
ရန်ကုန် နိုဝင်ဘာ ၂၈
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် နိုဝင်ဘာ ၂၃ ရက်မှ ၂၇ ရက်အထိ လက်ခံကျင်းပခဲ့သည့် (၁၉)ကြိမ် မြောက် ကမ္ဘာ့ပီတန်းချန်ပီယံရှစ် ( WOMEN & JUNIOR PETANQUE WORLD CHAMPIONSHIP -2023) ပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခုရ မြန်မာပီတန်း အားကစားအဖွဲ့သည် ယနေ့ ညနေ ၅ နာရီခွဲက ရန်ကုန်မြို့ သို့ ပြန်လည်ရောက်ရှိသည်။ မြန်မာအသင်းသည် အမျိုးသမီး သုံးယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီး တစ်ဦးချင်း Shooting ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ခင်ချယ်ရီ သက်က Shooting ပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့အဆင့် (၁၀)ရရှိ
ယင်းပြိုင်ပွဲတွင် နိုင်ငံပေါင်း ၄၁ နိုင်ငံအနက် မြန်မာအသင်းမှ အမျိုးသမီးတစ်ဦးချင်း Shooting ပြိုင်ပွဲတွင် ခင်ချယ်ရီသက်သည် ဗီယက်နမ်နှင့် ယှဉ်ပြိုင်ကစားရာ ရမှတ် ၄၂ မှတ်ဖြင့် ပထမ ရွှေတံဆိပ် ဆုရရှိခဲ့ပြီး အမျိုးသမီး တစ်ဦးချင်း တွင် ကမ္ဘာ့အဆင့် (၁၀)ရရှိခဲ့ကြောင်း သိရသည်။
ကြိုဆို
အဆိုပါပြိုင်ပွဲသို့ အဖွဲ့ ခေါင်းဆောင် မြန်မာနိုင်ငံ ပီတန်း အားကစားအဖွဲ့ဥက္ကဋ္ဌ ဦးအေးထွန်း၊ နည်းပြ၊ အားကစားသမားလေးဦး တို့အား အားကစားနှင့် ကာယပညာ သိပ္ပံ(ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးကျော်မင်းသန်း နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံပီတန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းမှ ကျောင်းသား ကျောင်းသူများ၊ မိဘဆွေမျိုးများက ကြိုဆိုခဲ့ကြကြောင်း သိရသည်။
အာကာစိုး