မြစ်ကြီးနား ဇွန် ၂၂
ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ် (အထက် မြန်မာပြည်)က ကြီးမှူး၍ အပြည် ပြည်ဆိုင်ရာ အိုလံပစ်နေ့ အထိမ်း အမှတ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ကို ဇွန် ၂၁ ရက် ညနေ ၄ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့အားကစား ကွင်းအတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကို ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းနှင့် ပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးကျော်မင်းခိုင်တို့က တာဝန်ရှိသူ များနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြပြီး ရိုးရာလက်ဝှေ့ပြိုင်ပွဲ ဒိုင်အဖွဲ့ဝင်များနှင့် ကြီးကြပ်ရေး အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် တွဲဆိုင်းငါးတွဲ၏ အကြိတ်အနယ် ယှဉ်ပြိုင်ထိုးသတ်မှုကို ကြည့်ရှု အားပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်က အာရှနဂါး(ကျားဖြူ) နှင့် အောင်မင်းထွန်း (စိန်နန်းတော်) တွဲဆိုင်းမှအနိုင်ရသည့် အာရှနဂါး (ကျားဖြူ)ကို အကောင်းဆုံး ကစားသမားဆုတံဆပ်နှင့် ချီးမြှင့် ငွေများကို လည်းကောင်း၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်နှင့် ပြည်နယ် ဝန်ကြီးများက တွဲဆိုင်းအလိုက် ဂုဏ်ပြုဆုတံဆိပ်နှင့် ချီးမြှင့်ငွေ များကိုလည်းကောင်း ထောက်ပံ့ ပေးအပ်သည်။
မြန်မာ့ရိုးရာ လက်ဝှေ့အဖွဲ့ ချုပ် (အထက်မြန်မာပြည်) အနေ ဖြင့် အဆိုပါရိုးရာလက်ဝှေ့ပြိုင်ပွဲ အပြင် လက်ရွေးစင်ကစားသမား ဟောင်းများပါဝင်သည့် သင်တန်း သားများအား ဇွန် ၂၀ ရက်မှ ၂၃ ရက်အထိ ရိုးရာလက်ဝှေ့ဒိုင် အဖြစ် သင်တန်းကို မြစ်ကြီးနား မြို့၌ ဖွင့်လှစ်ပို့ချပေးလျက်ရှိပြီး ရိုးရာ လက်ဝှေ့ပြိုင်ပွဲကို ဇွန် ၂၃ ရက်အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
(ပြည်နယ် ပြန်/ဆက်)



