ကျွန်းစုမြို့နယ်၌ ပုစွန်မွေးမြူရေးကန်ဆိုင်ရာ EIA လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြ

 

မြိတ်    ဇူလိုင်   ၂၃


တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ် အတွင်း၌ ပုစွန်မွေးမြူရေးကန်ပေါင်း ၆၄ ကန်ဖြင့် ဆောင်ရွက်နေသည့် ပြည်ဖြိုးထွန်းအင်တာနေရှင်နယ် ကုမ္ပဏီလီမိတက်က      ဒေသခံပြည်သူများအား ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်း (Environmen-tal Impact Assessment – EIA) လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြခြင်းကို ဇူလိုင် ၂၂ ရက်က  မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးခန်းမ၌ ပြုလုပ်သည်။

 


အဆိုပါ ခေတ်မီရေငန်ပုစွန်မွေးမြူရေးစီမံကိန်းနှင့်ပတ်သက်ပြီး  EIA လုပ်ငန်းစဉ်၏ နယ်ပယ်အတိုင်း အတာသတ်မှတ်ခြင်းကို E Guard Environmental Services က    တာဝန်ယူဆောင်ရွက်လျက်ရှိပြီး လုပ်ဆောင်မှုများ၊ စီမံကိန်းဆိုင်ရာအချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

 


‘‘ကျွန်းစုမြို့နယ် ကတ္တလူကျေးရွာ  မြေ   ၄၁၅ ဧကပေါ်မှာ ပုစွန်မွေးမြူရေးကန်ပေါင်း  ၆၄  ကန် ရှိပါတယ်။ တစ်နှစ်ဆိုရင် အနည်းဆုံးတန် ၃၀၀၀ ကနေ ၃၅၀၀ အကြား ဖမ်းယူထုတ်လုပ်နိုင်ပါတယ်။ အလုပ်အကိုင်အခွင့်အလမ်းအနေနဲ့ ဝန်ထမ်းပေါင်း ၃၅၀ အထိ အလုပ်ဖန်တီးပေးထားနိုင်ပါတယ်။ ပုစွန် မွေးမြူရေးလုပ်ဆောင်ထားရာမှာ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းထားမှုနဲ့       ပတ်သက်ပြီးတော့ ကျေးရွာသူ   ကျေးရွာသားတွေလည်း သိရှိအောင် ပတ်၀န်းကျင်ထိခိုက်မှုနဲ့ ပတ်သက်ပြီး    အတိုင်း အတာတွေ၊ ကျေးရွာအတွက် ဘယ်လိုကောင်းကျိုးတွေရှိနိုင်မလဲဆိုတာ  ကုမ္ပဏီ၊ ဒေသခံနဲ့  တတိယ အဖွဲ့အစည်းတို့ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးကြတာ ဖြစ်ပါတယ်’’ ဟု ပြည်ဖြိုးထွန်း ရေငန်ပုစွန်မွေးမြူရေး မှ မန်နေဂျာ ဦးမိုးကျော်ဟန်က ပြောသည်။

 


ဆွေးနွေးပွဲသို့ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ များ၊ လုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများ တက်ရောက် ခဲ့ပြီး ဒေသခံများက ကျေးရွာဖွံ့ဖြိုးရေး၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် ပတ်၀န်းကျင်ဆိုင်ရာ သိရှိလိုသည် များကို မေးမြန်းဆွေးနွေးခဲ့သည်။
ကျွန်းစုမြို့နယ်     ကတ္တလူကျေးရွာအနီးတွင် ခေတ်မီရေငန်ပုစွန်မွေးမြူရေးလုပ်ငန်းကို  ၂၀၁၄ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး ပုစွန်ကန်တူးဖော်ပြီး နောက်   ဒီရေအတက်အကျရှိသောနေရာများတွင် ဒီရေတောပျိုးပင်ပေါင်း ၈၀၀၀၀ ခန့်ကို    ပြန်လည် စိုက်ပျိုးထားပြီးဖြစ်ကြောင်း   ကုမ္ပဏီမှ   တာ၀န်ရှိသူ တစ်ဦးက ပြောကြားသည်။                            

မြင့်ဦး(မြိတ်)