ကလေးအလုပ်သမားပပျောက်ဖို့ တွဲလက်များဖြင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့

မေ(အလရ) 

 

ရုံးခန်းတစ်ခုအတွင်း စာရွက်စာတမ်းများစွာ ပြန့်ကျဲနေသည့် စားပွဲရှေ့တွင် မြတ်နိုးတစ်ယောက် “ကလေးအလုပ် သမားပပျောက်ရေး” ခေါင်းစဉ်ဖြင့် စာတမ်းရေးသားရန် အချက်အလက်များ ရှာဖွေစုဆောင်းနေခဲ့သည်။ သို့သော် စာတမ်းကို မည်သို့စတင်ရမည် စဉ်းစားရခက်နေသဖြင့် အနီးရှိ ဆရာမဖြစ်သူ ဒေါ်သူဇာထံသို့ လှည့်ကာ အကြံ တောင်းလိုက်သည်။ “ဆရာမ… သမီး ဒီခေါင်းစဉ်ကို ရေးချင်ပေမယ့် အချက်အလက်တွေကို ဘယ်လိုချိတ်ဆက် ရေးရမလဲ မသိသေးဘူး” စိတ်ရှုပ်သလို ပြောမိသည်။

 

ဆရာမက လက်ထဲရှိ ဖိုင်ကိုချလိုက်ကာ “စာတမ်းကောင်းတစ်ပုဒ်ရဖို့ဆိုတာ ကိုယ်ရေးမယ့် အကြောင်းအရာကို နားလည်ဖို့ အရေးကြီးတယ်။ အရင်ဆုံး ကလေးအလုပ်သမားဆိုတာ ဘာလဲ၊ ဘာကြောင့်ဖြစ်လာရလဲဆိုတာ စဉ်းစားကြည့်” ဟု မေးခွန်းထုတ်လိုက်သည်။ မြတ်နိုးက ခဏစဉ်းစားပြီး “ဆင်းရဲမှုကြောင့် ကလေးတွေအလုပ် လုပ်ရတာမျိုးလားဆရာမ”ဟု ပြန်ဖြေလိုက်သည်။

 

“ဟုတ်တယ် သမီး….တကယ်တော့ ကလေးအလုပ်သမားဖြစ်ရတဲ့ အကြောင်းရင်းများစွာရှိတယ်။ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံ စီးပွားရေးကဏ္ဍတစ်ခုနဲ့တစ်ခု ကွဲပြားမှုတွေရှိတဲ့အလျောက် မိသားစုဝင်ငွေနည်းပါးမယ်၊ မိဘတွေ အလုပ်အကိုင် မတည်ငြိမ်ဖြစ်မယ်၊ ပညာရေးအခွင့်အလမ်းတွေ မလုံလောက်မှုနဲ့ ကျောင်းစရိတ် မတတ်နိုင်ခြင်းတွေ ဖြစ်မယ်၊ မိသားစုရဲ့ အသိပညာနည်းပါးခြင်းနဲ့ ကလေးသူငယ် အခွင့်အရေးတွေအပေါ် နားလည်မှု မရှိခြင်းတွေအပြင် သဘာဝဘေး၊ ပဋိပက္ခ၊လူမှုစီးပွား အခက်အခဲတွေကြောင့် မိသားစုဘဝ ထိခိုက်လာတဲ့အခါ ကလေးတွေဟာ အသက်အရွယ်မတိုင်မီ အလုပ်သမားတွေဖြစ်လာကြရတယ်”

 

“ဆရာမ… အဲဒါဆို ကလေးအလုပ်သမားနဲ့ အလုပ်လုပ်တဲ့ကလေးကရော အတူတူပဲလားရှင့်”

 

