
တွေ့ဆုံမေးမြန်း - ဟိန်းမင်းစိုး၊ ဓာတ်ပုံ - HMS
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့် အာဆီယံနိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသံရုံးများမှ သံရုံးအကြီးအကဲများ၊ သံတမန်များ၊ အာဆီယံလူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေးညှိနှိုင်းမှုဗဟိုဌာန (AHA Center) မှ ကိုယ်စားလှယ်များသည် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မတ် ၈ ရက်နှင့် ၉ ရက်တို့တွင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများ၊ IDP စခန်းများ၌ ပြောင်းရွှေ့နေရာချထားမည့်လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုနှင့် NVC ကတ် ထုတ်ပေးနေမှုတို့ကို သွားရောက်လေ့လာ ကြည့်ရှုခဲ့ကြသည်။
အဆိုပါ လေ့လာရေးခရီးစဉ်တွင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် ပြင်ဆင် ဆောင်ရွက်မှုများ IDP စခန်းများ၌ ပြောင်းရွှေ့နေရာချထားမည့် လုပ်ငန်းစဉ် များ ဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီး ချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ စကားသံများကိုဖော်ပြလိုက်ရပါသည်-
ဦးကိုကိုလှိုင် (ပြည်ထောင်စုဝန်ကြီး၊
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်
ရေးဝန်ကြီးဌာန)
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာ ရောက်ရှိ နေတဲ့ နေရပ်စွန့်ခွာသူတွေကို ရှေ့ပြေး စမ်းသပ်စီမံကိန်း (Pilot Project) တစ်ရပ်နဲ့ ကနဦးစပြီးလက်ခံဖို့ စီစဉ် နေတာဖြစ်ပါတယ်။ အခုလို စီစဉ်တဲ့အခါ ပြန်လည် ဝင်ရောက်လာသူတွေကို လက်ခံဖို့ နိုင်ငံတော်ကနေ ဘယ်လို ပြင်ဆင်ထားသလဲဆိုတာ ပြသနိုင်ဖို့ အတွက် အာဆီယံနိုင်ငံတွေနဲ့ အိမ်နီးချင်း နိုင်ငံတွေက သံအမတ်ကြီးတွေ၊ သံရုံး အကြီးအကဲတွေနဲ့ အာဆီယံလူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ် ရေးညှိနှိုင်းမှုဗဟိုဌာနက အမှုဆောင် ညွှန်ကြားရေးမှူးနဲ့ အဖွဲ့ကိုလည်း ဖိတ်ခေါ်ခဲ့ပါတယ်။ သူတို့အကုန်လုံး ခရီးစဉ်မှာ လိုက်လာပြီး လက်တွေ့ မြေပြင်မှာ ပြင်ဆင်ထားတာတွေကို လာရောက်ကြည့်ရှုကြတာဖြစ်ပါတယ်။ ပထမအနေနဲ့ ငါးခူရပြန်လည်လက်ခံရေး စခန်းကို ကြည့်ခဲ့ပါတယ်။ လှဖိုးခေါင် စခန်းကတော့ ကြားစခန်းအနေနဲ့ ပြန်ဝင်လာတဲ့သူတွေကို ပြန်လည်လက်ခံ ရေးစခန်းမှာ စိစစ်ပြီးရင် ယာယီထားရှိ သွားမယ့် စခန်းဖြစ်ပါတယ်။
