
နေပြည်တော် နိုဝင်ဘာ ၁၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးသည် နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းက ကော့သောင်းမြို့ ဗစ်တိုး ရီးယား ဟိုတယ်ခန်းမတွင် တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ လယ်ယာကဏ္ဍ ဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ ရေထွက်ပစ္စည်းများ၏ ပြည်ပပို့ကုန် ၃၀ ရာခိုင်နှုန်းကို တနင်္သာရီ တိုင်းဒေသကြီး ရေလုပ်ငန်းကဏ္ဍက ဖြည့်ဆည်းပေးလျက်ရှိရာ ယင်းလုပ်ငန်း များ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုးချဲ့ ဆောင်ရွက်နိုင်ရေးအတွက် ဘက်စုံ ထောင့်စုံမှ ကြိုးပမ်းလျက်ရှိကြောင်း၊ ဒေသနေပြည်သူများအနေဖြင့် လုပ်ခ လစာရရှိသော လုပ်ငန်းများတွင် အခစား များအဖြစ် လုပ်ကိုင်နေမှုသာမက ကိုယ်ပိုင်လုပ်ငန်းများ စွန့်ဦးတီထွင် လုပ်ကိုင်လိုပါက ရေလုပ်ငန်း၊ မွေးမြူရေး လုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်ရေးမှာ အဓိက ကျသဖြင့် မိမိတို့ဝန်ကြီးဌာနက အားပေး ကူညီလျက်ရှိပါကြောင်း။
အလားတူ သီးနှံ၊ သား၊ ငါး၊ ကုန်ကြမ်း များကို အခြေခံသည့် ကုန်ချောထုတ်လုပ် မှုများ ဆောင်ရွက်နိုင်ရေး၊ အဆိုပါလုပ်ငန်း များကို တည်ထောင်ပေးခြင်းဖြင့် ပြည်ပ ထွက်ခွာလုပ်ကိုင်ဆောင်ရွက်နေမှုများကို လျှော့ချပြီး မိမိဒေသမှာပင် အခြေချ လုပ်ကိုင်နိုင်ရေးကို ရည်မှန်း၍ ဝန်ကြီး ဌာနအောက်ရှိ တာဝန်ရှိသူများအနေဖြင့် ကျရာ အခန်းကဏ္ဍများက စီမံဖြည့်ဆည်း ပေးကြစေလိုကြောင်း၊ နိုင်ငံတော်၏ မူဝါဒ၊ ဝန်ကြီးဌာန၏ လုပ်ငန်းတာဝန် ဦးတည်ချက်၊ မျှော်မှန်းချက်များ အောင်မြင်ရေးအတွက် တည်ဆဲဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ နိုင်ငံ့ ဝန်ထမ်းများ၏ စွမ်းဆောင်နိုင်မှုသည် အရေးပါကြောင်း၊ ဝန်ကြီးဌာနရှိ ဝန်ထမ်း များ၏ အရည်အသွေးနှင့် တွေးခေါ် သုံးသပ်နိုင်စွမ်းများ တိုးတက်စေရေး၊ သက်ဆိုင်ရာ ဘာသာရပ်များအလိုက် ကျွမ်းကျင်မှု မြင့်မားလာစေရန်အတွက် အပြင် နည်းပညာများကို လိုအပ်သူများထံ လွှဲပြောင်းပေးရာတွင် ဒစ်ဂျစ်တယ်နည်း ပညာများကို အသုံးချပြီး စဉ်ဆက်မပြတ် လေ့လာနိုင်ရေးကို တာဝန်ရှိသူအဆင့်ဆင့် တို့က အလေးထားပြုစုပျိုးထောင်ပေး ရန်လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်၊ လယ်ယာမြေစီမံခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးသက်နိုင်ဦးနှင့် တိုင်းဒေသကြီး တာဝန်ခံများက လုပ်ငန်းကဏ္ဍများ အလိုက် တင်ပြဆွေးနွေးကြသည်။
တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေး လုပ်ငန်း၏ အဓိကလိုအပ်ချက်တစ်ခု ဖြစ်သည့် မျိုးကောင်းမျိုးသန့် မျိုးစေ့များ ဖူလုံစွာသုံးစွဲနိုင်ရေး၊ သဘာဝမြေဩဇာ နှင့် ဓာတ်မြေဩဇာ အချိုးအစားများ မှန်ကန်ထိရောက်စွာ အသုံးပြုနိုင်ရေး၊ ဆီအုန်းသီးနှံ စိုက်ပျိုးထုတ်လုပ်ခြင်း အတွက် ဆီသီးခိုင် အရည်အသွေးမြင့်မား ရေးနှင့် လေလွင့်မှုလျှော့ချနိုင်ရေးအတွက် အကောင်းဆုံး ဆီသီးခိုင်ခူးချိန်ကို လေ့လာစမ်းစစ်ဖော်ထုတ်ပေးရန်၊ လူတိုင်း အခြေခံစားသုံးသည့် ဟင်းသီးဟင်းရွက်ကို လတ်ဆတ်ဖူလုံစွာ စိုက်ပျိုးစားသုံးနိုင်ရေး အတွက် ဒေသဟင်းသီးဟင်းရွက်မျိုးများ နှင့် ခေတ်မီနည်းစနစ်များ ဖြန့်ဖြူးပေးရန်၊ အခြေအနေပေးသည့် နေရာဒေသများ တွင် မိသားစုစိုက်ခင်းများ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရေး အတွက် လက်တွေ့ဆန်ပြီး အမှန်လုပ်ကိုင် ဆောင်ရွက်နိုင်သည့် နည်းလမ်းများကို လိုအပ်နေသူများ လက်ဝယ်အရောက် ဖြန့်ဖြူးပေးရေး၊ ရေလုပ်သားများ ဘေးကင်းလုံခြုံရေးနှင့် ရေရှည်အသက် မွေးဝမ်းကျောင်းအတွက် လုပ်ငန်း ကျွမ်းကျင်မှုမြှင့်တင်ပေးသော သင်တန်း များ ဆောင်ရွက်ပေးရန် စသည့် လိုအပ် ချက်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်