“မတူဘူး……သမီး၊ “ကလေးအလုပ်သမား” ဆိုတာ ဥပဒေအရ သတ်မှတ်ထားတဲ့အသက်အရွယ်ထက် ငယ်ရွယ်ပြီး ဥပဒေအရခွင့်မပြုတဲ့ အလုပ်လုပ်ကိုင်နေရသူပေါ့၊ ထပ်ပြောရရင် ဥပဒေအရခွင့်ပြုပြီး အသက်ပြည့်သော်လည်း လုပ်ကိုင်ရတဲ့ လုပ်ငန်းအမျိုးအစား၊ အလုပ်ချိန်၊ အလုပ်လုပ်ကိုင်ရတဲ့ ကလေးပညာရေး၊ ကျန်းမာရေး၊ ကိုယ်ကာယ ဖွံ့ဖြိုးတိုးတက်မှု၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတွေကို ထိခိုက်စေတဲ့အလုပ်ကို လုပ်ကိုင်ရတဲ့ ကလေးဖြစ်တယ်။ “အလုပ်လုပ်တဲ့ကလေး”ဆိုတာကတော့ ကလေးသူငယ်တွေအနေနဲ့ နေအိမ်၊ မိသားစုပိုင် လယ်ယာအလုပ်ခွင်၊ မိသားစုပိုင် စီးပွားရေးလုပ်ငန်းတွေမှာ လုပ်ကိုင်ပြီး အခြားဝန်မပိတဲ့ အလုပ်အကိုင်အမျိုးအစားတွေ (ကျန်းမာရေး သို့မဟုတ် ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်အန္တရာယ်ဖြစ်ဖွယ်ရာမရှိတဲ့ အလုပ်အကိုင်မျိုး) လုပ်ကိုင်တဲ့ ကလေးမျိုး ဖြစ်တယ်”

 

“ဟုတ်ကဲ့ပါ ဆရာမ၊ အဲဒါဆို အလုပ်လုပ်တဲ့ကလေး အသက်အရွယ်ကိုရော သတ်မှတ်ထားသေးလားရှင့်”

 

“၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေရဲ့ ပုဒ်မ ၂ (က)၊ ၂ (ခ)နဲ့ ၂(ဂ) မှာ ကလေး၊ လူရွယ်နဲ့ လူငယ်ရဲ့ အဓိပ္ပာယ်ကို‌ ပြဋ္ဌာန်းထားပြီး ပုဒ်မ ၂(က)မှာ ကလေးဆိုတာ အလုပ်လုပ်ကိုင်နိုင်ရန် မှတ်ပုံတင်ဆရာဝန်က ခွင့်ပြုတဲ့ အသက်(၁၄) နှစ်ပြည့်ပြီး အသက် (၁၆) နှစ် မပြည့်သေးသူ၊ ပုဒ်မ ၂(ခ)မှာ လူရွယ်ဆိုတာ အသက် (၁၆) နှစ်ပြည့်ပြီး အသက်(၁၈)နှစ် မပြည့်သေးသူ၊ ပုဒ်မ ၂(ဂ) မှာ လူငယ်ဆိုတာ “ကလေး”နှင့် “လူရွယ်” ကိုဆိုလိုကြောင်း ပြဋ္ဌာန်းထားတယ်”

“အဲဒီသတ်မှတ်အသက်ထက် ကလေးက ငယ်နေမယ်ဆိုရင်ရော ဆရာမ ”

 

“၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေ ပုဒ်မ ၇၅ မှာ အသက်တစ်ဆယ့်လေးနှစ် မပြည့်သေးတဲ့ မည်သည့်ကလေးကိုမှ အလုပ်ရုံတခုခုတွင် အလုပ် မလုပ်ရ ဒါမှမဟုတ် လုပ်ခွင့်မပြုရဆိုပြီး ပြဋ္ဌာန်းထား တယ်၊ သမီး”

 

“ပညာရှာရမယ့်အရွယ်မှာ သူတို့လေးတွေတစ်နေ့ ဘယ်နှနာရီလောက် အလုပ်လုပ်နေရမလဲနော်”

 

