
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ မိုင်းနား KBC IDPs စခန်းအတွင်း မြို့နယ်အတွင်းမှ
ယာယီတိမ်းရှောင်လာသော ပြည်သူများအား ဒုတိယအကြိမ် သွားရောက်တွေ့ဆုံအားပေး၍ မိသားစုများ၊ ကလေးငယ်များ၊
ကိုယ်ဝန်ဆောင်များ၊ မသန်စွမ်းများအတွက် အခြေခံစားသောက်ကုန်များနှင့် ထောက်ပံ့ငွေများ ပေးအပ်
မြစ်ကြီးနား မတ် ၃၀
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း လတ်တလော နယ်မြေအခြေအနေအရ ဝိုင်းမော်မြို့နှင့် မိုင်းနား ကျေးရွာ၊ နောင်တာလော၊ နောင်ချိန်း၊ ခေတ်ချို ကျေးရွာများရှိ ဘာသာရေးကျောင်းများ၊ နီးစပ်ရာ ဆွေမျိုးနေအိမ်များတွင် ယာယီတိမ်းရှောင်လာခဲ့ကြ သော အိမ်ထောင်စုများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မတ် ၂၉ ရက် မွန်းလွဲ ၂ နာရီက မိုင်းနားကျေးရွာအတွင်းရှိ မိုင်းနား KBC IDPs စခန်း သို့ ဒုတိယအကြိမ် သွားရောက်တွေ့ဆုံအားပေး ထောက်ပံ့သည်။
ထိုသို့တွေ့ဆုံအားပေးထောက်ပံ့ရာတွင် ပြည်နယ် ဝန်ကြီးချုပ်က လတ်တလော နယ်မြေအခြေအနေ အရ နေရပ်ကျေးရွာများကို စွန့်ခွာပြီး တိမ်းရှောင်လာ ကြသည့် မိသားစုများအား စိတ်ဓာတ်ခွန်အားရရှိ စေရေး လာရောက်အားပေးခြင်းဖြစ်သည့်အပြင် နေထိုင်စားသောက်မှု အဆင်ပြေစေရေး၊ ဒုတိယ အကြိမ် လာရောက်ထောက်ပံ့ပေးခြင်း ဖြစ်ပါကြောင်း၊ ထို့အပြင် မိသားစုများ၏ လိုအပ်ချက်များကို ကူညီ ဖြေရှင်းပေးသွားမည့်အပြင် အခက်အခဲများကိုလည်း မိမိတို့အစိုးရအဖွဲ့နှင့် အတူတကွပူးပေါင်းဖြေရှင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း အားပေး ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ် ဝန်ကြီးများ၊ တာဝန်ရှိသူများက ဝိုင်းမော်မြို့နယ် အတွင်းရှိ အောင်မြင်(၁/၂)၊ ရွှေညောင်ပင်၊ ကဇူး၊ ဒဘတ်ယန်၊ စန်းကား၊ နောင်ဟီး၊ အင်းလေး၊ ရွာသစ် ကျေးရွာများမှ လာရောက်တိမ်းရှောင် ခိုလှုံလျက်ရှိ သော အိမ်ထောင်စု စုစုပေါင်း ၂၆၈ စု၊ လူဦးရေ ၁၁၄၁ ဦးတို့အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့က စုစုပေါင်းငွေကျပ် ၉၂၉၄၀၀၀ တန်ဖိုးရှိ ဆန်အိတ် ၆၇ အိတ်ခွဲ၊ ခေါက်ဆွဲခြောက် ၂၆၈ ဖာနှင့် ကြက်ဥ ၄၅ လုံးကို လည်းကောင်း၊ ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ဆန် ရိက္ခာဖိုး ငွေကျပ် ၆၄၂၁၅၀၀၀ ကို လည်းကောင်း၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနက သုံးနှစ်အောက် ကလေး ၄၀၉ ဦးတို့အတွက် ငွေကျပ် ၁၂၂၇၀၀၀၀၊ အသက် ၇၀ နှစ်နှင့်အထက် ဘိုးဘွား ၂၉၅ ဦးတို့ အတွက် ငွေကျပ် ၈၈၅၀၀၀၀၊ ကိုယ်ဝန်ဆောင်မိခင် ၆၄ ဦးတို့အတွက် ငွေကျပ် ၁၉၂၀၀၀၀၊ မသန်စွမ်း ၁၁၈ ဦးတို့အတွက် ငွေကျပ် ၃၅၄၀၀၀၀ ကို လည်း ကောင်း၊ မြန်မာနိုင်ငံ အမျိုးသမီးများနှင့် ကလေး