
နေပြည်တော် သြဂုတ် ၂၃
ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်(ဟောင်း) ဒေါက်တာခက်အောင်၊ ဝန်ကြီး(ဟောင်း)များဖြစ် ကြသော ဦးနေဝင်း၊ ဦးဇော်ဝင်း၊ ဦးဝေလင်း၊ ဦးဝင်းညွန့်တို့နှင့် ဆက်စပ်တာဝန်ရှိ ပုဂ္ဂိုလ်များအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနှင့်အညီ လိုအပ်သလို စုံစမ်းစစ်ဆေးအရေးယူနိုင်ရန် တိုင်ကြား ခြင်းနှင့် စပ်လျဉ်း၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့သည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက် အရ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီး ချုပ်(ဟောင်း) ဒေါက်တာခက်အောင်၊ ပြည်နယ် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး (ဟောင်း) ဦးဝေလင်းနှင့် ပြည်နယ် လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး (ဟောင်း) ဦးဝင်းညွန့်တို့သည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ၌ မူလလျာထားချက်တွင် ပါရှိခြင်းမရှိသည့် မြစ်ကြီးနား-ဗန်းမော်လမ်း AC ကတ္တရာ ထပ်ပိုးလွှာ ခင်းခြင်း ၂၃ မိုင် လုပ်ငန်းကို နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ နှင့်အညီ တင်ဒါ ခေါ်ယူ ဆောင်ရွက်ခြင်းမရှိဘဲ နိုင်ငံတော်သို့ အပ်နှံရမည့် ငွေကျပ်သန်း ၁၁၀၀၇ ဒသမ ၀၀၉ ဖြင့် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုအား လုပ်ငန်းဆောင်ရွက်ခွင့် ပြုခဲ့ခြင်း၊ QC အဖွဲ့၏ စစ်ဆေးချက်အရ လမ်းအရည် အသွေး မပြည့်မီသဖြင့် ပြန်လည်ပြုပြင်ရခြင်း၊ စာချုပ်စည်းကမ်းနှင့်အညီ ဆောင်ရွက်မှု မရှိခြင်း တို့ကြောင့် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းများကို ထိခိုက်နစ်နာ ဆုံးရှုံးစေခဲ့ကြောင်း။
ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီး ချုပ်(ဟောင်း) ဒေါက်တာခက်အောင်၊ ပြည်နယ် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး (ဟောင်း) ဦးဝေလင်းနှင့် ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး (ဟောင်း) ဦးလဆိုင်း (ခ) ဦးဒါရှီလဆိုင်း တို့သည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ၂၀၂၀ ပြည့်နှစ် အတွင်း ဖမ်းဆီးရမိသည့် သလင်းကျောက် တန်ချိန် ၁၀၀၀၀ ကို လေလံစနစ်ဖြင့် ရောင်းချခဲ့ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ တင်ဒါ လုပ်ထုံးလုပ်နည်းနှင့်အညီ လိုက်နာ မှုမရှိခြင်း၊ ကချင်ပြည်နယ် သတ္တုတွင်းဦးစီးဌာန၏ ဒေသပေါက်ဈေး သတ်မှတ်မှု တစ်တန်လျှင် ငွေကျပ် ၆၀၀၀၀ ဖြစ်သော်လည်း၊ တစ်တန်လျှင် ငွေကျပ် ၃၆၀၀၀ဖြင့် ဈေးနှုန်းလျှော့၍ ကုမ္ပဏီ နှစ်ခု အား တန် ၅၀၀၀ စီ ခွဲဝေရောင်းချခဲ့သဖြင့် တန် ၁၀၀၀၀ အတွက် နိုင်ငံတော်ဘဏ္ဍာငွေကျပ်သန်း ၂၄၀ နစ်နာဆုံးရှုံးစေခဲ့ခြင်း၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး၏ အမိန့်ကြော်ငြာစာအမှတ်(၇၀/၂၀၂၀)အရ သလင်းကျောက် ရောင်းချရရှိငွေ၏ ၂၀ ရာခိုင် နှုန်းဖြစ်သော ငွေကျပ် ၇၂ သန်းကို ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေသို့ ပေးသွင်းမှုမရှိခြင်းတို့ကြောင့် နိုင်ငံတော်ဘဏ္ဍာငွေများ ဆုံးရှုံးစေခဲ့ကြောင်း။
နိုင်ငံတော်ငွေကြေးများ နစ်နာဆုံးရှုံး
ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် (ဟောင်း) ဒေါက်တာခက်အောင်နှင့် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး(ဟောင်း) ဦးဝေလင်း တို့သည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က ကချင် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ဧည့်ဂေဟာ နှစ်ထပ်ဆောင် ဆောက်လုပ်ရာတွင် ၂၀၁၈-၂၀၁၉တွင် သုံးစွဲခွင့် မရှိသည့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ပြည်နယ် အထွေထွေပိုလျှံ ရန်ပုံငွေ (General Reserve Fund- GRF) မှ ငွေကျပ် ၁၄၉၂ ဒသမ ၄၀၀ သန်းကို ထပ်မံသုံးစွဲရာတွင် ပြည်နယ်ရသုံးမှန်းခြေ ငွေစာရင်း ဦးစီးဌာနက ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနှင့် မကိုက်ညီကြောင်း တင်ပြခဲ့သော်လည်း ပြည်နယ် အစိုးရအဖွဲ့က ဆက်လက်သုံးစွဲ ဆောင်ရွက်ခဲ့ခြင်း ကြောင့် နိုင်ငံတော်၏ ငွေကြေးများ ထိခိုက်နစ်နာ ဆုံးရှုံးစေခဲ့ကြောင်း။
ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီး ချုပ်(ဟောင်း) ဒေါက်တာခက်အောင်နှင့် ပြည်နယ် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး (ဟောင်း) ဦးဝေလင်းတို့သည် နိုင်ငံရေးရာထူး လက်ရှိဖြစ်ခဲ့စဉ်က ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မြေမြင့်ရပ်ကွက်အတွင်း ကတ္တရာလမ်းသစ်ခင်းခြင်း နှင့် ကွန်ကရစ်ရေပြွန် နှစ်စင်း တည်ဆောက်ခြင်း၊ တပ်ကုန်းရပ်ကွက်အတွင်း ကတ္တရာခင်းခြင်းနှင့် ကွန်ကရစ်တံတား တည်ဆောက်ခြင်း၊ ဒူကထောင် ရပ်ကွက် ကတ္တရာလမ်းသစ်ခင်းခြင်းနှင့် ကွန်ကရစ် ရေပြွန်သုံးစင်း တည်ဆောက်ခြင်းလုပ်ငန်း သုံးခု အတွက် စုစုပေါင်း တန်ဖိုးငွေကျပ် ၂၄၈ သန်းကျော် ကို နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ တင်ဒါ လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ဒါခေါ်ယူဆောင်ရွက်မှု မရှိခြင်း၊ ပုဂ္ဂလိကကုမ္ပဏီ တစ်ခုသို့ လုပ်ကိုင်ခွင့်ပြုပေးခဲ့ခြင်းတို့သည် နိုင်ငံတော်၏ ဘဏ္ဍာငွေ ထိခိုက်နစ်နာ ဆုံးရှုံးစေခဲ့ ခြင်းဖြစ်ကြောင်း။
ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး(ဟောင်း) ဦးဇော်ဝင်း သည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ပြည့်နှစ်အတွင်း နယ်စပ်စစ်ဆေးရေး ဂိတ်တာဝန်ခံ ဝန်ထမ်းများထံမှ သစ်သီးဂျပ်ဖာများ၊ ငွေနှင့် ပစ္စည်းတန်ဖိုး ငွေကျပ် ၂၁ သိန်းခန့်ကို လက်ခံရယူခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲ သုံးစားပြု၍ တံစိုးလက်ဆောင် လက်ခံရယူခဲ့ခြင်း ဖြစ်ကြောင်း။
ကချင်ပြည်နယ် ဘဏ္ဍာ၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး(ဟောင်း) ဦးဝေလင်းသည် နိုင်ငံ ရေး ရာထူးလက်ရှိဖြစ်ခဲ့စဉ်က ၂၀၁၉ ခုနှစ်အတွင်း ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တည် လမ်းတွင် ဖမ်းဆီး ရမိသော ဓာတ်မြေဩဇာများ လေလံတင်ရောင်းချ ရရှိငွေကျပ် ၅၂၅ သန်းကျော်အနက် ဖမ်းဆီးရာ တွင်ပါဝင်သော အဖွဲ့များကို ဆုကြေးငွေကျပ် ၁၅၇ သန်းကျော်ကို ခွဲဝေပေးရာတွင် ၎င်းအတွက် ငွေကျပ် ၅၇ သန်းကျော်ကို ဥပဒေနှင့်မညီဘဲ အကျိုးခံစားခွင့် ရယူခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခြင်း ဖြစ်ကြောင်း။
ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဘဏ္ဍာ၊ အခွန်၊ စီမံ ကိန်းနှင့် စီးပွားရေးဝန်ကြီး(ဟောင်း) ဦးဝေလင်း သည် ၂၀၂၀ ပြည့်နှစ်အတွင်း မိုးကောင်းမြို့နယ် NLD ပါတီရုံး ဆောက်လုပ်ရန်အတွက် အကြောင်းပြ ကာ ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်း လုပ်ကိုင် လျက်ရှိသော ကုမ္ပဏီပိုင်ရှင်များထံမှ စုစုပေါင်း ငွေကျပ်သိန်း ၃၀၀ တောင်းခံရယူခဲ့ကြောင်း။
ကချင်ပြည်နယ်အစိုးရအဖွဲ့၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး (ဟောင်း) ဦးလဆိုင်း (ခ) ဦးဒါရှီလဆိုင်းသည် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ပြည့်နှစ်အတွင်း ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ ပြည်နယ် NLD ပါတီရုံးနှင့် ဖားကန့်မြို့နယ် NLD ပါတီရုံး ဆောက်လုပ်ရန် အတွက် အကြောင်းပြကာ ကျောက်မျက်လုပ်ငန်းရှင် များထံမှ စုစုပေါင်း ငွေကျပ်သိန်း ၉၆၀ ကို တောင်းခံ ရယူခဲ့ကြောင်း။
ကချင်ပြည်နယ် အစိုးရအဖွဲ့၊ လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး (ဟောင်း) ဦးဝင်းညွန့်သည် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်အတွင်း ဝိုင်းမော်မြို့နယ် NLD ပါတီရုံး ဆောက်လုပ်ရန် အကြောင်းပြကာ ပြည်နယ်အတွင်း စီးပွားရေးလုပ်ငန်းရှင်များထံမှ ငွေကျပ်သိန်း ၂၀၀ ကို လည်းကောင်း၊ နေပြည်တော် ပါတီသုတေသနရုံး လိုအပ်သော ပစ္စည်းများဝယ်ယူရန် အကြောင်းပြကာ ငွေကျပ်သိန်း ၂၅၀ တို့ကိုလည်းကောင်း တောင်းခံ ရယူခဲ့ခြင်းသည် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှုကျူးလွန်ခြင်း ဖြစ်ကြောင်း။
တရားစွဲဆို အရေးယူနိုင်ရေး
ကချင်ပြည်နယ် စည်ပင်သာယာရေးနှင့် လူမှု ရေးဝန်ကြီး(ဟောင်း) ဦးနေဝင်း၊ ကချင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး(ဟောင်း) ဦးနော်လီ(ခ) ဇခေါင်ခမ်းရယ်နှင့် ကချင်ပြည်နယ် စည်ပင်သာယာ ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုးနိုင်တို့သည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း လုပ်ထုံးလုပ်နည်းနှင့်မညီဘဲ တရားဝင်သုံးစွဲခွင့်မရှိ သည့် လိုင်စင်မဲ့မော်တော်ယာဉ် ၂၃စီးအတွက် စက် သုံးဆီ၊ ယာဉ်ပြင်ဆင်စရိတ်၊ အကြီးစားပြင်ဆင် စရိတ် စုစုပေါင်းငွေကျပ် ၂၁၉ သန်းကျော်ကို ထုတ်ယူသုံးစွဲခဲ့၍ နိုင်ငံတော်၏ ငွေကြေးများ ထိခိုက်နစ်နာ ဆုံးရှုံးစေခြင်းဖြစ်ကြောင်းတို့ကို စစ်ဆေးပေါ်ပေါက်သဖြင့် ဝန်ကြီးချုပ်(ဟောင်း) ဒေါက်တာခက်အောင်၊ ပြည်နယ်ဝန်ကြီး(ဟောင်း)များ ဖြစ်ကြသော ဦးဝေလင်း၊ ဦးဝင်းညွန့်၊ ဦးလဆိုင်း (ခ) ဦးဒါရှီလဆိုင်း၊ ဦးနော်လီ (ခ) ဇခေါင်ခမ်းရယ်၊ ဦးဇော်ဝင်းနှင့် ဦးနေဝင်းတို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ လည်းကောင်း၊ ကချင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြား ရေးမှူး ဦးစိုးနိုင်အပေါ် ယင်းဥပဒေ ပုဒ်မ ၅၆ အရ လည်းကောင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့မ ရဲစခန်းတွင် ယနေ့ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင် ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိသည်။
သတင်းစဉ်