“အသက်အရွယ် ကန့်သတ်ချက်တွေအပြင် အလုပ်ချိန်နဲ့ပတ်သက်ပြီးတော့လည်း အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန်ထောက်ခံချက် လက်မှတ်ရထားတဲ့ အသက် (၁၄)နှစ်ပြည့်ပြီး (၁၆)နှစ်မပြည့်သေးတဲ့သူတွေကို ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများအက်ဥပဒေပုဒ်မ ၇၉ မှာ တစ်နေ့ကို လေးနာရီထက် ပိုမခိုင်းဖို့နဲ့ ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်း မခိုင်းဖို့ ပြဋ္ဌာန်းထားတယ်။ အလုပ်ရှင်တွေအနေနဲ့ အလှည့်ကျခိုင်းစေတဲ့အခါမှာလည်း အလှည့်မထပ် စေဖို့၊ အလှည့်နှစ်လှည့်သာ လုပ်ကိုင်စေဖို့ သိထားရမှာဖြစ်ပြီး ကလေးပါဝင်တဲ့ အလှည့်ကျလူစုကို အလုပ်သမား ဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနရဲ့ သဘောတူညီချက်မရှိဘဲ တစ်လတစ်ကြိမ်  ထက်ပို၍ မပြောင်းလဲဖို့ကိုလည်း သိထားရန် လိုအပ်တယ်”

 

“သဘောပေါက်ပါပြီ ဆရာမ”

 

“အလုပ်ချိန်နဲ့ နားချိန်ဆိုရင်လည်း စုစုပေါင်း ငါးနာရီထက် မပိုစေရန်လည်း သတ်မှတ်ထားပြီး လူကြီးအဖြစ် အလုပ်လုပ်ရန်သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်ရရှိပြီး ဖြစ်တဲ့ အသက်(၁၆) နှစ်ပြည့်ပြီး အသက်(၁၈)နှစ် မပြည့်သေးသူအတွက် အလုပ်ချိန်ကို ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေပုဒ်မ ၆၂ အရ အလုပ်ချိန် နာရီပေါင်း ရှစ်နာရီထက်ပို၍ အလုပ်မလုပ်စေရန် (သို့မဟုတ်) လုပ်ခွင့်မပြုရန် ပြဋ္ဌာန်းထားသေးတယ်”

 

“အဲဒါဆို ဆရာမ၊ ကလေးနဲ့ လူကြီးအလုပ်ချိန် မတူတဲ့အတွက် ကလေးအလုပ်သမားတွေကို အလုပ်ချိန် ကျော်လွန် ခိုင်းစေခြင်းတွေမရှိဖို့ တရားဝင် အထောက်အထားရှိခြင်းက အလုပ်ရှင်နဲ့ အလုပ်သမားနှစ်ဦးလုံးအတွက် အကာအကွယ်တစ်ခု ဖြစ်နိုင်မလား ဆရာမ”

 

“ဟုတ်တယ် သမီး၊ အသက်အရွယ်မှန်မှန်သိမှ သင့်တော်တဲ့အလုပ်ချိန် သတ်မှတ်ပြီး ဥပဒေအတိုင်း အကာအကွယ်ပေး နိုင်မှာပေါ့။ အလုပ်လုပ်လိုတဲ့ လူငယ် (သို့) ၎င်းတို့ရဲ့မိဘ(သို့) အုပ်ထိန်းသူ (သို့) အလုပ်ခိုင်းစေလိုတဲ့ မန်နေဂျာအနေနဲ့ မှတ်ပုံတင် ဆရာဝန်ထံမှ အသက်(၁၄)နှစ်ပြည့်ပြီး အသက်(၁၆)နှစ်မပြည့်သေးသူအတွက် အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံ ချက်လက်မှတ် လိုအပ်မှာဖြစ်ပြီး အသက်(၁၆)နှစ် ပြည့်ပြီး အသက် (၁၈) နှစ်မပြည့်သေးသူအတွက် လူကြီးအဖြစ် အလုပ်လုပ်ရန် သင့်လျော်ကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက် လက်မှတ် လိုအပ်မှာဖြစ်တယ်”

 

“ဪ...”

