
နေပြည်တော် အောက်တိုဘာ ၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ကလောမြို့နှင့် အောင်ပန်းမြို့တို့ရှိ ဒေသခံ မြို့မိမြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ယနေ့ မွန်းလွဲပိုင်းတွင် ကလောမြို့ရှိ စစ်ဦးစီးတက္ကသိုလ် ဧည့်ခန်းမဆောင်၌ တွေ့ဆုံဆွေးနွေးသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန် ရှိသူများ၊ ကလောမြို့နှင့် အောင်ပန်းမြို့တို့ရှိ ဒေသခံ မြို့မိမြို့ဖများနှင့် လုပ်ငန်းရှင်များ တက်ရောက် ကြသည်။
ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ကလောမြို့နှင့် အောင်ပန်း မြို့တို့ရှိ ဒေသခံမြို့မိမြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင် များအားကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် မိတ်ဆက်ပေးပြီး ဒေသခံ မြို့မိမြို့ဖများက တစ်ဦး ချင်း ပြန်လည်မိတ်ဆက်ကြသည်။
တင်ပြဆွေးနွေး
ယင်းနောက် ရပ်မိရပ်ဖများနှင့် စီးပွားရေး လုပ်ငန်းရှင်များက အောင်ပန်းမြို့နှင့် ကလောမြို့ အကြားတွင် ယာဉ်ရပ်နားစခန်းတစ်ခု တည်ဆောက် ပေးရန် လိုအပ်မှု၊ ကလောမြို့အတွက် သောက်သုံးရေ လုံလောက်စွာရရှိရေး ရေအရင်းအမြစ်များ ရှာဖွေ ဆောင်ရွက်ပေးရန် လိုအပ်မှု၊ ဒေသအတွင်း ကျေးရွာ ချင်းဆက်လမ်းများ၊ မြို့တွင်း လမ်းများပြင်ဆင်ပေးရန် နှင့် ဖောက်လုပ်ဆဲဖြစ်သည့် အောင်ပန်း-အင်းတိန် ဘုရားသွားကားလမ်းအား ဆက်လက်ဆောင်ရွက် ပေးမည်ဆိုပါက ခရီးသွားလုပ်ငန်းနှင့် လူနေမှုစနစ် တိုးတက်ရေးအတွက် အထောက်အကူဖြစ်စေနိုင်မှု၊ အောင်ပန်းမြို့တွင် လူဦးရေထူထပ်များပြားလာပြီး ပွဲရုံလုပ်ငန်းများနှင့် အခြားစီးပွားရေးလုပ်ငန်းများ များပြားလာသည့်အတွက် မြို့ကွက်များစနစ်တကျ ဖြစ်အောင် စီမံဆောင်ရွက်ပေးရန် လိုအပ်မှု၊ နန်းတိုင်း ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုဆောင်ရွက်ပေး ရန်အတွက် အဆင့်မြင့်ကျန်းမာရေးဝန်ထမ်းများ ဖြည့်ဆည်းပေးရန်လိုအပ်မှု၊ စိုက်ပျိုးရေးလုပ်ငန်းများ အတွက် လိုအပ်သည့် ဓာတ်မြေဩဇာများအား ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်မှု၊ ကလော မြို့မှ ထွက်ရှိသည့် စိုက်ပျိုးရေးသီးနှံများ အထွက်နှုန်း တိုးစေရန်နှင့် အရည်အသွေးပြည့်မီစွာ စိုက်ပျိုး နိုင်ရေး စိုက်ပျိုးရေးနည်းပညာနှင့် သက်ဆိုင်သည့် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးစေလိုမှု၊ တိုင်းရင်းသားများ စာပေသင်ကြားရေးနှင့် ပတ်သက် ၍ ဆရာ၊ ဆရာမများအား သင်တန်းများ ဖွင့်လှစ် ပေးရန် လိုအပ်မှု၊ အချို့ကျေးရွာများတွင် လမ်းပန်း ဆက်သွယ်မှုနှင့် လျှပ်စစ်မီးရရှိရန် လိုအပ်နေမှု စသည့် အခြေအနေများနှင့် အခြားလိုအပ်ချက်များကို တင်ပြဆွေးနွေးကြသည်။
ကျောင်းများဖွင့်လှစ်ပေးထား
