ကမ္ဘောဒီးယားဆီးဂိမ်းပြိုင်ပွဲအပါအဝင် နိုင်ငံတကာပြိုင်ပွဲများအတွက် မြန်မာ ယူ-၂၂ အသင်း လေ့ကျင့်ပြင်ဆင်မည်

 

ရန်ကုန်   နိုဝင်ဘာ  ၁၀


မြန်မာ  ယူ-၂၂  အသင်းသည်  ကမ္ဘောဒီးယားဆီးဂိမ်း ပြိုင်ပွဲအပါအဝင် လာမည့်နှစ်တွင် ယှဉ်ပြိုင်ရမည့် နိုင်ငံ တကာပြိုင်ပွဲများအတွက်   ဒီဇင်ဘာလဆန်းပိုင်းတွင် လေ့ကျင့်ပြင်ဆင်သွားမည်ဖြစ်သည်။

 


မြန်မာ  ယူ-၂၂  အသင်းသည်  လာမည့်နှစ်တွင် အာဆီယံ ယူ-၂၂ ချန်ပီယံရှစ်ပြိုင်ပွဲ၊ (၃၂)ကြိမ်မြောက် ကမ္ဘောဒီးယားဆီးဂိမ်းပြိုင်ပွဲ၊ ၂၀၂၄ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲနှင့် အာရှအားကစားပြိုင်ပွဲတို့ ယှဉ်ပြိုင်ရမည် ဖြစ်သည်။  

 


မြန်မာယူ-၂၂ အသင်းသည် ဒီဇင်ဘာလဆန်းပိုင်းတွင် စတင်လေ့ကျင့် ရန် စီစဉ်ထားပြီး ပြိုင်ပွဲတစ်ခု ယှဉ်ပြိုင်ခါနီးတိုင်း နိုင်ငံတကာခြေစမ်းပွဲ များ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ ပြည်တွင်းလိဂ်ပြိုင်ပွဲမှာ နိုဝင်ဘာ လလယ်တွင် ပြီးဆုံးမည်ဖြစ်သောကြောင့် မြန်မာ ယူ-၂၂ အသင်းသည် လေ့ကျင့်မှုပြည့်ဝစေရန် အချိန်ယူလေ့ကျင့်ပြင်ဆင်ခြင်းဖြစ်သည်။ 

 


 မြန်မာ  ယူ-၂၂  အသင်းယှဉ်ပြိုင်မည့်  ပြိုင်ပွဲများအနက်  (၃၂) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို မေလ၊ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲကို စက်တင်ဘာလ၊     အာရှအားကစားပြိုင်ပွဲကို   အောက်တိုဘာလတွင် ကျင်းပမည်ဖြစ်ပြီး အာဆီယံ ယူ-၂၂ ပြိုင်ပွဲကျင်းပမည့်ရက် သတ်မှတ် ရခြင်းမရှိသေးသော်လည်း ဖေဖော်ဝါရီ သို့မဟုတ် မတ်လတွင် ကျင်းပ ဖွယ်ရှိနေသည်။ မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ်ဖြစ်သူ ဘူလ်ဂေး ရီးယားနိုင်ငံသား ပိုပေါ့ဗ်သည် နိုင်ငံတကာပြိုင်ပွဲများအတွက် ရွေးချယ် ထားသည့် ပဏာမကစားသမား ၆၀ စာရင်းကို   ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ခဲ့ပြီး ပြိုင်ပွဲတစ်ခုချင်းစီအတွက် ပြင်ဆင်မှုများပြုလုပ်သွားမည် ဖြစ်သည်။  နည်းပြချုပ် ပိုပေါ့ဗ် ထုတ်ပြန်ထားသည့် လူစာရင်းတွင် ယူ-၂၂ ကစားသမား   ၅၀ နှင့်  အသက်ကျော်ကစားသမား  ၁၀  ဦး ပါဝင်ပြီး (၃၂)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲနှင့် အာရှအားကစားပြိုင်ပွဲတွင် အသက်ကျော်ကစားသမားများ   အသုံးပြုခွင့်ရမည်ဖြစ်သောကြောင့် ကြိုတင်ရွေးချယ်ထားခြင်းဖြစ်သည်။

 


မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ ယူ-၂၂ အသင်းနည်းပြ ချုပ်အဖြစ် ပိုပေါ့ဗ်ကို ဆက်လက်တာဝန်ပေးထားပြီး ၂၀၂၃ ခုနှစ်တွင် ပြိုင်ပွဲများစွာ  ယှဉ်ပြိုင်ရမည်ဖြစ်သည်။  ပိုပေါ့ဗ်သည် မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ်အဖြစ် ၂၀၁၉ ခုနှစ်ကတည်းက တာဝန်ပေးခံထားရပြီး ဆီးဂိမ်းပြိုင်ပွဲ   သုံးကြိမ်ဆက်တိုက်   ကိုင်တွယ်ခွင့်ရခဲ့ခြင်းလည်း ဖြစ်သည်။                                                  

ရဲရင့်လွင်