“နောက်ပြီး အဲဒီလက်မှတ်ကို စက်ရုံ၊ အလုပ်ရုံ မန်နေဂျာအနေနဲ့ သိမ်းဆည်းထားရမှာဖြစ်ပြီး အလုပ်လုပ်ကိုင်လိုသူ မှလည်း လက်မှတ်ကို ဆောင် ထားရန် လိုအပ်တယ်။ ထောက်ခံချက်လက်မှတ်ရဲ့ သက်တမ်းက ထုတ်ပေးတဲ့နေ့မှ ၁၂ လ အတွက်သာ ဖြစ်တာ သိထားဖို့လိုမယ်”

 

“ဟုတ်ကဲ့ပါ ဆရာမ၊ သမီးကြားဖူးတဲ့ ကလေး မှတ်ပုံစာအုပ်ဆိုတာကရော ဘယ်လိုမျိုးနဲ့ ဘယ်အချက်အလက်တွေ ပါဝင်တာလဲရှင့်”

 

“ကလေးတွေကို အလုပ်ခိုင်းစေမယ်ဆိုရင် ကလေးမှတ်ပုံစာအုပ်ထားရှိရမှာဖြစ်ပြီး ခိုင်းစေတဲ့ အလုပ်ရုံမန်နေဂျာ တွေက အလုပ်လုပ်တဲ့ကလေး တိုင်းရဲ့ အမည်နဲ့ မိဘအမည်၊ ကလေးလုပ်တဲ့အလုပ် အမျိုးအစား၊ ထိုကလေးပါဝင်တဲ့ လူစုရှိမယ်ဆိုရင် ထိုလူစုက အလှည့်ကျအလုပ်လုပ်ရင် ကလေးကို မည်သည့်အလှည့်ကျ လူစုတွင် သတ်မှတ်ချထား ကြောင်းနဲ့ ကလေးအလုပ်လုပ်ရန် သင့်လျောကြောင်း မှတ်ပုံတင်ဆရာဝန် ထောက်ခံချက်လက်မှတ်ရဲ့ အမှတ်စဉ်တွေပါဝင်ရမှာဖြစ်ပြီး ပြဋ္ဌာန်းချက်နဲ့အညီ အခြားအကြောင်းအရာတွေ ဖော်ပြထားတဲ့ အလုပ်လုပ်တဲ့ ကလေးရဲ့ မှတ်ပုံစာအုပ်ကို ထားရှိ ရမှာဖြစ်တယ်”

 

“ဟုတ်ကဲ့ပါ ဆရာမ၊ အလုပ်ရှင်တွေက ကလေး မှတ်ပုံစာအုပ်ကို မဖြစ်မနေထားရှိရတဲ့ အကြောင်းကရော”

 

“အလုပ်လုပ်တဲ့ကလေးတွေရဲ့ အသက်၊ အလုပ်ချိန်၊ ကျန်းမာရေးနဲ့အခွင့်အရေးတွေကို စနစ်တကျ စောင့်ကြည့် ကာကွယ်နိုင်ဖို့၊ ဥပဒေနဲ့အညီ ကလေးတွေကို အလုပ်ခန့်ထားကြောင်း သက်သေပြနိုင်ဖို့နဲ့ ဥပဒေတွေကို လိုက်နာဖို့ ဖြစ်တယ်။ ဒါ့အပြင် မှတ်ပုံစာအုပ်ကို အလုပ်ချိန်အတွင်း စစ်ဆေးရေးအရာရှိက အချိန်မရွေးကြည့်ရှုနိုင်ဖို့ ထားရှိရမယ်။ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနက အလုပ်လုပ်တဲ့ကလေး မှတ်ပုံစာအုပ်ပုံစံ၊ ထိုမှတ်ပုံ စာအုပ်ကို ထားရှိရမယ့်နည်းလမ်း၊ မပျက်စီးအောင် ထိန်းသိမ်းထားရမယ့် ကာလအပိုင်းအခြားကိုလည်း သတ်မှတ်နိုင်တယ်”

 

“ဟုတ်ကဲ့ပါ”

 

