
မြစ်ကြီးနား နိုဝင်ဘာ ၄
မြန်မာပြည်မြောက်ဖျား မြန်မာ့မီးရထားလမ်းဆုံး ဖြစ်သော ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရှိ မြန်မာ့ မီးရထားဘူတာရပ်ဝန်းအား စီးပွားရေး၊ လူမှုရေး ဧရိယာတစ်ခုအဖြစ် အဆင့်မြှင့်တင်တည်ဆောက် နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ပြည်နယ်အစိုးရ အဖွဲ့ရုံး မလိခခန်းမ၌ နိုဝင်ဘာ ၃ ရက် မွန်းလွဲ ၂ နာရီတွင် ကျင်းပသည်။
မြန်မာ့မီးရထား မြစ်ကြီးနားဘူတာရပ်ဝန်း အဆင့်မြှင့်တင်တည်ဆောက်နိုင်ရေးနှင့် ပတ်သက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော်၏ မူဝါဒ၊ လမ်းညွှန်မှာကြားချက်များနှင့်အညီ မိမိတို့ အနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိတည်ရှိနေသည့် မြစ်ကြီးနားဘူတာရုံကို ပြည်နယ်၏ ကုန်သွယ်စီးပွားရေး ရပ်ဝန်းတစ်ခုအဖြစ် ခေတ်နှင့်လျော်ညီပြီး မြို့တော်အင်္ဂါရပ်နှင့်အညီ အဆင့်မြှင့်တင်တည်ဆောက်နိုင်ရေးအတွက် ညှိနှိုင်း ပေါင်းစပ်ဆွေးနွေး၍ အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
အချက်အချာကျသည့် နေရာတစ်ခုဖြစ်
ထို့နောက် ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးရေး အများပိုင်ကုမ္ပဏီလီမိတက် (KSID) တာဝန်ခံက မြစ်ကြီးနားဘူတာရုံရပ်ဝန်း အဆင့် မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် အစိုးရ- ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှု (PPP) အဆိုပြုစီမံကိန်း လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက အဆိုပြုစီမံကိန်းလုပ်ငန်းနှင့် ပတ်သက်၍ စီမံကိန်း အချက်အလက်များအပေါ် အကြံပြု သုံးသပ်ဆွေးနွေး တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနား ဘူတာရုံသည် ပြည်နယ်၏ ကုန်သွယ်စီးပွားရေး အချက်အချာကျသည့် နေရာတစ်ခုဖြစ်သည့်အတွက် အဆင့်မြှင့်တင်နိုင်ရေးကို လုပ်ထုံးလုပ်နည်းများနှင့် အညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
ပြည်နယ်(ပြန်/ဆက်)