သီဟစည်သူ
ယနေ့ကမ္ဘာတွင် သဘာဝသယံဇာတများရှားပါးခြင်း၊ သစ်တောပြုန်းတီးခြင်း၊ သဘာဝဂေဟစနစ် ပျက်စီးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲ အရင်းအမြစ်များ၏ နေရင်းဒေသများ တဖြည်းဖြည်းဆုံးရှုံးလာမှုကြောင့် ဇီဝမျိုးစုံရှားပါးလာခြင်း၊ ရေထု၊ မြေထုနှင့် လေထုညစ်ညမ်းမှုစသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများနှင့် စိန်ခေါ်မှု မျိုးစုံ ခြိမ်းခြောက်လျက်ရှိသည်။
ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများအနက် လေထုညစ်ညမ်းမှုပြဿနာသည် တစ်နေ့ထက် တစ်နေ့ ပိုမိုဆိုးရွားလာနေသည်။ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၁၁၇ ခုရှိ မြို့ပေါင်း ၆၀၀၀ ကျော်ကို စစ်တမ်းကောက်ယူခဲ့သည့် အချက် အလက်များအရ ကမ္ဘာ့လူဦးရေ၏ ၉၉ ရာခိုင်နှုန်း သည် ကျန်းမာရေးနှင့် မညီညွတ်သော အမှုန်အမွှား အဆင့်များ ပါဝင်သည့် မသန့်ရှင်းသောလေကို ရှူရှိုက်နေကြရပြီး သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကြောင့် နှစ်စဉ်ကမ္ဘာ့လူဦးရေ ၁၃ သန်း ခန့် အချိန်မတိုင်မီ သေဆုံးနေကြရကြောင်း၊ ၎င်းတို့ အနက် ခုနစ်သန်းခန့်မှာ လေထုညစ်ညမ်းမှုကြောင့် ဖြစ်ပြီး သေဆုံးသူများ၏ ၇၀ ရာခိုင်နှုန်းခန့်မှာ အာရှ- ပစိဖိတ်ဒေသတွင်း နိုင်ငံများမှဖြစ်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။
အာရှအလယ်ပိုင်းနိုင်ငံများတွင် ကာဗွန်ဒိုင် အောက်ဆိုက်ဓာတ်ငွေ့ ထုတ်လွှတ်မှု မြင့်တက်နေရ သည့် အကြောင်းရင်းများမှာ ဒေသတွင်းရှိ မြို့အများ အပြားသည် လက်ရှိအချိန်အထိ ကျောက်မီးသွေး၊ အရည်အသွေးနိမ့် လောင်စာနှင့် ထင်းများကိုသာ အသုံးပြုနေရခြင်းကြောင့်လည်း ဖြစ်သည်။ အာရှ အလယ်ပိုင်းသည် ကမ္ဘာပေါ်တွင် ကာဗွန်ထုတ်လွှတ် မှု အပြင်းထန်ဆုံး ဒေသများထဲမှ တစ်ခုဖြစ်ကာ စွမ်းအင်အရင်းအမြစ်များ၏ ၈၈ ရာခိုင်နှုန်းသည် ရုပ်ကြွင်းလောင်စာများမှရရှိပြီး ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အတွက် ရင်းနှီးမြှုပ်နှံမှုမှာ ၀ ဒသမ ၂ ရာခိုင်နှုန်းခန့်သာ လုပ်ဆောင်နိုင်သေးကြောင်း ကုလသမဂ္ဂ ပတ်ဝန်းကျင်ဆိုင်ရာ အစီအစဉ်(UNEP) ၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ အချက် အလက်များက ရုပ်ကြွင်းလောင်စာအသုံးပြုမှု လျှော့ချရေးနှင့် လေထုသန့်ရှင်းရေးအတွက် ထိရောက်သော အစီအစဉ်များကို ဦးစားပေး ဆောင်ရွက်ရန် အရေးတကြီး လိုအပ်နေပြီဖြစ် ကြောင်း မီးမောင်းထိုး ပြသနေခြင်းဖြစ်သည်။
အထူးသဖြင့် ပူပြင်းခြောက်သွေ့လှသည့် နွေဦး ပေါက်ရာသီနှင့် နွေရာသီကာလများတွင် အထူး သဖြင့် တောမီးလောင်မှုနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုပြဿနာသည် မဲခေါင်ဒေသ တွင်း နိုင်ငံများ ဖြစ်ကြသည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံ အပါအဝင် အာဆီယံ ဒေသတွင်းနိုင်ငံများအတွင်း နှစ်စဉ်ရင်ဆိုင် နေရသည့် ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတစ်ခု ဖြစ်သည်။ မီးခိုးမြူငွေ့ညစ်ညမ်းမှုသည် မီးတောင် ပေါက်ကွဲခြင်း၊ တောမီးလောင်ခြင်းစသည့် သဘာဝ ဘေး အန္တရာယ်များကြောင့်လည်း ဖြစ်ပေါ်လေ့ရှိ သကဲ့သို့ ယာဉ်များ၊ စက်ရုံအလုပ်ရုံများ၊ သတ္တုတူး ဖော်ရေး လုပ်ငန်းများ၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း များ စသည့် လူသားတို့၏ အပြုအမူများကြောင့် ထွက်ပေါ်လာသည့် အခိုးအငွေ့များနှင့် အမှုန်များ ကြောင့် လည်းဖြစ်ပေါ်လေ့ရှိသည်။