“ကလေးတွေအတွက် မှတ်ပုံစာအုပ်ထားရှိခြင်းအပြင် အလုပ်ချိန်နဲ့ပတ်သတ်ပြီး သတ်မှတ်လုပ်ချိန် ကာလ အပိုင်းအခြား နို့တစ်စာကိုလည်း စနစ်တကျ အများမြင်သာတဲ့နေရာမှာ ကပ်ထားဖို့လိုမယ်။ အဲဒီလို ကပ်ထားခြင်းက အလုပ်လုပ်တဲ့ ကလေး ရော လူကြီးအလုပ်သမားပါ သူတို့အလုပ်ချိန်ကို ရှင်းရှင်းလင်းလင်းသိရှိပြီး အနားယူချိန်ကို မှန်ကန်စွာရရှိနိုင်တယ်။ အလုပ်ရှင်နဲ့ အလုပ်သမားအကြားလည်း နားလည်မှုကောင်းမွန်ပြီး အလုပ်သမား ဥပဒေကိုလည်း လိုက်နာပြီးသားဖြစ်တာပေါ့”

 

“ကလေးတစ်ယောက်ကို ဥပဒေနဲ့မညီဘဲ ကလေးအလုပ်သမားအဖြစ် ခိုင်းစေမိရင်တော့ ၁၉၅၁ ခုနှစ်၊ အလုပ်ရုံများ အက်ဥပဒေ ပုဒ်မ ၈၅အရ (၃) လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀ အောက်မနည်းသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ် ရပ်လုံးဖြစ်စေ ကျခံရမှာဖြစ်တယ်။ ၂၀၁၆ ခုနှစ်၊ ဆိုင်များနှင့် အလုပ်ဌာနများဥပဒေ ပုဒ်မ ၂၇ အရ လည်း ‌(၆)လထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံး ကျပ်သိန်း ၅၀ မှ အများဆုံးကျပ်သိန်း ၁၀၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမှာဖြစ်တယ်”

 

“ဆရာမ အခုရှင်းပြသွားတာ သမီးအတွက် တော်တော်လေး အထောက်အကူဖြစ်ပါတယ်ဆရာမ”

 

“အေးပါ သမီး၊ ကလေးအလုပ်သမား ပပျောက်ရေးအတွက် ဥပဒေနဲ့ကာကွယ်ပေးတာတွေအပြင် ကော်မတီတွေ ဖွဲ့စည်းပြီး ကာကွယ်စောင့်ရှောက်ပေးနေတာတွေလည်းရှိတယ်။ အဲဒါတွေကတော့ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီကို ဖွဲ့စည်းခဲ့တာဖြစ်ပြီး အမျိုးသားကော်မတီအောက်မှာ လုပ်ငန်းကော်မတီ (၈)ရပ် ဖွဲ့စည်းထားတယ်။ လုပ်ငန်းကော်မတီအလိုက် ဒုတိယငါးနှစ် လုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၈ ခုနှစ်) ပါ အညွှန်းကိန်းတွေကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်တယ်”

 

“မှတ်ထားပါ့မယ် ဆရာမ၊ ဒီအချက်တွေ ကို စာတမ်းထဲ သေချာထည့်ရေးလိုက်ပါ့မယ်။”

 

“ကောင်းပါတယ်။ စာတမ်းရေးတဲ့အခါ ကလေးတွေရဲ့ အခွင့်အရေးနဲ့အနာဂတ်ကိုပါ ထည့်စဉ်းစားရေးနော်သမီး”

 

“ဟုတ်ကဲ့ပါ ဆရာမ၊ ဒီစာတမ်းဆွေးနွေးရင်း ကလေးအလုပ်သမားပြဿနာက ကလေးတစ်ယောက်ချင်းစီရဲ့ ဘဝကို သာမက နိုင်ငံရဲ့အနာဂတ်ကိုပါ ထိခိုက်စေတယ်ဆိုတာ ပိုနားလည်လာပါတယ်ရှင့်”

 

“ဟုတ်တာပေါ့၊ ကလေးတွေဟာ အနာဂတ်ရဲ့ ခေါင်းဆောင်တွေ၊ နိုင်ငံရဲ့ အားအင်တွေ ဖြစ်ကြတယ်။ သူတို့လေးတွေ အချိန်မတန်ဘဲ လုပ်ငန်းခွင်မှာ ရောက်နေရ မယ့်အစား စာသင်ခန်းထဲမှာ ပညာသင်ယူနေရမှာ သမီး”