ဆွေးနွေးတင်ပြမှုများအပေါ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က စိုက်ပျိုးရေးတွင် မျိုး၊ မြေ၊ ရေ၊ နည်းများ ကောင်းမွန် မည်ဆိုပါက အထွက်နှုန်း တိုးတက်ကောင်းမွန် လာမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနည်းပညာများ တတ်ကျွမ်းစေရေးအတွက် စိုက်ပျိုးရေးနှင့် သက်ဆိုင် သည့် ကျောင်းများ ဖွင့်လှစ်ပေးထားကြောင်း၊ ပညာ တတ်ကျွမ်းစေရန်အတွက်လည်း ပညာများအား အမှန်တကယ်သင်ကြားကြရန်လိုပြီး လက်တွေ့ စိုက်ပျိုးရေးလုပ်ငန်းများတွင် အသုံးချနိုင်ရမည်ဖြစ် ကြောင်း၊ အားငယ်သည့်စိတ်ဖြင့် ဆောင်ရွက်ခြင်း မရှိဘဲ ကြိုးစားဆောင်ရွက်ကြရန် လိုကြောင်း၊ တိုင်းရင်းသား စာပေသင်ကြားရေးအတွက် ဖြစ်အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းဖြင့် ပြန်လည် ဆွေးနွေးပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးများ ကလည်း သက်ဆိုင်ရာကဏ္ဍများအလိုက် လိုအပ် သည်များ ဆွေးနွေးခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် က မိမိတို့တာဝန်ယူချိန် ကာလအတွင်း ကလောမြို့နယ်နှင့် အောင်ပန်း မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်အတွက် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနိုင်ရန် ယခုကဲ့သို့ တွေ့ဆုံ ဆွေးနွေးရခြင်းဖြစ်ကြောင်း၊ ကလောမြို့သည် မြန်မာနိုင်ငံ၏ တောင်ပေါ်အပန်းဖြေမြို့ တစ်မြို့ ဖြစ်ပြီး ပူတာအို၊ ပြင်ဦးလွင်၊ ဟားခါး၊ သံတောင်ကြီး၊ ကလော စသည့်မြို့များကို တောင်ပေါ်အပန်းဖြေ မြို့တော်များဖြစ်စေရေး လုပ်ဆောင်လျက်ရှိကြောင်း၊ ကလောမြို့အား အပန်းဖြေမြို့အဖြစ် ဆောင်ရွက် ရာတွင် ပတ်ဝန်းကျင်သာယာလှပရေး ဒေသခံ ပြည်သူများက ဝိုင်းဝန်းဆောင်ရွက်ကြရန် လိုကြောင်း၊ မြို့သို့ လာရောက်ရာ လမ်းကြောင်းတစ်လျှောက်တွင် ထင်းရှူး၊ ခါတော်မီ၊ စိန်ပန်း၊ ချယ်ရီ အစရှိသည့် မျက်စိပသာဒကို ဖြစ်စေနိုင်သည့် အပင်များဖြင့် အလှဆင်စိုက်ပျိုးထားရန် လိုအပ်မည်ဖြစ်ကြောင်း၊ လမ်းများကိုလည်း အဆင့်မြှင့်တင်ပေးမည်ဖြစ် ကြောင်း၊ မြို့သာယာလှပရေးအတွက် သက်ဆိုင်ရာ ဌာနများက ဆောင်ရွက်သကဲ့သို့ မြို့နေပြည်သူများ အနေဖြင့်လည်း မိမိတို့အိမ်နှင့် ပတ်ဝန်းကျင်များ အား သန့်ရှင်းသာယာလှပအောင် ဆောင်ရွက်ရန် လိုကြောင်း၊ သဘာဝအလှ၊ ဖန်တီးသည့်အလှများ၊ ဒေသခံတို့၏ ဖော်ရွေသည့် စိတ်သဘောထားများ ကြောင့် မြို့၏ ဂုဏ်သတင်း မွှေးပျံ့လာပြီး ပြည်တွင်း၊ ပြည်ပမှ လာရောက်အပန်းဖြေသူများ များပြားလာ နိုင်ကာ ဝင်ငွေများရရှိ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည်ဖြစ်ကြောင်း၊ သဘာဝအလှ တရားများကို ဖန်တီးပေးရန်လိုပြီး ခရီးသွားများကို အမြင်၊ ရနံ့၊ ဒေသထွက် ထုတ်ကုန်များဖြင့် ဆွဲဆောင် နိုင်ရမည်ဖြစ်ကြောင်း၊ ကလောကို အခြေပြု၍ မြင်းတိုက်နှင့် ဟဲဟိုးကြား ကျောက်မီးသွေးခေါင်းတွဲ ဖြင့် မီးရထားခရီးစဉ်၊ ပြင်ဦးလွင်ကို အခြေပြု၍ ဇီးပင်ကြီးနှင့် နောင်ချိုကြား အပန်းဖြေခရီးစဉ်များ ပြေးဆွဲရန် စီစဉ်နေကြောင်း။