သူတို့ကို ကြားစခန်းမှာ ခဏထားရှိ ပြီးရင် နေရာချထားမယ့် ကျေးရွာတွေကို ဆက်လက်ပို့ဆောင်ပေးသွားမှာ ဖြစ်ပါ တယ်။ ကျွန်တော့်အနေနဲ့ အခုတစ်ကြိမ်နဲ့ ဆို ဒီကိုရောက်တာ သုံးကြိမ်ရှိပါပြီ။ တစ်ကြိမ်နဲ့တစ်ကြိမ် အနေအထားလေး တွေ ပိုမိုတိုးတက်လာတာတွေ့ရပါတယ်။ နေထိုင်စရာဆိုရင် အရင်တုန်းက ပြိုပျက် နေတဲ့ လိုင်းခန်းတွေနဲ့ တည်းခိုစရာ နေရာတွေကို ပြန်လည်ဖျက်သိမ်းပြီး အသစ်ပြန်လည် တည်ဆောက်ထား ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံကလှူဒါန်းတဲ့ အလွယ်တကူ တပ်ဆင်နိုင်တဲ့ နေအိမ် (ABH) တွေကိုလည်း ပြန်ဆင်ပြီး သူနေရာနဲ့သူ နေလို့ထိုင်လို့ရအောင် စီစဉ်ပေးထားပါတယ်။ ရေတွေ၊ မီးတွေ လည်း အကုန်စီစဉ်ထားပါတယ်။ အခု ကြည့်ရတဲ့ အနေအထားကတော့ အင်မတန် ကျေနပ်စရာကောင်းပါတယ်။ တော်တော်များများကို ပြင်ဆင်ထားတဲ့ အနေအထားမျိုးဖြစ်ပါတယ်။ ဒီနေရာမှာ မိသားစုတွေ ယာယီနေထိုင်ရမှာ ဆိုပေမယ့်လည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနကနေ ကလေး တွေထားဖို့အတွက် ကလေးပျော်နေရာ တွေ၊ အမျိုးသမီးတွေအတွက် သက်မွေး သင်တန်းပေးတာတွေ၊ ချက်ဖို့ပြုတ်ဖို့ မီးဖိုချောင်သုံးပစ္စည်းတွေ၊ အဝတ် အထည်တွေ ထောက်ပံ့တာတွေကို ဒီမှာ အကုန်လုပ်ပေးသွားမှာဖြစ်ပါတယ်။
သံတမန်လေ့လာရေးအဖွဲ့က အခု ချိန်ထိ ဒီဘက်ကို မရောက်ဖူးကြတော့ သူတို့အတွက်လည်း ပထမဆုံး အတွေ့အကြုံဖြစ်ပြီး ဒီမှာဘာတွေ ဖြစ်နေလဲဆိုတာ သိချင်ကြတယ်။ ဘာကြောင့်လဲဆိုတော့ ပြင်ပမီဒီယာတွေ ဖော်ပြထားတာက အဆိုးမြင်ပေါ့။ တော်တော်များများက ပြောနေကြတာ ရှိပါတယ်။ မြန်မာဘက်က ပြန်ဝင်လာသူ တွေကို လက်မခံချင်ကြဘူး။ ပူးပေါင်း ဆောင်ရွက်မှုမရှိဘူးလို့ ထင်မြင်နေကြ ပါတယ်။ တကယ်က ပြန်လည်လက်ခံဖို့ အဆင်သင့် ဖြစ်နေတာကြာပါပြီ။ အဆင်သင့်ဖြစ်တာ ကြာနေပြီဖြစ်ပြီး ဟိုဘက်က ပြန်မပို့နိုင်တဲ့အတွက်ကြောင့် အဆောက်အအုံတွေဆိုရင် အတော်လေး ပြန်လည်ပြင်ဆင်ထားရတာတွေ ရှိပါ တယ်။ ဒါတွေကို သူတို့တွေ မျက်ဝါး ထင်ထင်မြင်သွားတဲ့ အနေအထားရှိပါ တယ်။
ဒီလုပ်ငန်းစဉ်ကို ဆောင်ရွက်နေတာ ကျွန်တော်တို့ ဝန်ကြီးဌာနတစ်ခုတည်း မဟုတ်ပါဘူး။ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီအောက်မှာရှိတဲ့ လုပ်ငန်း ကော်မတီတွေကနေ ဦးဆောင်ပြီး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီလုပ်ငန်းကော်မတီတွေ မှာပါဝင်တဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေ အားလုံးနဲ့ ပေါင်းစပ်ပြီး တက်ညီလက်ညီ လုပ်တဲ့အတွက်ကြောင့် အခုဆိုရင် တော်တော်လေး အောင်အောင်မြင်မြင် ဖြစ်လာတယ်။ အထူးသဖြင့် ရခိုင် ပြည်နယ် အစိုးရအဖွဲ့နဲ့ သက်ဆိုင်ရာ ဒေသက အုပ်ချုပ်ရေးမှူးတွေကလည်း ဒီမှာတော်တော်များများ အချိန်ပေးပြီး လုပ်ကိုင်ပေးကြတာ တွေ့ရပါတယ်။ အဲဒီအတွက်လည်း အများကြီးကျေးဇူး တင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဖြစ်နိုင်သမျှ အမြန်ဆုံးလုပ်ဆောင်စရာရှိတာတွေကို ဆောင်ရွက်ပြီး နှစ်နိုင်ငံ သဘောတူညီချက်များနဲ့အညီ နေရပ် စွန့်ခွာတွေ ပြန်လည်ဝင်ရောက်ဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားပြီးဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။
ဒီဘက်ကို ပြန်လည်ရောက်ရှိရင် လည်း သူတို့ နေထိုင်စားသောက်ဖို့ အတွက် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေကိုလည်း တတ်နိုင်သမျှ ပံ့ပိုးပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒေသခံတိုင်းရင်းသား တွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ရခိုင် ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်း များ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီက တစ်ဖက်တစ်လမ်းကနေ တန်းတူ မျှမျှတတ အားလုံးဖွံ့ဖြိုးတိုးတက်သွား အောင် ဝိုင်းဝန်းပြီးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်း ချက်ကတော့ ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဘက်ဘက်ကနေ အားထုတ်ဆောင် ရွက်သွားဖို့ ဖြစ်ပါတယ်။
ဦးထိန်လင်း
(ရခိုင်ပြည်နယ်ဝန်ကြီးချုပ်)
ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ ဆောင်ရွက်နေတဲ့ ပြန်လည်လက်ခံရေး လုပ်ငန်းဆိုရင် အရင်ထက်စာရင် အခြေ အနေ တိုးတက်လာတာတွေ ရှိပါတယ်။ လက်ရှိ Pilot Project နဲ့ ပတ်သက်ပြီး ပြည်ထောင်စုအဆင့်ကနေ စနစ်တကျ ဆောင်ရွက်နေတဲ့အပေါ်မှာ ကျွန်တော်တို့ အစိုးရအဖွဲ့က လိုအပ်တာတွေကို ပံ့ပိုး ကူညီဆောင်ရွက်နေပါတယ်။ ဦးစားပေး အနေနဲ့ လမ်းတွေ၊ အဆောက်အအုံတွေ ကောင်းမွန်အောင်၊ လျှပ်စစ်မီး၊ ရေရရှိ ရေး၊ သူတို့နေထိုင်ရေးနဲ့ ပြန်လည်လက်ခံ တဲ့အခါမှာလည်း စနစ်တကျ အဆင့်ဆင့် လက်ခံဆောင်ရွက်မှာ ဖြစ်တဲ့အတွက် စနစ်တကျ ဆောင်ရွက်လျက်ရှိပါတယ်။ ပြန်လည်လက်ခံတဲ့အခါ ပထမအဆင့် အနေနဲ့ ကြားစခန်းမှာ ယာယီထားရှိမယ်။ သူတို့အတွက် နေရာချထားဖို့ ကျေးရွာ တွေ သတ်မှတ်ထားပါတယ်။ အဲဒီ ကျေးရွာတွေမှာလည်း လူနေမှုအဆင့် အတန်း မြင့်မြင့်မားမားနဲ့ နေနိုင်အောင် စနစ်တကျအိမ်ရာတွေ တည်ဆောက် ထားတယ်။ လိုအပ်တဲ့ အခြေခံအဆောက် အအုံတွေကိုလည်း နေရာချထားမယ့် ကျေးရွာ ၁၅ ရွာမှာ ဆောင်ရွက်ထား ပါတယ်။ ဝင်ရောက်လာတဲ့အပေါ်မှာ မူတည်ပြီး အဆင့်ဆင့်ဆောင်ရွက်သွားဖို့ စီမံထားပါတယ်။
ပြည်နယ်အတွင်းမှာ တည်ငြိမ် အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်သလို တစ်ဖက်ကလည်းဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက် နေပါတယ်။ ဒီလို ဆောင်ရွက်တဲ့အခါမှာ တည်ငြိမ်အေးချမ်းမှုရှိမှ ဖွံ့ဖြိုးတိုးတက် မှုရှိတာမှန်သလို ဖွံ့ဖြိုးတိုးတက်မှုရှိခြင်း ကလည်း တည်ငြိမ်အေးချမ်းမှုကို အထောက်အကူပြုတယ်ဆိုတာ ယုံကြည် ထားပါတယ်။ နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်ချက်နဲ့အညီ ကျွန်တော်တို့ ပြည်နယ်မှာ ရေခံမြေခံကောင်းတွေ ရှိတဲ့အတွက် စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို အခြေခံပြီး အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း ဟာ ပြည်နယ်အတွက် အကျိုးရှိသလို နိုင်ငံတော်အတွက်လည်း အကျိုးရှိတာ ဖြစ်တဲ့အတွက် ဦးစားပေးဆောင်ရွက် နေပါတယ်။ နိုင်ငံတော်ကလည်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကနေ ချေးငွေတွေပေးထားတာ ရှိပါတယ်။ ဒါတွေကိုအကျိုးရှိစွာ အသုံးချနိုင်ဖို့ ဆောင်ရွက်နေပါတယ်။ ပြည်နယ်မှာ လိုအပ်တာရှိရင် ပြည်ထောင်စုအဆင့်ရဲ့ လမ်းညွှန်ချက်နဲ့အညီ အစိုးရအဖွဲ့၊ လူမှုအဖွဲ့အစည်းတွေနဲ့ ဒေသခံတိုင်းရင်း သားတွေနဲ့ ပူးပေါင်းပြီး ညီညီညွတ်ညွတ် နဲ့ ဆောင်ရွက်လျက်ရှိပါတယ်။
မစ္စတာ မုံခွန်း ဝိစစ်စတန်
(မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး)
ရခိုင်ပြည်နယ်ကို ပထမဆုံးအကြိမ် ရောက်ရှိခြင်းဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ လွန်ခဲ့တဲ့ လေးလကမှ မြန်မာနိုင်ငံ ကို ရောက်ရှိတာဝန်ထမ်းဆောင်နေခြင်း ဖြစ်ပါတယ်။ အခုလေ့လာရေးခရီးစဉ် ကို နိုင်ငံခြားရေးဝန်ကြီးဌာနက စီစဉ် ဆောင်ရွက်ပေးတာကြောင့် ရခိုင် ပြည်နယ်က နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံရေးအတွက် မြေပြင်မှာ ပြင်ဆင်ဆောင်ရွက်နေတဲ့ အခြေအနေ တွေကို ကိုယ်တိုင်မျက်မြင်လေ့လာ သိရှိခွင့်ရရှိပါတယ်။ မြန်မာအစိုးရအနေနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က