 

“ကလေးအလုပ်သမား ပပျောက်ဖို့ဆိုတာ အစိုးရတစ်ရပ်တည်းရဲ့ တာဝန်မဟုတ်ဘဲ လူ့အဖွဲ့အစည်းတစ်ခုလုံး ပူးပေါင်းပါဝင် ဆောင်ရွက်ရမယ့် တာဝန်ရှိတာပေါ့နော် ဆရာမ”

 

“ဟုတ်တယ် သမီး…လူတိုင်းမှာ တာဝန် ရှိတယ်။ အရေးကြီးဆုံးက မိဘတွေအနေနဲ့ ကလေးတွေရဲ့ ပညာသင်ယူခွင့်၊ ဖွံ့ဖြိုး တိုးတက်ခွင့်တွေကို အလေးထားအားပေးရ မှာဖြစ်သလို အလုပ်ရှင်တွေအနေနဲ့ကလည်း ကလေးတွေကို အလုပ်ပေးပြီး ခေါင်းပုံဖြတ် အသုံးချခြင်းတွေမှ ရှောင်ကြဉ်ရမှာ ဖြစ် တယ်။ ဒါ့အပြင် လူမှုရေးအသင်းအဖွဲ့တွေနဲ့ ပြည်သူလူထုတစ်ရပ်လုံးက ကလေးအခွင့် အရေးတွေကို ဝိုင်းဝန်းကာကွယ်စောင့်ရှောက် ပေးရန်လည်း လိုအပ်တယ်။ ပြောရရင် လူတိုင်းက ကိုယ်စီတာဝန်သိစိတ်နဲ့ ပူးပေါင်း ဆောင်ရွက်ကြမှသာ ကလေးအလုပ်သမား ပြဿနာကို ထိရောက်စွာ လျှော့ချနိုင်ပြီး ကလေးတိုင်း လုံခြုံပျော်ရွှင်စွာ ပညာသင်ယူ နိုင်မယ့် အနာဂတ်ကို ဖန်တီးနိုင်မှာ သမီး။ ဒါပေမယ့် ကိုယ်တိုင်လည်း ဒီပြဿနာကို အရေးတယူစဉ်းစားပြီး တတ်နိုင်သမျှ ကူညီ ဆောင်ရွက်ဖို့ လိုတာပဲ”

 

“ဒီနေ့ ဆွေးနွေးမှုကနေ ကလေးတိုင်း စာသင်ခွင့်ရဖို့၊ သူတို့ရဲ့ အိပ်မက်တွေ မပျောက်သွားဖို့ဆိုတာ ကိုယ်တွေ လည်း ဝိုင်းဝန်းကာကွယ်ပေးသင့်တယ်ဆိုတာ ပိုပြီးသဘောပေါက်လာပါတယ် ဆရာမ”

 

“ဟုတ်တယ်… ကလေးတစ်ယောက်ရဲ့ အနာဂတ်ကို ကာကွယ်ပေးနိုင်ခြင်းက လူ့အဖွဲ့အစည်း တစ်ခုလုံးရဲ့ အနာဂတ်ကို ကာကွယ်ပေးတာနဲ့အတူတူပဲ။ ဒါကြောင့် ကလေးအလုပ်သမားပြဿနာကို လူတိုင်းက အရေးတယူ သဘောထားပြီး ကိုယ်တိုင်ပါဝင်ဆောင်ရွက်မှသာ ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခုကို ဖန်တီးနိုင်မှာပေါ့ကွယ်။ အဲဒီ အသိပညာတွေ စာတမ်းထဲ ထည့်သွင်းရေးသားပြီး အခြားသူတွေကိုလည်း မျှဝေပေးနိုင်ရင် ပိုကောင်းတာပေါ့။ ကဲ…… ကလေးအလုပ်သမား ပပျောက်ရေးဟာ ကလေးတွေအနာဂတ်အတွက် အရေးကြီးတဲ့ အကြောင်းအရာဖြစ်လို့ နောက်တစ်ခါ အချိန်ရရင်လည်း ဆက်ဆွေးနွေးကြတာပေါ့”။   ။