အောင်ပန်းမြို့သည် ရှမ်းပြည်နယ်(တောင်ပိုင်း) ၏ စီးပွားရေးမြို့ တစ်မြို့ဖြစ်ကြောင်း၊ ယခင်က မြို့ပြတည်ဆောက်ရေးအား စနစ်တကျဆောင်ရွက် ခဲ့ခြင်း မရှိခဲ့သဖြင့် မြို့အကွက် ကျမှုစနစ်အားနည်းမှု များ ဖြစ်ပေါ်လျက်ရှိကြောင်း၊ မြို့ပြတည်ဆောက် ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပညာရေး၊ ကျန်းမာရေး၊ အပန်းဖြေနေရာများအား စနစ်တကျ ဖြင့် ထည့်သွင်းတွက်ချက် တည်ဆောက်ရန်လိုပြီး တစ်ဖက်မှလည်း ရေဖူလုံစွာရရှိရေး၊ လျှပ်စစ်မီး ရရှိရေးတို့လည်း လိုအပ်မည်ဖြစ်ကာ သန့်ရှင်း သာယာလှပရေးအတွက် စည်ပင်သာယာများနှင့် ဒေသခံပြည်သူများ ပေါင်းစပ် ဆောင်ရွက်သွားရန် လိုကြောင်း။
မွေးမြူရေးများ စနစ်တကျဆောင်ရွက်
ဒေသနှင့် ပတ်သက်၍ စိုက်ပျိုးရေးလုပ်ငန်းများအဓိကဆောင်ရွက်သည့် ဒေသတစ်ခုဖြစ်ပြီး အဓိက အားဖြင့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်များအား အထွက်နှုန်းတိုးအောင် ဆောင်ရွက်ရန် လိုအပ် သကဲ့သို့ စားသုံးသူများ၏ လက်ဝယ်သို့လည်း အမြန်ဆုံးရောက်ရှိရန် လိုကြောင်း၊ အချို့သစ်သီး ဝလံများကို တာရှည်ခံစေရန်အတွက် အခြောက် ခံခြင်း၊ ယိုထိုးခြင်း၊ ဖျော်ရည်ပြုလုပ်ခြင်း စသည့် တန်ဖိုးမြင့်ထုတ်ကုန်များ ပြောင်းလဲထုတ်လုပ်မည် ဆိုပါက ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုအထောက် အကူ ဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ မိရိုးဖလာ စိုက်ပျိုး ရေးနည်းစနစ်များဖြင့်သာ ကျေနပ်နေ၍ မရဘဲ ခေတ်မီစိုက်ပျိုးရေးနည်းစနစ်များ အသုံးပြု၍ အထွက်နှုန်းကောင်းပြီး အရည်အသွေးပြည့်မီသည့် စိုက်ပျိုးရေးထုတ်ကုန်များ ထုတ်လုပ်နိုင်အောင် လုပ်ဆောင်ကြစေလိုကြောင်း၊ ကြက်၊ ဝက်၊ နွား မွေးမြူရေးများ စနစ်တကျဆောင်ရွက်ပြီး ဥ၊ အသား ထုတ်လုပ်ရေးအပြင် ဇီဝဓာတ်မြေဩဇာရရှိရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
ထိုသို့လုပ်ဆောင်နိုင်ရေးအတွက် အတတ်ပညာ၊ အသိပညာဖြင့် ပြည့်စုံသည့်ပညာရှင်များ လိုအပ် မည်ဖြစ်ကြောင်း၊ ကျောင်းပညာသင်ကြားရေးနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အတွင်း ပညာရေး အားနည်းမှုများရှိကြောင်း၊ ပညာရေးအားနည်းရခြင်း သည် ငွေကြေးအခက်အခဲရှိခြင်း၊ မိဘများ၏လုပ်ငန်း များတွင် ပါဝင်ကူညီဆောင်ရွက်ရခြင်းများကြောင့် ဖြစ်ကြောင်း၊ အထက်တန်းပညာနှင့် အဆင့်မြင့်ပညာ များ သင်ကြားရန် မဖြစ်မနေလိုအပ်ပြီး တက္ကသိုလ် ပညာသင်ကြားရေးနှင့် ပတ်သက်၍ အားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံတွင် အဆင့်မြင့်အတန်းပညာ တတ်မြောက်သူ အရေ အတွက်သည် ရာခိုင်နှုန်းအရ အလွန်နည်းပါးနေ ကြောင်း၊ ထို့ကြောင့် အသိပညာ၊ အတတ်ပညာများ နည်းပါးပြီး စီးပွားရေး၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်း များ ဆောင်ရွက်ရာတွင် လုပ်ငန်းခွင်အတွေ့အကြုံမှ လွဲ၍ အဆင့်မြင့်နည်းပညာများ တတ်ကျွမ်းမှု မရှိ ကြောင်း၊ ထို့ကြောင့် ပညာရည်မြှင့်တင်ရေးလုပ်ငန်း များကို ဆောင်ရွက်ရန်လိုပြီး မိမိတို့၏ ကလေးများ ၏ ပညာသင်ကြားရေးကို ဆောင်ရွက်ပေးရန် လိုကြောင်း။