ဆိုးရွားသည့် အကျိုးသက်ရောက်မှုများ
လေထုညစ်ညမ်းမှုကြောင့် ဂေဟစနစ်နှင့် လူသားတို့၏ ကျန်းမာရေးအတွက် ဖြစ်ပေါ်နိုင်သော နောက်ဆက်တွဲဆိုးကျိုးများကို ကြိုတင်ကာကွယ် နိုင်ရန်အတွက် မြန်မာနိုင်ငံအပါအဝင် မဲခေါင်ဒေသ ခွဲနိုင်ငံများတွင် မီးလောင်မှု အရေအတွက် (Hotspot Counts) ၅၀၀၀၀ ထက် မကျော်လွန်စေ ရေး လျာထားသတ်မှတ်မှုကို ၂၀၂၅ ခုနှစ်အထိ တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။ သို့သော်လည်း သဘာဝသယံဇာတများ အလွန်အကျွံထုတ်ယူခြင်း၊ မော်တော်ယာဉ်များ အသုံးပြုမှု ပိုမိုများပြားလာခြင်း၊ စက်မှုကဏ္ဍပိုမိုတိုးတက်လာခြင်း၊ နိုင်ငံဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် ခြင်းနှင့် နှစ်စဉ် သဘာဝ ဘေးအန္တရာယ်များ ပိုမိုကြုံတွေ့လာရသည့်အတွက် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ လျှော့ချနိုင်ရေးသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စိန်ခေါ်မှုတစ်ရပ်အဖြစ် ရင်ဆိုင်ရလျက်ရှိသည်။ ထို့ကြောင့် ရေရှည်စဉ်ဆက် မပြတ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် သတိထား လုပ်ဆောင်နိုင်ရေး၊ အများပြည်သူ သယ်ယူပို့ဆောင် ရေးစနစ် ပိုမိုဖွံ့ဖြိုးလာရေးနှင့် အစိမ်းရောင်စွမ်းအင် ကဏ္ဍဖွံ့ဖြိုးရေးတို့သည် အဓိကအရေးပါလာသည်။
လေထုညစ်ညမ်းမှုကို Air Quality Index-AQI ဖြင့် ဖော်ပြလေ့ရှိပြီး AQI ဆိုသည်မှာ လေထု သန့်ရှင်းမှု အရည်အသွေးအညွှန်းကိန်းဖြစ်သည်။ AQI သည် အဓိက လေထုညစ်ညမ်းစေသည့် ဓာတ်ငွေ့ငါးမျိုးဖြစ်သည့် ကာဗွန်မိုနောက်ဆိုက်၊ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်၊ ဆာလဖာဒိုင် အောက်ဆိုက်၊ မြေပြင်အဆင့် အိုဇုန်းနှင့် အမှုန်အမွှား ပါဝင်မှု(particulate matter- PM) ညစ်ညမ်းမှုများ အပေါ် အခြေခံ၍ ဆုံးဖြတ်ခြင်းဖြစ်သည်။ ယေဘုယျ အားဖြင့် AQI အဆင့်များကို (ပုံ-၁) တွင် ဖော်ပြ ထားသည့်အတိုင်း သတ်မှတ်ညွှန်ပြလေ့ရှိသည်။
လေထုအရည်အသွေးနှင့် ပတ်သက်၍ AQI အဆင့် နည်းခြင်းသည် လေထုသန့်ရှင်းသည်ဟု ဆိုနိုင်ပြီး ကျန်းမာရေးအတွက် အန္တရာယ်နည်းပါး သည်ဟု ကောက်ချက်ချနိုင်သည်။ လေထုညစ်ညမ်း မှု ရှိ၊ မရှိ AQI အဆင့်ကို လေထုအတွင်းပါဝင်သည့် အမှုန်များအပေါ် သတ်မှတ်ခြင်းဖြစ်သည်။ ၂ ဒသမ ၅ မိုက်ခရိုမီတာ (PM 2.5 m) နှင့် ယင်းထက် ပိုမို သေးငယ်သော ပမာဏရှိသည့် အမှုန်ငယ်များ၏ ပါဝင်မှုကို အခြေခံ၍ တိုင်းတာခြင်းဖြစ်သည်။ ၎င်း အမှုန့်ငယ်သေးများသည် မျက်စိ၊ နှာခေါင်းနှင့် လည်ချောင်းတို့မှတစ်ဆင့် လူ့ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ပြီး နှလုံးသွေးကြောနှင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများကို ဖြစ်စေနိုင် ကြောင်း သိရသည်။
ဆိုးရွားလှသည့် မီးခိုမြူငွေ့ညစ်ညမ်းမှုများ