နေရပ်ပြန်လာ မယ့်သူတွေကို ပြန်လည်လက်ခံဖို့အတွက် ကောင်းမွန်စွာ ပြင်ဆင်ဆောင်ရွက်ထား တာတွေကို တွေ့မြင်ရပါတယ်။ အခုလို ပြင်ဆင် ဆောင်ရွက်ထားတာတွေကို အကျိုးရှိစေဖို့အတွက် ဘယ်လိုရှေ့ဆက် ဆောင်ရွက် သွားကြမယ်ဆိုတာကို မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ အကြား ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ပြန်လည်လက်ခံရေးအတွက် အသုံးပြုမယ့် အဆောက်အအုံများဟာ တည်ဆောက် ထားတာ နှစ်နှစ်၊ သုံးနှစ်ကျော်ရှိပြီဖြစ်ပြီး ပြန်ဝင်လာမယ့်သူတွေကို လက်ခံထားရှိ နိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်မှာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွေ ဆောင် ရွက်နေတာရှိပါတယ်။ ဥပမာအားဖြင့် မောင်တောမှာ ဆန်စက်တည်ဆောက် မယ့် စီမံကိန်းဖြစ်ပါတယ်။ နောက် ငါးမွေးမြူရေး လုပ်ငန်းအတွက် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း ပို့ချတာလည်းရှိပါတယ်။ ဆန်စက်မှာ စက်ပစ္စည်းတွေ တပ်ဆင်ဖို့နဲ့ ငါးကန် တူးဖော်ဖို့တို့အတွက် နည်းပညာရှင် တွေလည်း စေလွှတ်သွားဖို့ရှိပါတယ်။ အဆင့်မြင့် စိုက်ပျိုးရေးစက်ကိရိယာများ အသုံးပြုပြီး စိုက်ပျိုးရေးနည်းစနစ်တွေ သင်ကြားပို့ချတာလည်း ရှိပါတယ်။ အဲဒီအတွက် စက်ပစ္စည်းအနေနဲ့ လယ်ထွန်စက် ၁၆ စီးကို လှူဒါန်းထား ပါတယ်။ ဒါ့အပြင် စင်တာမှာသုံးဖို့အတွက် လည်း မော်တော်ဆိုင်ကယ် ခြောက်စီး လှူဒါန်းထားပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ နေရပ်စွန့်ခွာသူ များကို ပြန်လည်လက်ခံဖို့ မြန်မာအစိုးရ နဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့ ပူးပေါင်း ကြိုးပမ်း ဆောင်ရွက်နေတာတွေကို ထောက်ခံပါတယ်။ ဒီနေ့ တွေ့မြင်နေရတဲ့ အဆောက်အအုံတွေ၊ သက်မွေးသင်တန်း ဖွင့်လှစ်သင်ကြားပေးနေမှုတွေ၊ ငါးခူရ ကျေးရွာနေသူတွေအတွက် ဆောင်ရွက် ထားရှိမှုတွေဟာ ကျေနပ်အားရစရာ ကောင်းပြီး မြန်မာအစိုးရရဲ့ အားထုတ် ကြိုးပမ်းမှုတွေကို အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။
ဦးသိန်းဌေးဦး (အမြဲတမ်းအတွင်းဝန်၊
နယ်စပ်ရေးရာဝန်ကြီးဌာန)
