မန်ယူအသင်းကွင်းလယ်ကစားသမား ကိုဘီမိုင်နူးသည် အိုးထရက်ဖို့ဒ်၌ ၂၀၃၁ ခုနှစ်အထိရှိမည့် သက်တမ်းတိုး စာချုပ်တစ်ရပ်ကို ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ သက်တမ်းတိုးစာချုပ် ကြောင့် မန်ယူအသင်းတွင် ၎င်း၏ အနာဂတ်နှင့်ပတ်သက်ပြီး လပေါင်းများစွာကြာ မသေချာမရေရာ မှုများကို အဆုံးသတ်စေခဲ့ပြီ ဖြစ်သည်။
အသက် ၂၁ နှစ်အရွယ် မိုင်နူးသည် မန်ယူအသင်းအတွက် ပွဲပေါင်း ၉၈ ပွဲ ပါဝင်ကစားထားပြီး ခုနစ်ဂိုး သွင်းယူပေးထားသည်။ စတော့ခ်ပို့သ် နွယ်ဖွား မန်ယူအကယ်ဒမီထွက် မိုင်နူးသည် နည်းပြဟောင်း ရူဘင် အမ်မိုရင် လက်ထက်တွင် အခွင့်အရေးပေးခြင်းမခံရဘဲ ဇန်နဝါရီ အပြောင်းအရွှေ့ကာလအတွင်း အီတလီစီးရီးအေကလပ် နာပိုလီအသင်းထံ ပြောင်းရွှေ့ရန် တွန်းအားပေးခြင်းခံခဲ့ရသူဖြစ်သည်။
သို့သော်လည်း မန်ယူအသင်းက မိုင်နူး၏ အသင်းပြောင်းရွှေ့ရေး တိုက်တွန်းချက်ကို ပယ်ချခဲ့ပြီး အသင်းတွင် ဆက်လက်ထိန်းထား နိုင်ခဲ့သည်။ အမ်မိုရင်အသင်းမှ ထွက်ခွာသွားပြီးနောက် မိုင်နူးသည် ယာယီနည်းပြ မိုက်ကယ်ကာရစ်လက်ထက် ၁၂ ပွဲတွင် ၁၁ ပွဲအထိ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရရှိခဲ့ပြီး လိဒ်စ်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သောပွဲစဉ်တွင်သာ ဒဏ်ရာကြောင့် လွဲချော်ခဲ့ခြင်း ဖြစ်သည်။