နိုင်ငံတကာဈေးကွက်သို့တင်ပို့
စိုက်ပျိုးရေးနှင့် ပတ်သက်၍ မိမိတပ်မတော် ကာကွယ်ရေးဦးစီးချုပ် တာဝန် ထမ်းဆောင်စဉ် ကတည်းက အမြဲမပြတ် အားပေးဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တပ်မတော်မှ စိုက်ပျိုးရေးသုတေသနအဖွဲ့များဖြင့် အတတ်နိုင်ဆုံးကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးရေးသင်တန်းကျောင်း များ တက်ရောက်၍ စိုက်ပျိုးရေးပညာများ တတ်ကျွမ်းအောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ မွေးမြူရေးနှင့် ပတ်သက်၍လည်း ယခုဒေသတွင် အောင်မြင်စွာ ဆောင်ရွက်နိုင်မည့် သယံဇာတ အရင်း အမြစ်နှင့် အခြေအနေများစွာရှိကြောင်း၊ မျိုးကောင်း မျိုးသန့်များရရှိရေးနှင့် အခြားလိုအပ်သည်များကို လည်း အစိုးရမှ ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ဟဲဟိုးလေဆိပ်အား နိုင်ငံတကာ လေဆိပ်အဖြစ်သို့ အဆင့်မြှင့်တင်ရန် ဆောင်ရွက် လျက်ရှိပြီး အဆိုပါလေဆိပ်မှတစ်ဆင့် ဒေသထွက် ပစ္စည်းများအား ပြည်တွင်းရှိ အခြားဒေသများအပြင် နိုင်ငံတကာဈေးကွက်သို့ တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ချိန်တွင် အရည်အချင်းပြည့်ဝသည့် ဒေသတွင်း လူသားအရင်းအမြစ်များ လိုအပ်လာ မည်ဖြစ်ကြောင်း၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ယခုထက် ပိုမိုအောင်မြင်အောင် ဆောင်ရွက်နိုင်မှ သာ ဒေသ၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ် ကြောင်း၊ မိမိတို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်းရှိ ဒေသခံများကသာလျှင် ဦးဆောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် နိုင်ငံသာယာဝပြောရေးနှင့် တည်ငြိမ် အေးချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ စားနပ်ရိက္ခာပေါများရေးအတွက်လည်းဆောင်ရွက်လျက်ရှိကြောင်း။
ခရီးသွားမြို့တော်အဖြစ်လုပ်ဆောင်
ယခုကဲ့သို့ လာရောက်တွေ့ဆုံဆွေးနွေးပြောကြား ရခြင်းသည် ရည်ရွယ်ချက် နှစ်ခုရှိပြီး ကလောမြို့အား ခရီးသွားမြို့တော်အဖြစ် လုပ်ဆောင်ကြရန်နှင့် ဒေသတွင်း ထုတ်ကုန်ပစ္စည်းများနှင့် ပတ်သက်၍ အဆင့်မီပြီး အရည်အသွေးပြည့်ဝသည့် Quality Product များဖြစ်အောင် ဆောင်ရွက်ကြစေလိုခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ မိမိတို့၏ မျိုးဆက်သစ် ကလေးငယ်များ၏ အနာဂတ်တွင် တစ်ဦးချင်း၊ ဒေသ နှင့် တိုင်းပြည်အတွက် ကောင်းမွန်သည့်လမ်းကြောင်း များပေါ်တွင် လျှောက်လှမ်းနိုင်ရေး ဆောင်ရွက်ပေးနိုင်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ကလောမြို့နှင့် အောင်ပန်းမြို့တို့ရှိ ဒေသခံမြို့မိမြို့ဖများ၊ စီးပွားရေး လုပ်ငန်းရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပြီး လက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်