
ဖနောင်ပင် စက်တင်ဘာ ၂၉
ကမ္ဘောဒီးယားနိုင်ငံ၏ အဝတ်အထည်၊ ဖိနပ်နှင့် ခရီးသွားကုန်ပစ္စည်းကဏ္ဍရှိ လုပ်သားများအတွက် လစဉ်အနည်းဆုံး လုပ်အားခနှုန်းထားသည် လက်ရှိတွင် အမေရိကန် ဒေါ်လာ ၁၉၄ ဒေါ်လာရှိရာမှ ၃ ဒသမ ၀၉ ရာခိုင်နှုန်း တိုးမြှင့်ကာ ၂၀၂၃ ခုနှစ်မှစ၍ အမေရိကန်ဒေါ်လာ ၂၀၀ ခန့်အထိ သတ်မှတ်လိုက်ကြောင်း အလုပ်သမား ဝန်ကြီးက စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
အနည်းဆုံး လုပ်အားခဆိုင်ရာ အမျိုးသား ကောင်စီက လာမည့်နှစ်အတွက် တစ်လလျှင် အနည်းဆုံးလုပ်အားခကို အမေရိကန်ဒေါ်လာ ၁၉၈ ဒေါ်လာခန့် ဆန္ဒပြုခဲ့ရာ အစိုးရက အမေရိကန်ဒေါ်လာ နှစ်ဒေါ်လာ ထပ်ပေါင်း ပေးခဲ့ပြီးနောက် ကြေညာချက်ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ယင်းအနည်းဆုံး လုပ်အားခ အသစ်သည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ စတင် သက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
အထည်ချုပ်၊ ဖိနပ်နှင့် ခရီးသွားကုန် ပစ္စည်းကဏ္ဍရှိ လုပ်သားများသည် လုပ်အားခ အပြင် ပုံမှန်အလုပ်ဆင်းခြင်း၊ သယ်ယူ ပို့ဆောင်ရေး ၊ ငှားရမ်းခနှင့် လုပ်သက်ဆုကြေး အတွက် တစ်လလျှင် အမေရိကန်ဒေါ်လာ ၂၁ ဒေါ်လာမှ ၃၂ ဒေါ်လာအထိ အပိုအကျိုး ခံစားခွင့် ရရှိနိုင်မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးက ထည့်သွင်းပြောကြား ခဲ့သည်။
သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွားရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။ ခင်ရတနာ စုစည်းဖော်ပြသည်၊၊