နေရပ်စွန့်ခွာသူတွေကို ပြန်လည် လက်ခံဖို့ ပြီးခဲ့တဲ့ ၂၀၁၈ - ၂၀၁၉ ခုနှစ် ကတည်းက လုပ်ခဲ့ပါတယ်။ အဲဒီတုန်းက သူတို့ဆီကနေ အင်အားနှစ်ထောင်၊ သုံးထောင်လာမယ်ဆိုပြီး အကြောင်း အမျိုးမျိုးကြောင့် ပြန်မလာဖြစ်ခဲ့ကြပါ ဘူး။ ပြန်မလာဖြစ်ကြတဲ့အတွက်ကြောင့် နှစ်နိုင်ငံဆွေးနွေးပြီး ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွေကို ကြိုတင်ပြင်ဆင် ထားတဲ့အကြောင်းကို သိစေချင်ပါတယ်။ သူတို့ကို ယခင်က ပြန်လည်လက်ခံဖို့ ဆောင်ရွက်ခဲ့ရာမှာ သူတို့အနေနဲ့ ယုံကြည်စိတ်ချစွာ ပြန်လာနိုင်ကြောင်းနဲ့ ပြန်လည်လက်ခံရေးမူ (၅) ရပ်နဲ့အညီ ပြန်လည်လက်ခံမယ်ဆိုတဲ့ အကြောင်းကို
သိရှိအောင် ကြိုတင်ပြီး အကြောင်းကြား ထားပါတယ်။ အကြောင်းကြားထား ပေမယ့်လည်း သူတို့ကို ဖိအားပေးမှု၊ ထိန်းချုပ်မှုတွေကြောင့် ပြန်မလာခဲ့ကြ ပါဘူး။ အဲဒီလို ပြန်မလာတဲ့အခါ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ကျွန်တော်တို့ဆီက လက်မခံချင်လို့ဆိုပြီး ထင်သွားပါတယ်။ ကျွန်တော်တို့ လက်ခံ ဖို့အတွက် အစိုးရက မြန်မာကျပ်ငွေ ၅ ဘီလီယံလောက် အကုန်အကျခံပြီး ပြင်ဆင်ထားတာတွေကို သိရှိအောင် အခုလို သံတမန်တွေကို ဖိတ်ကြားပြသ ခြင်းဖြစ်ပါတယ်။
အခု စီစဉ်ဆောင်ရွက်နေတဲ့ Pilot Project ကတစ်ဆင့် ဝင်လာလို့ရှိရင် လောလောဆယ် ပြန်လည်လက်ခံရေး စခန်းတွေအနေနဲ့ တောင်ပြိုလက်ဝဲ၊ ငါးခူရစခန်းတွေမှာ စိစစ်လက်ခံပြီး လှဖိုးခေါင်ကြားစခန်းမှာ နှစ်လလောက် သူတို့ကိုခဏထားပါမယ်။ အဲဒီမှာ ခဏထားပြီး မောင်တောမြောက်ခြမ်းမှာ ရှိတဲ့ ကျေးရွာ ၁၅ ရွာမှာ မြေကွက်တွေ ရိုက်ထားပါတယ်။ သူတို့ ပြန်လည် လုပ်ကိုင်စားသောက်ဖို့အတွက် အဲဒီအနီး မှာ လယ်ယာမြေတွေလည်း အဆင်သင့် ရှိပါတယ်။ သူတို့ အသက်မွေးဝမ်းကျောင်း အတွက် ရေတိုရေရှည် ပြန်လည်လုပ်ကိုင် စားသောက်ဖို့ စီစဉ်ထားပါတယ်။ ဒီလို စီစဉ်ထားတာတွေကိုလည်း သူတို့ကို သိစေချင်ပါတယ်။ ပြန်လာမယ့်သူတွေ အားလုံးကို ပြန်မလာစေချင်တဲ့သူတွေက တားဆီးထားသလို ဖြစ်နေပါတယ်။ နိုင်ငံကနေ ထွက်ခွာသွားတုန်းကလည်း ကျွန်တော်တို့က နှင်ထုတ်ခဲ့တာ မဟုတ် ပါဘူး။ သူတို့သဘောနဲ့ သူတို့ထွက်သွား တာပါ။ ဒါပေမယ့် နိုင်ငံတကာအမြင်က ကျွန်တော်တို့နိုင်ငံကို အပြစ်မြင်နေ ပါတယ်။
ကျွန်တော်တို့ အခုလို လုပ်ထားတာ တွေကို သူတို့ကို သိစေချင်ပါတယ်။ ပြန်လည်လက်ခံဖို့အတွက် ငွေကုန် ကြေးကျ မြောက်မြားစွာကျခံပြီး လုပ်ပေး ထားပါတယ်။ နေထိုင်စားသောက်ဖို့ အတွက်လည်း ရခိုင်ပြည်နယ်အစိုးရ၊ နယ်စပ်ရေးရာဝန်ကြီးဌာနနဲ့ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနကနေ သူတို့ ကို တစ်လစာဆက်ပြီး ထောက်ပံ့ပေးထား မယ်။ ကမ္ဘာရဲ့အမြင်မှာ ကျွန်တော်တို့ လက်ရှိ မြေပြင်သတင်းမှန်တွေကို မကြားဘူး။ သတင်းမှန်တွေကို သိအောင် သံတမန်တွေကိုခေါ်ပြီး ရှင်းပြရခြင်း ဖြစ်ပါတယ်။ Pilot Project အရ ပထမဆုံးဦးရေ ၁၅၀၀ ခန့် လက်ခံမယ်။ အကြောင်းတော့ မပြန်လာသေးဘူး။ Pilot Project ပြီးသွားတာနဲ့ မောင်တောမြောက်ခြမ်းမှာရှိတဲ့သူတွေကို ဦးစားပေး ပြီး လူဦးရေ ၅၀၀၀ ကျော်၊ အိမ်ထောင်စု ၁၅၀၀ ကိုဆက်ပြီး လက်ခံသွားနိုင်ဖို့ ညှိနှိုင်းဆောင်ရွက်သွားဖို့ရှိပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မွေးဖွားတဲ့ သူတွေကိုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တရားရုံးက မွေးဖွားကြောင်း ထောက်ခံ ချက်နဲ့ ကျွန်တော်တို့နိုင်ငံမှာ နေခဲ့ဖူးတဲ့ မိဘတွေက မွေးတယ်ဆိုတာမှန်ရင် ကျွန်တော်တို့လက်ခံမှာပါ။ ကျေးရွာ ၁၅ ရွာမှာ မြေကွက် ၇၅၀ လျာထား ပါတယ်။ ထပ်ဝင်လာလို့ရှိရင် နောက်ထပ် မြေကွက်တွေ ထပ်မံဖော်ထုတ်ပြီး စနစ်တကျ ပြန်လည်နေရာချထားမှာပါ။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံမှာ မွေးဖွား ခဲ့တဲ့သူ၊ နေခဲ့တဲ့သူဖြစ်ဖို့တော့ လိုပါ တယ်။ ကျွန်တော်တို့ဆီမှာ အရင်တုန်းက သူတို့ကို ဆွဲတင်စစ်ဆိုပြီး မြေပုံဆွဲ စစ်ဆေးကောက်ခံထားတဲ့ မှတ်တမ်း တွေရှိပါတယ်။ ဒီအချက်အလက်တွေနဲ့ ကိုက်ညီပြီး အချက်အလက်မှာ ပါဝင်တဲ့ လူဦးရေမှန်ရင်၊ ရာဇဝတ်မှု တစ်စုံတစ်ရာ ကျူးလွန်မထားဘူးဆိုရင် ဆက်ပြီးတော့ လက်ခံသွားမှာပါ။ လုံခြုံရေးအပိုင်းအနေ နဲ့ နေရာချထားမယ့် ကျေးရွာ ၁၅ ရွာ အနီးမှာ ရွေးချယ်ပြီး လုံခြုံရေးပိုင်းကို တာဝန်ယူဆောင်ရွက်မယ့် ရဲစခန်းတွေ ကို နေရာချပေးထားပါတယ်။ ကျွန်တော် တို့နိုင်ငံက ရွှေ့ပြောင်းသွားတဲ့သူတွေကို အတင်းတွန်းလွှတ်တာ မဟုတ်သလို ကျွန်တော်တို့နိုင်ငံရဲ့ ဥပဒေအတိုင်း နေမယ်ဆိုရင် ပြန်ဝင်လာဖို့ကို အမြဲတမ်း ကြိုဆိုနေပါတယ်။
ဒေါက်တာကိုကိုနိုင်
(အမြဲတမ်းအတွင်းဝန်၊ လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ
ချထားရေးဝန်ကြီးဌာန)
စစ်တွေမြို့မှာရှိတဲ့ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းမှာ ဖွင့်လှစ်ထားတဲ့ အခြေခံစက်ချုပ် သင်တန်းဖြစ်ပါတယ်။ အခု ဒီသင်တန်းမှာ ဒေသခံတိုင်းရင်းသူတွေနဲ့ ယာယီခိုလှုံရာ စခန်း (IDP) မှာရှိတဲ့ အမျိုးသမီးတွေ အတူတကွ လာရောက်သင်ကြားနေ ပါတယ်။ ဒီသင်တန်းကနေတစ်ဆင့် သူတို့တွေ ဘဝရပ်တည်နိုင်ဖို့ သက်မွေး