သူငယ်များဘဝမြှင့်တင်ရေးအသင်း (MWCDF) က ငွေကျပ် ၁၈၉၃၁၀၀ တန်ဖိုးရှိ ဆန်အိတ် ၁၀ အိတ်၊ ခေါက်ဆွဲ ခြောက် ၁၅ ဖာ၊ ကလေးကစားစရာအရုပ်များ နှင့် မသန်စွမ်းအမျိုးသမီးများအတွက် အဝတ်အထည် များကို လည်းကောင်း၊ Humanity Inclusion (HI)က ငွေကျပ် ၄၃၂၀၀၀ တန်ဖိုးရှိ မသန်စွမ်းအမျိုးသား များအတွက် အဝတ်အထည်များကို လည်းကောင်း၊ ကချင် ပြည်နယ် အမျိုးသမီးများ လူမှုစီးပွားအကျိုးပြု စွမ်းဆောင်ရှင်များအသင်းက ငွေကျပ် ၂၂၄၀၀၀ တန်ဖိုးရှိ ကိုယ်ဝန်ဆောင်မိခင်များအတွက် လုံချည် များကိုလည်းကောင်း၊ စုစုပေါင်း ကချင်ပြည်နယ် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်း အသီးသီးက ပစ္စည်းနှင့်ငွေသားတန်ဖိုး ၁၀၂၆၃၈၁၀၀ ကို ထောက်ပံ့ပေးအပ်ကြသည်။
ဆက်လက်၍ ယာယီတိမ်းရှောင်လာသော ပြည်သူများက လတ်တလောနေထိုင်စားသောက်ရာ တွင် လိုအပ်ချက်များ၊ ကလေးငယ်များအတွက် လိုအပ်ချက်များနှင့် အခက်အခဲများကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က မိသားစုများ၏ လိုအပ်ချက် များကို အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့အတူ ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်း အတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပ ပြုလုပ်သည့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အရာထမ်း/ အမှုထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးအတွက် ရှစ်ရက်ကြာ ဖွင့်လှစ်ပေးခဲ့သော အင်္ဂလိပ်စာအခြေခံ Grammar & Speaking သင်တန်းဆင်းပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ ကမ္ဘာသုံးဘာသာ စကားတွင် အဓိကကျသည့် အင်္ဂလိပ်စာအခြေခံ နှင့် စကားပြောသင်တန်းကို ဖွင့်လှစ်ပေးခဲ့ ခြင်းသည် မိမိတို့၏ လုပ်ငန်းစွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်းဖြစ်သည့်အပြင် ဝန်ထမ်းများအနေ ဖြင့် သင်တန်းဆင်းပြီးပါကလည်း အဆက်မပြတ် လေ့ကျင့်ကြစေလိုကြောင်း တိုက်တွန်းမှာကြား သည်။
ဆက်လက်၍ သင်တန်းနည်းပြက သင်တန်း ဆိုင်ရာ အချက်အလက်များနှင့် သင်တန်းအပေါ် သုံးသပ်ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အစိုးရအဖွဲ့ အတွင်း ရေးမှူးတို့က သင်တန်းနည်းပြအတွက် ဂုဏ်ပြု ချီးမြှင့်ငွေများနှင့် အင်္ဂလိပ်စာ Grammar ပိုင်းတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရသင်တန်းသား/ သင်တန်းသူများနှင့် အင်္ဂလိပ်စာ Speaking ပိုင်းတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရ သင်တန်းသား/ သင်တန်းသူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြု မှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ကြရာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)