့သော ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူလူထု နှင့် ပူးပေါင်း၍ တုံ့ပြန်တိုက်ခိုက်ခဲ့ပြီး မြို့အတွင်း လုံခြုံရေးတိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိစဉ် ယနေ့ မွန်းလွဲပိုင်း တွင်လည်း KNU/KNLA တပ်မဟာ(၆) လက်အောက်ခံ တပ်ရင်းများ၊ KKO(ခွဲထွက်)အဖွဲ့နှင့် NUG၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမား များအနေဖြင့် ကရင်ပြည်နယ် ကော့ကရိတ်မြို့ အတွင်းသို့ မြို့၏အရှေ့မြောက်ဘက် မီတာ ၁၅၀၀ ခန့်အကွာမှ လက်နက်ကြီးများဖြင့် လာရောက် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုကဲ့သို့ အကြမ်းဖက်သမားများ၏ ရည်ရွယ်ချက်ရှိရှိဖြင့် လူနေရပ်ကွက်များအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အမှတ် (၇) ရပ်ကွက် အတွင်းသို့ ဗုံးသီးများ ကျရောက်ပေါက်ကွဲခဲ့ပြီး လူနေအိမ် နှစ်လုံး၊ ဘာသာရေးအဆောက်အဦ တစ်ခုတို့ ထိခိုက်ပျက်စီးခဲ့ကာ အသက် ကိုးနှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံပြည်သူ နှစ်ဦး သေဆုံးခဲ့ပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ထိခိုက်ဒဏ်ရာရရှိသူများအား ကော့ကရိတ်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက် ရှိပြီး ဗုံးသီးများ ကျရောက်ရာ ရပ်ကွက်အတွင်း ပေါက်ကွဲမှု မရှိသေးသည့် ဗုံးသီးများ ကျန်ရှိမှုမရှိစေ ရေးနှင့် မလိုလားအပ်သော ပေါက်ကွဲမှုများကြောင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးဆောင်ရွက်လျက် ရှိသည်။
ယခုကဲ့သို့ စစ်ရေးနှင့်မသက်ဆိုင်သော လူနေ ရပ်ကွက်များအတွင်းသို့ ရည်ရွယ်ချက်ရှိစွာဖြင့် အကြမ်းဖက်တိုက်ခိုက်ခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်း များနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime)ကို ကျူးလွန်ခြင်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လိုအပ်သည့် တုံ့ပြန်မှုများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်