အာဆီယံဒေသတွင်း၌ ၁၉၉၁ ခုနှစ်၊ ၁၉၉၄ ခုနှစ်၊ ၁၉၉၇ ခုနှစ် ၂၀၁၅ ခုနှစ်များ ဆိုးရွားလှသည့် မီးခိုမြူငွေ့ညစ်ညမ်းမှုများ ဖြစ်ပေါ်ခဲ့ပြီး ၂၀၁၉ ခုနှစ် နှင့် ၂၀၂၀ ပြည့်နှစ်တို့အတွင်းက မြန်မာနိုင်ငံနယ်စပ် တာချီလိတ်မြို့တွင် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုဒဏ်များကို ခံစားခဲ့ရသည်။ အဆိုးရွားဆုံး ဖြစ်ရပ်မှာ ၁၉၉၇ - ၁၉၉၈ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ ၏ သစ်တောဧရိယာ အတွင်းရှိ သစ်ဆွေးမြေဧရိယာ ဟက်တာ ၁ ဒသမ ၈ သန်းမှ ၂ ဒသမ ၂ သန်းအထိ တောမီးလောင်ခြင်းကြောင့် မီးခိုးမြူငွေ့ ညစ်ညမ်းမှု ဖြစ်ပေါ်ခဲ့ပြီး ကာဗွန်ဒိုင်အောက်ဆိုက် ပမာဏ ၃၀၀၀ မှ ၉၄၀၀ မီဂါတန်အထိ ထုတ်လွှတ်ခဲ့ကာ ဒေသတွင်း နိုင်ငံများတွင် မီးခိုမြူငွေ့ညစ်ညမ်းမှုကို ခံစားခဲ့ကြရ ကြောင်း သိရသည်။
မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေး
ထို့ကြောင့် မြန်မာနိုင်ငံအပါအဝင် အာဆီယံ နိုင်ငံများမှ မီးခိုးမြူငွေ့ညစ်ညမ်းမှုကို လျှော့ချနိုင်ရေး အတွက် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ဆိုင်ရာ အာဆီယံသဘောတူညီချက်ကို ၂၀၀၂ ခုနှစ် ဇွန် ၁၀ ရက်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့၌ သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး ဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ထို့အတူ မြန်မာနိုင်ငံအနေဖြင့် အာဆီယံဒေသတွင်း သစ်ဆွေး မြေများ ရေရှည်တည်တံ့စေရေးနှင့် မီးခိုးမြူငွေ့ လျှော့ချရေးတို့အတွက် နိုင်ငံတကာအဖွဲ့အစည်းများ နှင့် ပူးပေါင်း၍ မဲခေါင်ဒေသတွင်း သစ်ဆွေးမြေများ ရေရှည်တည်တံ့ စေရေးဆိုင်ရာ စီမံကိန်း (Sustain-able Management of Peatland Ecosystems in Mekong Countries)၊ သစ်ဆွေးမြေနှင့် မီးခိုးမြူ ငွေ့ညစ်ညမ်းမှု လျှော့ချရေးစီမံကိန်း (ASEAN-EU Sustainable Use of Peatland and Haze Mitig-ation in ASEAN-SUPA)၊ မီးခိုးမြူငွေ့ ကင်းစင်ရေး အတွက် ရေရှည်တည်တံ့သော မြေယာစီမံခန့်ခွဲမှု ဆိုင်ရာစီမံကိန်း (Measurable Action for Haze-Free Sustainable Land Management in Southeast Asia-MAHFSA) များကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန မှ သိရသည်။
အထူးသဖြင့် တောမီးများနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုသည် မဲခေါင်နိုင်ငံများ အပါအဝင် အာဆီယံဒေသအတွင်း အရေးတကြီး ပူးပေါင်းဖြေရှင်းရမည့် ဒေသအတွင်း ပတ်ဝန်းကျင် ဆိုင်ရာ ပြဿနာတစ်ခုဖြစ်သည့်အတွက် မီးလောင် မှုနှင့် ဆက်စပ်သည့် မီးခိုမြူငွေ့အန္တရာယ်လျော့ပါး ရေးနှင့် အစိမ်းရောင် မြို့တော်များ တည်ထောင်ပြီး သန့်စင်သောလေရရှိမှု၊ သန့်ရှင်းသော ရေထောက်ပံ့ ပေးနိုင်မှု၊ ကောင်းမွန်သည့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု စသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အခြေခံ စံနှုန်းများကို အရှိန်အဟုန်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်ကြရန် အထူးလိုအပ်နေပြီဖြစ် ပါကြောင်း။ ။
ရည်ညွန်းကိုးကား - အာဆီယံ သစ်ဆွေးမြေဒေသ
စီမံအုပ်ချုပ်မှု မဟာဗျူဟာ



