
မြစ်ကြီးနား သြဂုတ် ၂၄
ကချင်ပြည်နယ်အတွင်းရှိ ပြည်သူများ စက်သုံးဆီနှင့် စပ်လျဉ်း၍ စိုးရိမ်ပူပန်မှု မဖြစ်ပေါ်စေရေး၊ ပုံမှန် ဝယ်ယူအသုံးပြုနိုင်ရေး၊ စက်သုံးဆီပြတ်လပ်မှုမရှိစေ ရေးနှင့် ပြည်သူများသို့ ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချနိုင်ရေးအတွက် ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီအဖွဲ့ဝင်များ၊ ဆီဆိုင်လုပ်ငန်းရှင်များနှင့် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို သြဂုတ် ၂၄ ရက် နံနက် ၁၀ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပသည်။
စက်သုံးဆီလုံလောက်မှုရှိရေးဆောင်ရွက်
အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ရက်ပိုင်းအတွင်း စက်သုံးဆီ ပြတ်လပ်မည့် မမှန်သတင်း၊ ကောလာဟလများ ကြောင့် ပြည်သူများ စိုးရိမ်ပူပန်မှုဖြစ်ပေါ်ပြီး တန်းစီဝယ်ယူမှုများဖြစ်ပေါ်ခဲ့ပါကြောင်း၊ ကချင် ပြည်နယ်အနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အတွက် တည်ဆောက်ရေးလုပ်ငန်းများတွင်လည်း ကောင်း၊ ပြည်သူများ နေ့စဉ်လုပ်ငန်းများ ဆောင်ရွက် ရန်အတွက် သွားလာလှုပ်ရှားရာတွင်လည်းကောင်း စက်သုံးဆီသည် မရှိမဖြစ်လိုအပ်သည့်အတွက် နိုင်ငံတော်မှလည်း စက်သုံးဆီလုံလောက်မှုရှိစေရေး စီမံဆောင်ရွက်ပေးထားကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူများ စက်သုံးဆီအခက်အခဲကြောင့် ဝန်ထုပ် ဝန်ပိုး မဖြစ်ပေါ်စေရေး၊ စက်သုံးဆီလုပ်ငန်းရှင်များ အနေဖြင့် သတ်မှတ်စည်းမျဉ်းစည်းကမ်းနှင့်အညီ ပုံမှန်ရောင်းချနိုင်ရေးအတွက် အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်း၍ အဖြေရှာဆောင်ရွက်ရမည် ဖြစ် ကြောင်း၊ ထို့အပြင် တရားမဝင် လုပ်ငန်းများတွင် စက်သုံးဆီများ ဖြန့်ဖြူးရောင်းချမှုမရှိစေရေး ထိန်းချုပ်ဆောင်ရွက်သွားရန်နှင့် အလေးထား လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မှာကြား သည်။
ထို့နောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးဦးက ပြည်နယ် အတွင်း လအလိုက် စက်သုံးဆီကားများ ဝင်ရောက်မှု အခြေအနေနှင့် ဆီဆိုင်များ စစ်ဆေးကြပ်မတ်နိုင်ရေး နှင့် တရားမဝင်လုပ်ငန်းများတွင် စက်သုံးဆီဖြန့်ဖြူး မှုမရှိစေရေး ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ် များကို သုံးသပ်ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ကော်မတီအဖွဲ့ဝင်ပြည်နယ်အဆင့် ဌာန ဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ များ၊ စက်သုံးဆီလုပ်ငန်းရှင်များက စက်သုံးဆီ ပြတ်လပ်မှုမရှိစေရေး၊ ညွှန်ကြားချက်များအပေါ် လိုက်နာဆောင်ရွက်ရေးနှင့် စစ်ဆေးကြပ်မတ်ခြင်း၊ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည့် အစီအမံ များ၊ မြို့များအလိုက် စက်သုံးဆီဝင်ရောက်မှု အခြေအနေနှင့် ရောင်းချပေးနေမှုအခြေအနေများ၊ လုပ်ငန်းရှင်များဘက်မှ စက်သုံးဆီခွဲတမ်းရရှိမှု အခြေ အနေ၊ သယ်ယူရာတွင် ကြုံတွေ့ရသည့် အခက်အခဲ များ၊ ရည်ညွှန်းဈေးနှုန်းသတ်မှတ်ရာတွင် လမ်းခရီး အခက်အခဲ၊ ကားငှားရမ်းခ ဈေးနှုန်းမြင့်မားလာမှု အပေါ် မူတည်၍ ညှိနှိုင်းပေါင်းစပ်ပေးရန် ကိစ္စရပ် များကို အသီးသီးဆွေးနွေးတင်ပြကြရာ ပြည်နယ် ဝန်ကြီးချုပ်က ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ဆက်လက်၍ အဆိုပါ အစည်းအဝေးခန်းမ၌ ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာအုပ်စု ဆယ်ဇင်း ဒေသမှ ယာယီတိုက်ပွဲရှောင်ပြည်သူများအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့က ငွေကျပ်သိန်း ၁၀၀ ထောက်ပံ့ပေးအပ်ပွဲကို ဆက်လက်ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။
ထောက်ပံ့ငွေပေးအပ်
ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ယာယီတိုက်ပွဲရှောင်ပြည်သူများအတွက် ကူညီထောက်ပံ့မှုပေးနိုင်ရေး စီမံဆောင်ရွက်ခဲ့မှု များနှင့် အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ အလှူရှင်များ၏ ကူညီလှူဒါန်းမှုမှ ငွေကျပ်သိန်း ၁၀၀ ထောက်ပံ့ သွားမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ယာယီတိုက်ပွဲရှောင်ပြည်သူ များအတွက် ထောက်ပံ့ငွေကျပ်သိန်း ၁၀၀ ကို မိုးညှင်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်ထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဖားကန့်မြို့နယ် ဟောင်ပါးကျေးရွာအုပ်စု ဆယ်ဇင်းဒေသမှ ယာယီတိုက်ပွဲရှောင်ပြည်သူများ အား ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဖားကန့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ ငွေများ ထောက်ပံ့ခြင်း၊ ဆန်အိတ်များနှင့် ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လူတစ်ဦးလျှင် တစ်ပတ်စာဆန်ရိက္ခာဖိုး ငွေကျပ် ၂၁၀၀ နှုန်းဖြင့် လူဦးရေ ၂၃၁၂ ဦးအတွက် ထောက်ပံ့ငွေကျပ် ၄၈ သိန်း၊ မြန်မာနိုင်ငံကြက်ခြေနီ ကြီးကြပ်မှုကော်မတီက ခြုံစောင် ၃၉၄ ထည်၊ ခြင်ထောင် ၁၉၇ လုံး၊ ပစ္စည်းအမျိုးအစား ၁၁ မျိုးပါ လူသုံးကုန်ပစ္စည်းဖာ ၁၉၇ ဖာ၊ အမျိုးသားတစ်ကိုယ် ရေသန့်ရှင်းရေးသုံးပစ္စည်း ၁၉၇ ဖာ၊ အမျိုးသမီး တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်း ၁၉၇ ဖာတို့ကို ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)