ပညာတွေရပါမယ်။ ဒီလုပ်ငန်းတွေ တတ်ကျွမ်းသွားတဲ့အပြင် လူမှုသဟဇာတ ဖြစ်မှုနဲ့ ပေါင်းစည်းညီညွတ်မှုကို အတူတကွ ဆောင်ရွက်နိုင်မှာ ဖြစ်ပါ တယ်။ ရည်ရွယ်ချက်အတူတူရှိတဲ့ လုပ်ငန်းတွေမှာ အတူယှဉ်တွဲလုပ်ဆောင် ခြင်းအားဖြင့် လူမှုသဟဇာတဖြစ်မှုကို အထောက်အကူပြုစေတယ်။ အသိုင်း အဝိုင်းအချင်းချင်း ပေါင်းစည်းမှု၊ ဆက်သွယ်မှုဆိုတာ လူ့ဘောင်မှာ မရှိမဖြစ်လုပ်ရတဲ့ ကဏ္ဍဖြစ်ပါတယ်။ ဒါကြောင့် တစ်ဖက်မှာ အမျိုးသမီးတွေ အတွက် ဝင်ငွေတိုးလုပ်ငန်းတွေ လုပ်နိုင် သလို လူမှုသဟဇာတဖြစ်မှုနဲ့ ပေါင်းစည်း မှုကိုလည်း ဖြစ်စေပါတယ်။ အမျိုးသမီး တွေ၊ ကလေးတွေက တစ်ဦးနဲ့တစ်ဦး ရင်းနှီးကျွမ်းဝင်မှုရရှိပြီး တစ်ဦးနဲ့တစ်ဦး အတွေ့အကြုံတွေကို ဖလှယ်ကြဖို့ ရည်ရွယ်ပြီး သင်တန်းကို ဖွင့်တာဖြစ်ပါ တယ်။ သင်တန်းမှာ ဒေသခံတိုင်းရင်းသူနဲ့ IDP စခန်းက အမျိုးသမီး စုစုပေါင်း ၅၀ တက်ရောက်သင်ကြားနေပါတယ်။
ဦးအာကာမြင့်
(လက်ထောက်ညွှန်ကြားရေးမှူး၊
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန)
ကျောက်တစ်လုံး IDP စခန်း ပြောင်းရွှေ့ဖို့အတွက် မတ်လကုန် အပြီးပြောင်းရွှေ့နိုင်ရေး စီမံဆောင်ရွက် လျက်ရှိပါတယ်။ IDP စခန်းအတွင်းမှာ ရှိတဲ့ အိမ်ထောင်စု ၃၇၅ စုကို ပြောင်းရွှေ့ ဖို့ စီစဉ်နေပါတယ်။ အိမ်တွေကို ဆောက်လုပ်ထားတာကတော့ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်ကတည်းက စတင် ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ အိမ်ခြေပေါင်းအလုံးရေ ၃၉၆ လုံး ဆောက်လုပ်ထားပါတယ်။ ပြောင်းရွှေ့ဖို့ ပထမပိုင်းအနေနဲ့ IDP စခန်းမှာ စာရင်း ရှိထားတဲ့လူတွေကို အရင်ဆုံးပြောင်းရွှေ့ ပါမယ်။ ဒုတိယပိုင်းအနေနဲ့ မိမိတို့ရဲ့ ကျေးရွာတွေကို ပြန်လို့မရတဲ့သူတွေကို ရွှေ့ပါမယ်။
IDP စခန်းမှာရှိတဲ့ သူတွေအားလုံး က ကျောက်ဖြူမြို့နယ်အတွင်းမှာရှိတဲ့ သူတွေဖြစ်ပါတယ်။ ဒီမှာတော့ သူတို့တွေ နေထိုင်နိုင်ဖို့အပြင် ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းနဲ့ လုံခြုံရေးရဲကင်းတွေ ကိုလည်း ဆောက်လုပ်ထားပါတယ်။ ရေရရှိရေးအတွက် ရေကန်တွေ ဆောက် လို့ ပြီးပါပြီ။ လမ်းတွေနဲ့ လျှပ်စစ်မီးကအစ သွယ်တန်းပြီးဖြစ်ပါတယ်။ နေအိမ်တွေ ဆိုရင် အသင့်နေထိုင်နိုင်အောင် ဆောင် ရွက်ပြီးဖြစ်ပါတယ်။ နိုင်ငံတော်ကနေ ကျပ်ငွေဘီလီယံကျော် အကုန်အကျခံပြီး နေထိုင်စားသောက်ဖို့အတွက် အားလုံး ဆောင်ရွက်ပေးထားတာ ဖြစ်ပါတယ်။